
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအားကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းစဉ်များတွင် အပြည့်အဝပါဝင် ဆောင်ရွက်သွားမည်
နေပြည်တော် နိုဝင်ဘာ ၂၄
(၁၄)ကြိမ်မြောက် အာဆီယံ + ၃ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ+၃ မိတ်ဖက် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီး များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံနှင့် မိတ်ဖက် ၃ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများက အမှာစကားများ ပြောကြားကြ သည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံ ဒေသတွင်း တုံ့ပြန်နိုင်စွမ်းအား ခိုင်မာအားကောင်းစေ ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး” အပေါ် မိမိတို့နိုင်ငံ အလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ ချမှတ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အလေးပေးဆောင်ရွက်လျက် ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးမဟာဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွား ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွား ရေးဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် MERP ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲ
အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် တုံ့ပြန်နိုင်စွမ်းအားကောင်းသော မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲရာတွင် အားလုံးပူးပေါင်းပါဝင်နိုင်သော ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းကြောင်းများတွင် အမျိုးသမီးများ၊ လူငယ်များ၊ ထိခိုက်လွယ်အုပ်စုများ ပါဝင်နိုင်အောင် ဦးစားပေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအားကောင်း ပြီး ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် အာဆီယံဒေသတွင်း မိတ်ဖက် ၃ နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီး များက အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးစီမံချက်မူဘောင် (၂၀၂၁-၂၀၂၅) ပါ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အာဆီယံ ဒေသတွင်းနိုင်ငံများမှ အဆိုပြုထားသော လုပ်ငန်း များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်