ကသာမြို့နယ်အနီး ဧရာဝတီမြစ်အတွင်း သဲသောင်ထွန်းမှု ကျယ်ပြန့်

 

ကသာ နိုဝင်ဘာ   ၂၄


ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းကို  ပြုပြင် ထိန်းသိမ်းရေးစီမံချက်နှင့်   အစီအမံများ   ဆောင်ရွက်လျက်ရှိသော်လည်း ယခုနှစ်တွင် ကသာမြို့နယ်အနီး  ဧရာဝတီမြစ်အတွင်း   သဲသောင်ထွန်းမှုမှာ ပိုမိုကျယ်ပြန့်လာလျက်ရှိကြောင်း သိရသည်။

 


ဧရာဝတီမြစ်သည်  မြစ်ကြီးနားမှ ရန်ကုန်အထိ ရေလမ်းခရီး စုစုပေါင်း ၂၀၀၀ ကီလို မီတာခန့်ရှိပြီး ဗန်းမော်မှ ရန်ကုန်အထိ ရေလမ်းခရီးမှာ ၁၃၃၂ ကီလို မီတာရှိသည်။ ယခုအခါ လွန်ခဲ့သောနှစ်များထက် မြစ်အတွင်း   သဲသောင်ထွန်းမှု    ကျယ်ပြန့်လာရာ ကသာမြို့နယ် အနီးရှိ ဧရာဝတီမြစ်ရေပြင် အကျယ် ပေ ၂၀၀၀ ကျော်ခန့်ရှိသောနေရာ၌ ရေပြင်အကျယ်မှာ ပေ ၁၅၀၀ ခန့်သာရှိပြီး ကျန်နေရာအများစုတွင် သဲသောင်ထွန်းမှုဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ 

 


ဧရာဝတီမြစ်ရေတိုးချိန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်သော်လည်း ရေထုညစ်ညမ်း မှုကို   ဖြစ်ပွားစေသော    ပလတ်စတစ်အမှိုက်များ မျောပါမှုမြင့်တက်လာခြင်း နှင့်  သဲထုတ်လုပ်ငန်း၊ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့်လည်းကောင်း၊ ကမ်းပြို ခြင်းကြောင့် လည်းကောင်း ဧရာဝတီမြစ်ကြောင်း ပျက်စီးဆုတ်ယုတ်မှု တိုးပွားလာခဲ့ကာ  မြစ်ကြောင်းများ တိမ်ကောလာခြင်း၊  မြစ်ရိုးပြတ်ရွေ့ခြင်းများ  ဖြစ်ပေါ်လာခြင်းတို့ကြောင့်  သဲသောင်ထွန်းမှုမြင့်တက်လာကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

 


ခရီးသည်နှင့်  ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း တွင် ရေကြောင်းခရီးသည်   ကုန်ကျစရိတ် အသက်သာ ဆုံးဖြစ်ရာ ပြည်တွင်းကုန်စည်စီးဆင်းမှုအတွက် အဓိကကျသော    ဧရာဝတီ မြစ်နှင့်  ချင်းတွင်းမြစ်ကြောင်း ကောင်းမွန်ရေးသည်  အထူးအရေးကြီးပြီး ပျက်စီးစေသော    သွင်ပြင်လက္ခဏာများဖြစ်သည့်  သဲသောင်ထွန်းမှုများကို  ပြုပြင်ထိန်းသိမ်းရန်လည်း လိုအပ်ကြောင်း သိရသည်။ 

 


ယခင် မြစ်ကျိုးအင်းရှိခဲ့သော  နေရာများမှာ  ကိုင်း/ကျွန်းများဖြစ်သွား၍  အဆိုပါနေရာ များတွင် သီးနှံ စိုက်ပျိုးသူများ   ရွှေ့ပြောင်းနေရာယူလာကာ နေရာတည်မြဲရေးအတွက်    ရေကာရိုက်ခြင်း၊ ရေလွှဲမြောင်းများ   ပြုလုပ်ခြင်းများကလည်း        မြစ် ရေစီးလမ်းကြောင်းကို ပြောင်းလဲစေကာ သဲသောင် ထွန်းမှုကို ဖြစ်ပေါ်စေကြောင်း သိရသည်။    

ငွေအိုး (ကသာ)