
နေပြည်တော် နိုဝင်ဘာ ၂၃
ဥပဒေရေးရာဝန်ကြီးဌာန၏ စီးပွားရေးစာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် အခြားသော ပြည်ထောင်စုဝန်ကြီးဌာနများအတွက် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်၍ သင်တန်းတက်ရောက်ပြီး သော အရာထမ်းများမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆင့်ပွားသင်တန်းများ ပို့ချနိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ တို့သည် ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်း ကာလမှာ နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိဖြစ်ကြောင်း။
လိုက်နာဆောင်ရွက်ရမည်
ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တရား မျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာရည်မှန်းချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီး ဌာနအပါအဝင် ဝန်ကြီးဌာနများမှ စာချုပ်စာတမ်းပြုစု စိစစ်ရသည့် တာဝန်ရှိသူများအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများပြုစုခြင်း၊ စိစစ်အကြံပြုခြင်းတို့တွင် အချိန်နှင့်တစ်ပြေးညီ အရည်အသွေး ပြည့်မီ သော ဥပဒေအကြံဉာဏ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်များချုပ်ဆို ရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်အမိန့်ကြော်ငြာစာ အမှတ် (၄၁/၂၀၁၈) ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားကြောင်း၊ စာချုပ်များသည် တင်ဒါခေါ်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ပါက နိုင်ငံတော် သမ္မတရုံး၏ တင်ဒါဆိုင်ရာညွှန်ကြားချက် (၁/၂၀၁၇) နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူလုပ်ကိုင်ခြင်းများအတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) ကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အရည်အသွေးများ ပိုမိုမြင့်မားလာမည်
စီးပွားရေးလုပ်ငန်း စာချုပ်များသည် လုပ်ငန်းသဘော သဘာဝ အပေါ်မူတည်၍ စာချုပ်အမျိုးအစား အမျိုးမျိုးကွဲပြားနိုင်သော်လည်း အခြေခံမူဘောင် သဘောတရားများကို သိရှိနားလည်ရန် အရေးကြီး ကြောင်း၊ ယခုသင်တန်းတက်ရောက်သည့် ဌာနဆိုင်ရာအရာရှိများ အနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ဥပဒေ အခြေခံသဘောတရားများကို စာတွေ့လက်တွေ့ လေ့လာနိုင်ခြင်း အားဖြင့် အရည်အသွေးများ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြော ကြားသည်။ သတင်းစဉ်