ရန်ကုန်စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ခရီးသည်တင်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော်  နိုဝင်ဘာ ၂၂ 
ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည်  ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်    စက်မှုဇုန်စွန့်ပစ္စည်းများ   သိမ်းဆည်းစုဆောင်းစွန့်ပစ်သည့်      ဝန်ဆောင်မှု လုပ်ငန်းနှင့်  အဆိုပါလုပ်ငန်းအတွက်လိုအပ်သည့်   လုပ်ငန်းသုံးပစ္စည်းများ    ပြည်ပမှတင်သွင်းခြင်းမပြုဘဲ ပြည်တွင်း၌  ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင် ရွက်လျက်ရှိသည့်   TYTC Services Co., Ltd. သို့ သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို အဆိုပါ ကုမ္ပဏီ၏     အုပ်ချုပ်မှုဒါရိုက်တာ   ဦးသန်းဝင်းနှင့် ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးတို့က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏    ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်      ပြင်ဆင်ထားရှိမှု အခြေအနေ၊  တွေ့ကြုံနေရသည့်  အခက်အခဲများနှင့်  ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို   ဆွေးနွေးတင်ပြရာ   ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းအမြန်စတင်ဆောင်ရွက်နိုင်ရေး အတွက်    သက်ဆိုင်ရာဌာန၊   အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့်    အစီအစဉ်၊   စက်မှုဇုန် စွန့်ပစ်အမှိုက်များ  သိမ်းဆည်းစုဆောင်းစွန့်ပစ်ရာ တွင် သက်ဆိုင်ရာ  စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ လုပ်ငန်းရှင်များနှင့်  ညှိနှိုင်းဆောင်ရွက်ရမည့် အခြေ အနေများကို     ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ ပြီး လုပ်ငန်းများ   ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင် ရေးနှင့်ပတ်သက်၍   လိုအပ်သည်များကို   အကြံပြု ဆွေးနွေးသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည် သာမြို့နယ်ရှိ ခံတွင်းနှင့်  တစ်ကိုယ်ရေကျန်းမာရေး ဆိုင်ရာထုတ်ကုန်များ   ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Colgate-Palmolive (Myanmar) Limited သို့  ရောက်ရှိပြီး စက်ရုံ၏လုပ်ငန်းလည်ပတ်မှု၊ ကုန်ပစ္စည်းထုတ်လုပ်နေမှုများကို  တာဝန်ရှိသူများက တင်ပြရာ    ပြည်ထောင်စုဝန်ကြီးက   သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေး   အစီအစဉ်များကို ကုမ္ပဏီ၏   လူမှုရေးဆိုင်ရာ တာဝန်ယူမှု   (Corporate Social Responsibility)   အစီအစဉ်များအဖြစ် ဆောင်ရွက်နိုင်ရေးနှင့်   ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး အတွက်   ကူညီဆောင်ရွက်ပံ့ပိုးပေးနိုင်မည့်   အခြေ အနေများကို အကြံပြုဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည်   မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ     ခရီးသည်တင်ယာဉ်များအား CKD စနစ်ဖြင့်   တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့်  ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် SC Auto (Myanmar) Co., Ltd. သို့ ရောက်ရှိရာ   ကုမ္ပဏီ၏   အုပ်ချုပ်မှုဒါရိုက်တာ Mr. Tan Siow Chua ၊ ဒါရိုက်တာ   Ms. Lee Swee Hoon တို့က   Video Conference စနစ်ဖြင့်လည်းကောင်း၊ ကုမ္ပဏီ၏ Sale & Marketing Manager ဒေါ်စုမြတ် နိုင်အောင်က   Power Point   ဖြင့်လည်းကောင်း မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေ၊  ပြည်တွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသည့် အခြေအနေနှင့် ထုတ်လုပ်ပြီး  လူစီးဘတ်စ်ယာဉ်များအား ပြည်ပသို့ တင်ပို့မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြရာ   ပြည်ထောင်စုဝန်ကြီး က ဈေးကွက်ချဲ့ထွင် နိုင်ရေးနှင့်   ပြည်ပသို့   မော်တော်ယာဉ်များ   တင်ပို့ ရောင်းချနိုင်ရေးအတွက်   ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊   သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများကို  တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ လျှပ်စစ်ခရီးသည်တင် ယာဉ်    (E-Bus)   များကို    ပြည်တွင်းဈေးကွက်၌ ထုတ်လုပ်ဖြန့်ချိနိုင်ရေးနှင့်  လိုအပ်သည့်ယာဉ်ပစ္စည်း အစိတ်အပိုင်းများ  တင်သွင်းရာတွင် အခက်အခဲများ မပေါ်ပေါက်စေရေးအတွက်  ဆက်လက်ဆောင်ရွက် ပေးမည့်  အစီအစဉ်များကို  ဆွေးနွေးညှိနှိုင်းဆောင် ရွက်ပေးသည်။ 
SC Auto သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်  ရန်ကုန်စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်   SC NEUSTAR အမှတ်တံဆိပ် ဥရောပစံချိန်စံညွှန်းမီ    ခရီးသည်တင်  ဘတ်စ်ကား များ     တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ     အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဘတ်စ်ကားစီးရေ ၆၀၀ အထိ    CKD စနစ်ဖြင့် ထုတ်လုပ်နိုင်ပြီး   ထုတ်လုပ်မှု၏   ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများသို့   တင်ပို့နိုင်ရန်   ပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။   အဆိုပါ ကုမ္ပဏီသည်  စင်ကာပူ နိုင်ငံတွင်   လျှပ်စစ်ဘတ်စ်ကားများ   ထုတ်လုပ်နိုင် ရေးအတွက်   သုတေသနလုပ်ငန်းများ   ဆောင်ရွက် လျက်ရှိပြီး နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ ၌လည်း လျှပ်စစ်ဘတ်စ်ကားများ    တပ်ဆင်ထုတ် လုပ်နိုင်ရေး  ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                
   သတင်းစဉ်