ကလေးအရွယ်ဆိုတာကလည်း အသိဉာဏ်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအရွယ်ဖြစ်တာမို့ အဲဒီအရွယ်လေးတွေအတွက် အသိပညာစာပေလေးတွေ မျှဝေပေးချင်မိတာကလည်း ရင်ထဲကဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်

ဝတ်ရည်ခင်(ပဲခူး)

==========

စာပေနှင့်ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိကအချက်အချာဖြစ်ပြီး ထိုနိုင်ငံအတွက် ကိုယ်စားပြုခြင်းဖြစ်ရာ ပြည်သူများအတွက် အသိပညာနှင့်အတွေးအခေါ် မြင့်မားစေမည့်စာပေများကို ရေးသားခဲ့ကြသော  စာရေးဆရာ၊ ဆရာမကြီးများအား နိုင်ငံတော်မှ နှစ်စဉ်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ရွေးချယ်ချီးမြှင့်လျက်ရှိသောကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေဆုများကို ထုတ်ပြန်ကြေညာခဲ့ရာ၌ စာပေဗိမာန်စာမူဆု ပထမဆုရရှိခဲ့ကြသော စာရေးဆရာ၊ ဆရာမများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
 

ဦးအောင်စိုး
အောင်စိုး(စိုက်ပျိုး/၁၀၇) 
သုတပဒေသာ(ရိုးရိုးသိပ္ပံ/အသုံးချသိပ္ပံ)    
၁၉၃၉  ခုနှစ်   ဇွန် ၂၅ ရက်မှာ မွေးတာဖြစ်ပြီး အဘအမည် ဦးရွှေ (မြန်မာ့ဆေးဆရာ)နဲ့ အမိ‌အမည် ကတော့ ဒေါ်မုန်းဖြစ်ပါတယ်။  ၁၉၆၈  ခုနှစ်မှာ ဘွဲ့ယူခဲ့တယ်။ ၁၉၉၈  ခုနှစ်မှာ  စာပေလောကကို စတင်ဝင်ရောက်ခဲ့တယ်ဆိုပေမယ့်   အဲဒီမတိုင်ခင် ၁၉၇၆ ခုနှစ်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ်ကတည်းက      မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှာ     ဝန်ထမ်းဘဝနဲ့ နေကြာတိုးချဲ့စိုက်ပျိုးရေး၊  သခွားမွှေးတိုးချဲ့စိုက်ပျိုး ရေး၊  ဖရဲစိုက်ပျိုးရေးတို့ကို  ရေးခဲ့ပါတယ်။   ၁၉၆၈ ခုနှစ်မှာ  ဘွဲ့ရရှိခဲ့ပါတယ်။  ကျွန်တော့်အထက်မှာ  စိုက်ပျိုးရေးဘွဲ့ရထားကြတာ     ၁၀၆    ယောက် ရှိခဲ့တာဆိုတော့ ကျွန်တော်က ၁၀၇ ယောက်မြောက် မို့လို့ ကလောင်အမည်ကို အောင်စိုး(စိုက်ပျိုး/၁၀၇)ဆိုပြီး ထည့်တာပါ။ 
ဒီစာမူအမည် “အရိပ်ရပင်များနှင့်  ပန်းအလှပင် များ တစ်ပိုင်တစ်နိုင်  စိုက်ပျိုး၍   စီးပွားဖြစ်လုပ်ကိုင် နိုင်မည့်နည်းလမ်းများ”    စာအုပ်ကို    ရေးဖြစ်တယ် ဆိုတာကလည်း တစ်ပိုင်တစ်နိုင်စီးပွားဖြစ် စိုက်ပျိုး ရေး လုပ်နိုင်တာကို ဆိုလိုတာပါ။  အလုပ်မရှိဘူးဆိုရင် ဒီစာအုပ်ထဲမှာပါတဲ့ စိုက်ပျိုးနည်းလမ်းပေါင်း ၅၀  နီးပါးထဲက တစ်မျိုးမျိုးကိုပဲ ဇောက်ချပြီး ပျိုးမယ်၊  လုပ်မယ်ဆိုရင်  စီးပွားဖြစ်လုပ်ကိုင်နိုင်တယ်ဆိုတဲ့ အကြောင်းကို ပြောထားတာပါ။ 
၁၉၉၈  ခုနှစ်မှာပဲ   စာပေဗိမာန်ဆုပြိုင်ပွဲမှာ “သုတပဒေသာ  (သိပ္ပံနှင့်အသုံးချပညာရပ်)”   ဆုကို “သန်းရှစ်ဆယ်ဖြစ်လာခဲ့လျှင်” စာမူဖြင့်  ပထမဆု ရရှိခဲ့ပါတယ်။  အဲဒီစာအုပ်ထဲမှာ  ဟင်းသီးဟင်းရွက် အမျိုးအစား ၁၀ မျိုးနဲ့  သစ်သီးဝလံ ၁၀ မျိုး ရေးထား ပါတယ်။ နောက်တစ်ခါ ၂၀၀၆ ခုနှစ်မှာ  “ထိပ်ဆုံးသို့  အမြန်ရောက်ဖို့.... စိုက်ပျိုးရေးနှင့် လှမ်းတက်စို့....” စာမူအမည်နဲ့     “သုတပဒေသာ    (သိပ္ပံနှင့်အသုံးချ ပညာရပ်)”ဆု   ပထမဆုရရှိခဲ့ပါသေးတယ်။   အဲဒီ စာအုပ်ကို ၂၀၀၈  ခုနှစ်မှာ  စာပေဗိမာန်စာအုပ်နဲ့     ရိုက်တဲ့အခါကျတော့     အဲဒီစာအုပ်က   အမျိုးသား စာပေဆုရရှိခဲ့တယ်။   
တစ်ခါ အဲဒီနောက်ပိုင်း  ၂၀၀၇  ခုနှစ်မှာတော့ “ပို့စ်ဟာဗက်ဆွတ်ခူးပြီး  နောက်ပိုင်းဝယ်” စာမူနဲ့ “သုတပဒေသာ(အသုံးချပညာရပ်)” ဆု   ပထမဆု ရရှိခဲ့ပါတယ်။  ပို့စ်ဟာဗက်ဆိုတာက သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေကို    ဆွတ်ခူးပြီးတဲ့အခါမှာ မပျက်စီးအောင် ထိန်းသိမ်းနည်း၊ သို‌လှောင်တဲ့နည်း၊  ပို့ဆောင်တဲ့နည်းတွေကိုရေးတာပါ။  ၂၀၀၉  ခုနှစ် မှာတော့ “သိပ္ပံနည်းကျ  လက်တွေ့အသုံးချ  စပျစ် စိုက်ပျိုးရေးနည်းပညာ”  စာမူနဲ့  ဒုတိယဆု၊  ၂၀၁၀  ပြည့်နှစ်မှာလည်း         အထက်ပါဘာသာရပ်မှာ  “အရေးကြီးသီးနှံများတွင်တွေ့ရှိသော   အာဟာရ ချို့တဲ့မှုနှင့် ယင်းတို့အား ကုစားနည်း”စာမူအမည်နဲ့ ဒုတိယဆု၊ ၂၀၁၂ ခုနှစ်မှာတော့ “သက်ရှည်ကျန်းမာ ချမ်းသာရေးအတွက်  လူတိုင်းနေ့စဉ်စားသုံးရမည့် သစ်သီးသုံးမျိုး၊ ဖရဲသီး၊ သခွား‌မွှေး၊  နဂါးမောက်” စာမူနဲ့ဒုတိယဆု၊ ယခု ၂၀၂၀ ပြည့်နှစ်အတွက်ကတော့  “အရိပ်ရပင်များနှင့် ပန်းအလှပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ”  စာမူအမည်နဲ့ ပထမဆုရရှိခဲ့ပါတယ်။  ဒီနှစ်ရတဲ့ဆု အပါအဝင် ပထမဆု လေးကြိမ်ရရှိခဲ့ပြီး  အမျိုးသား စာပေဆု တစ်ကြိမ်နဲ့   ဒုတိယဆု   သုံးကြိမ်ရရှိခဲ့ပါ တယ်။ အခုဆုနဲ့ဆို အားလုံးရှစ်ကြိမ်မြောက် ရရှိခဲ့ပါပြီ။   လက်ရှိအသက် (၈၄)နှစ်ရှိပြီ။ ကျွန်တော်က  ဆီးချို၊ သွေးတိုးဘာရောဂါမှမရှိဘူး။  ငယ်ငယ်ကတည်းက  အရက်၊  ဆေးလိပ်၊  ကွမ်းယာ  တစ်ခါမှမစားသလို လက်ဖက်ရည်၊   ကော်ဖီလည်း  သိပ်မကြိုက်ဘူး။ နောက်ပိုင်း   ရှေ့ဆက်ပြီးလည်း   စာဆက်ရေးနေဦးမှာ ဖြစ်ပြီး  လက်ရှိလည်း  ဒီနှစ်အတွက်   “ကမ္ဘာ့စားနပ် ရိက္ခာသီးနှံ  အာလူး”အကြောင်းရေးနေပြီး  စာအုပ် ထုတ်ဖို့လုပ်နေပါတယ်။
ဒေါ်ခင်ဝတ်ရည်
ဝတ်ရည်ခင်(ပဲခူး)
ကလေးစာပေဆု
“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ” စာမူအမည်နဲ့  ပထမဆုရရှိတဲ့ အပေါ်      တကယ်ကိုဝမ်းသာကြည်နူးမိပါတယ်။ ကလေးတွေအတွက်    ပညာရေး၊     ကျန်းမာရေး၊  သစ်ပင်သစ်တော   ချစ်တတ်လာရေးစတဲ့  ကဏ္ဍ ပေါင်းစုံတိုးတက်ဖွံ့ဖြိုးလာစေရန်      ရည်ရွယ်ပြီး  ကလေးတွေ   နိုင်ငံနဲ့လူမျိုးကို  ချစ်ခင်မြတ်နိုးစိတ်၊  အမျိုးဂုဏ်ကို ထိန်းသိမ်းလိုစိတ်၊ ပညာကိုမြတ်နိုးထား  သင်ယူလိုစိတ်၊         ယဉ်ကျေးမှုအမွေအနှစ်တွေ    ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊    ကြီးသူရိုသေ၊  ရွယ်တူလေးစား၊   ငယ်သူကိုသနားလိုတဲ့စိတ်တွေကို    ကလေးတွေမှာ     များပြားစွာ    ရှိစေချင်တဲ့အတွက် ကြောင့်   ဒီစာအုပ်လေးကို ရေးဖြစ်ခဲ့တာပါ။ စုစုပေါင်း ဝတ္ထုတို ၁၇ ပုဒ် ပါဝင်ရေးသားထားပါတယ်။ ဆရာမ မှာ မြေးလေး  နှစ်ယောက်ရှိတာဆိုတော့     သူတို့ လေးတွေဆီက တွေ့မြင်၊ တွေ့ကြုံနေရတဲ့  အဖြစ် အပျက်လေးတွေရယ်၊     သူတို့အရွယ်လေးတွေကို အသိပညာတွေပေးချင်တဲ့ စိတ်ဆန္ဒတွေ များနေတာ နဲ့ပဲ  ကလေးတွေအတွက် အသိပညာပေးဝတ္ထုလေး တွေ ရေးဖြစ်သွားတာပါ။
ကလေးအရွယ်ဆိုတာကလည်း    အသိဉာဏ် ဖွံ့ဖြိုးမှု  အားအကောင်းဆုံးအရွယ်ဖြစ်တာမို့ အဲဒီ အရွယ်လေးတွေအတွက် အသိပညာစာပေလေးတွေ မျှဝေပေးချင်မိတာကလည်း    ရင်ထဲကဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။  ကလေးစာပေတွေ   ဆိုတာကလည်း ရေးရင်းနဲ့ကို ကုသိုလ်ရနေတဲ့  စာပေဖြစ်ပါတယ်။ အရင်နှစ်က  ကလေးစာပေဝတ္ထုတို   ဒုတိယဆုကို တစ်ကြိမ် ရထားဖူးပါတယ်။  ဆရာမအနေနဲ့ ကလေး  စာပေတွေကို ဆက်လက်ရေးသွားပါမယ်။     စာပေ လောကကို  ၂၀၀၆  ခုနှစ်က   စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး    မင်္ဂလာမောင်မယ်မှာထူးချွန်တဲ့     လူငယ် ကလေးတွေအကြောင်း    ရေးသားရင်းနဲ့   စတင်ပြီး စာတွေ  ရေးသားခဲ့တာပါ။ စာပေဗိမာန်ဆုအပါအဝင်  လူငယ်ဆု၊ ကလေးစာပေဆုနဲ့ ပြဇာတ်စာပေဆုတွေရရှိထားပြီးပါပြီ။  ဆက်လက်ပြီး  စဉ်ဆက်မပြတ် ရေးသားနေမှာလည်း  ဖြစ်ပါတယ်။ စာဖတ်ပရိသတ် တွေကိုပြောချင်တာကတော့  စိတ်ကောင်းထားရင်  စာကောင်းထွက်ပါတယ်ဆိုတဲ့အတိုင်း  စာကောင်း  ပေမွန်လေးတွေကို         အသက်ရှင်နေထိုင်နိုင်တဲ့ အချိန်အထိ   ရေးသားသွားမှာပါ။     ကလေးဝတ္ထုလေး တွေကို  အသိပညာဗဟုသုတများစွာနဲ့ လက်တွေ့ ကျကျရေးသားထားတာဖြစ်ပြီး  ယနေ့ခေတ်ကလေး တွေဟာဆိုရင်  အသိဉာဏ်ပညာကြွယ်ဝမှုက ရှိရမယ့် ဦးနှောက်အသိထက် ပိုတော်နေကြတာ  များသော အားဖြင့်   တွေ့ရတာဆိုတော့  ဆရာမတို့က  သူတို့ တော်နေ၊  ထက်နေတာကို  စာဖတ်ခြင်းဖြင့်    ပိုပြီး လင်းလက်တောက်ပစေချင်တာပါ။         
ဦးသိန်းဆောင်
မြေလတ် မင်းလွင်
စာပဒေသာဆု
ကျွန်တော့်ဇာတိက မကွေးမြို့နယ်  သစ်ရာ ကောက်အုပ်စု   စမ်းကြီးရွာကဖြစ်ပြီး   ကျွန်တော့် အသက် (၆၇)နှစ်ရှိပြီဖြစ်ပါတယ်။  ၁၉၈၅  ခုနှစ် ကစပြီး   စာပေလောကထဲ     ဝင်ရောက်ခဲ့တာပါ။ အခုပထမဆုရတဲ့ ဒီစာမူအမည်ဖြစ်တဲ့  “ဆိုင်းဂီတဖြင့် တိုင်းပြည်ကိုအလှဆင်ခြင်း(သို့) အလင်္ကာကျော်စွာ  စိန်စတင်း” မှာ ရေးထားတဲ့ အဓိပတိဆိုင်းဆရာကြီး၊  အလင်္ကာကျော်စွာ ဆိုင်းပညာရှင်ကြီး ဦးစိန်စတင်း ဟာဆိုရင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ ဆုံးသွား ခဲ့ပါပြီ။ ဒီစာမူကို ရေးဖြစ်တာ ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၃ ရက်မှာ ပွဲလုပ်မယ်ပေါ့။  ပွဲလုပ်ပြီးရင် ဒီစာအုပ်ကို တပည့်တွေကို ဝေမယ်ပေါ့ဗျာ။ ဒါနဲ့   တပည့်တွေကို   ဝေဖို့အတွက်   ကျွန်တော့်ကို အကူညီတောင်းခဲ့တဲ့အခါမှာ ကျွန်တော်နဲ့ ဆိုင်းဆရာ စိန်စတင်းနဲ့က   ရင်းနှီးနေတာဆိုတော့   အဲဒီပွဲမှာ ထုတ်ဖို့အတွက်စာအုပ်ကို လုံးချင်းရေးဖြစ်တာလည်း   ဖြစ်ပါတယ်။ အခြေအနေအရ   ၂၀၂၀  ပြည့်နှစ်  နိုဝင်ဘာလမှာ   ကိုဗစ်-၁၉  ရောဂါ    ဖြစ်နေတော့  ပွဲက   မလုပ်ဖြစ်ဘူး   ဖြစ်သွားတယ်။    စိန်စတင်းရဲ့ ဇာတိက ဓနုဖြူမြို့နယ်ဖြစ်ပြီး   ညောင်တုန်းမြို့နယ်  မှာ  သူ့အစ်ကိုရှိနေတဲ့အတွက်ကြောင့်   ဒါလေးကို ကျွန်တော်က “ကဲ..ငါလည်း အားထုတ်ထားတာပဲလေ”  ဆိုပြီးတော့ ညောင်တုန်းမြို့နယ်က သူ့အစ်ကိုဖြစ်သူနဲ့ သွားတွေ့ပြီး     အင်တာဗျူးပြီးရေးဖြစ်ခဲ့ပါတယ်။ စိန်စတင်းဟာဆိုရင် ၂၀ ရာစုနဲ့  ၂၁ ရာစုနှစ်ခုစလုံးကို ခွပြီး     မြန်မာ့ဂီတအနုပညာမှာ   ဆိုင်းနဲ့ပတ်သက် ပြီးတော့  ဆရာကြီးတစ်ဆူအဖြစ်    စံထားလောက် အောင် လုပ်ဆောင်သွားခဲ့ပါတယ်။ အထက်မြန်မာ ပြည်နဲ့  အောက်မြန်မာပြည်မှာရှိတဲ့   စိန်စတင်းရဲ့  ဧည့်ခံဆိုင်းတီးတဲ့မူဆိုတာ  ကျန်ရစ်ခဲ့တာဆိုတော့ အဲဒီအကြောင်းတွေကို      ဖတ်လိုက်ရင်     မသိသေးတဲ့ သူတွေအနေနဲ့    မူတစ်ခုရသွားမှာပါ။   ဆိုင်းကို   ဘယ်လို ဧည့်ခံမလဲ။   
ဘယ်လိုဘယ်လိုလူခေါ်မလဲဆိုတာ စိန်စတင်း လုပ်ဆောင်သွားတာတွေ       ရှိနေတာဆိုတော့ အဲဒီမူတွေဖြစ်တဲ့ ခေါ်ချည်၊ ပျိုးချည်၊  တီးချည်တွေကို အားလုံးသိကြအောင်လို့ ဒီစာပဒေသာကို ရေးတာ လည်းဖြစ်ပါတယ်။  အဲဒီတော့  ခေါ်ချည်ဆိုတာ   လူခေါ်တာကို     ဆိုလိုတာဖြစ်ပြီး  ပျိုးချည်ဆိုတာ    ဆိုင်းတီးမလို့    ပျိုးထားတာကို ဆိုလိုတာဖြစ်တယ်။     တီးချည်ဆိုတာကတော့ ဧည့်ခံတဲ့ဆိုင်းတွေ   တီးပေး တာကို ဆိုလိုခြင်းပဲ ဖြစ်တယ်။  နောက်ပိုင်းကျတော့ လက်စွမ်းပြအနေနဲ့  ပွဲတစ်ပွဲကို     သူတစ်ယောက်တည်း   သီချင်းကြီး အပုဒ်ရေ   ၁၀   ပုဒ်ကနေ   အပုဒ်ရေ  ၄၀ အထိ တစ်ဆက်တည်း တီးနိုင်တာဆိုတော့  ဒီလို  တီးနိုင်တဲ့လူက  မြန်မာပြည်မှာ  ဒီတစ်ယောက်တည်း ရှိတယ်လို့ ပြောလို့ရတယ်။ 
အဓိကအနေနဲ့ပြောရရင်  ဂီတသမားတွေရဲ့ စံထားလောက်တဲ့ဆရာကြီးမို့ ပြည်သူတွေ သိစေချင် လို့လည်း ရေးဖြစ်တာလည်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့   ကြိုးကြိုးစားစား   လုပ်ဆောင်ထားတာ ဆိုတော့ စာအုပ်မထုတ်ဖြစ်ရင်လည်း စာပေဗိမာန်ကို  တင်လိုက်မယ်ဆိုပြီး  စာပေဗိမာန်ကို    တင်လိုက် တာပါ။  ယခင်ကတည်းက   စာပေဗိမာန် စာမူဆုတွေ     ရထားဖူးတာဆိုတော့   ဒီတစ်ကြိမ်  အပါအဝင်ဆို ကျွန်တော်ဆုရရှိတာ ၂၄ ဆု ရှိသွားပါပြီ။   ကဗျာ  ပေါင်းချုပ်၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုရှည်တွေအတွက် စာပေဗိမာန်စာမူဆု၊    ပခုက္ကူဦးအုံးဖေ    စာမူဆု စသဖြင့်    ဆုပေါင်း   ၂၃  ဆုရရှိခဲ့ပြီး  ဆိုင်းဆရာ  စိန်စတင်းအကြောင်း စာပဒေသာက အခုမှ   ရေးတာ ဖြစ်ပြီး စာပဒေသာဆုကို   ရရှိခဲ့တာလည်း ဖြစ်ပါ တယ်။ 
စာပေလောက ဖြတ်သန်းခဲ့တာဆိုရင် ဝတ္ထုတို၊ ဝတ္ထုရှည်က  စုစုပေါင်း ၂၀    နီးပါးရှိပြီး   အလှူနဲ့ မင်္ဂလာဆောင်ပွဲတွေမှာ အနုပညာရှင်တွေ  သီဆိုဖို့ အတွက် ရတုတေးထပ်တွေကို ရေးနေတာဟာလည်း အပုဒ်ရေ ၃၀၀၀ လောက်ရှိသွားပါပြီ။  လက်ရှိမှာ လည်း ကျွန်တော့်အနေနဲ့ဂီတအနုပညာသမားတွေသီဆိုဖို့ အပ်ထားတာတွေကို ရေးပေးနေဆဲဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း     ဂီတအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ 
တွေ့ဆုံမေးမြန်း- ပွင့်သစ္စာ
ဓာတ်ပုံ- စိုးမြင့်အောင်