
ပရီမီယာလိဂ်ပွဲစဉ် (၁၂) ၏ အကောင်းဆုံးပွဲစဉ် ဖြစ်သည့် လီဗာပူးအသင်းနှင့် အာဆင်နယ် အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက် နံနက်အစောပိုင်းက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ လီဗာပူးအသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လီဗာ ပူး အသင်းအတွက် သွင်းဂိုးများ ကို မာနေး၊ ဂျိုတာ၊ ဆာလာ၊ မီနာ မီနိုတို့က သွင်းယူပေးနိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် လီဗာပူးအသင်းရော အာဆင်နယ်အသင်းပါ အားထားရသည့် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး အပြန် အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် ပရိသတ်အကြိုက်ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ သို့သော်လည်း ပွဲကစားချိန် ကြာလာသည်နှင့်အမျှ အာဆင်နယ်အသင်း ကစားအားကျလာပြီး လီဗာပူးအသင်း၏ ဖိအား ပေးမှုကို ခံခဲ့ရသည်။ ပွဲချိန် ၃၉ မိနစ်တွင် လီဗာပူးအသင်း အဖွင့်ဂိုး ရရှိခဲ့ပြီး မာနေးက သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင်လည်း လီဗာပူး အသင်းက ဂိုးအသာ၊ ခြေအသာဖြင့် ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် လီဗာပူးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဂျိုတာက သွင်းယူပေးခဲ့သည်။
ထို့နောက်တွင် အာဆင်နယ်အသင်း ကစားအားကျလာသည့် လာကာဇက်၊ လိုကွန်ဂါတို့ကို အနားပေးကာ အိုဒီဂတ်၊ မစ်လန်း နေးလ်တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ သို့သော်လည်း လိုအပ်နေသည့် ချေပဂိုးများကို သွင်းယူနိုင်ခြင်း မရှိဘဲ တိုက်စစ်ထက်မြက်နေသည့် လီဗာပူးအသင်းက သွင်းဂိုးများ ရရှိခဲ့သည်။ လီဗာပူးအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် ဆာလာက သွင်းယူပေးပြီး စတုတ္ထဂိုး ကို ပွဲချိန် ၇၇ မိနစ်တွင် မီနာမီနိုက သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသော ကြောင့် လီဗာပူးအသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။
လီဗာပူးအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် အာဆင်နယ် အသင်း၏ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်ရှုံးပွဲမရှိ မှတ်တမ်းကို အန်းဖီးလ်၌ ရပ်တန့် နိုင်ခဲ့သည်။ ထို့အပြင် အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော မာနေးသည် အန်းဖီးလ်၌ ပြိုင်ပွဲအရပ်ရပ် ငါးပွဲဆက်ဂိုးသွင်းယူနိုင်သည့် မှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။ လီဗာပူးအသင်းသည် ယခုနိုင်ပွဲ ကြောင့် အမှတ်ပေးဇယားဦးဆောင်သူ ချယ်ဆီးအသင်းနှင့် လေးမှတ် အကွာသို့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အသင်းက ရမှတ် ၂၀ ဖြင့် အဆင့် (၅) နေရာတွင်သာ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
လီဗာပူးတိုက်စစ်ကစာသမား ဆာလာသည် ယခုပွဲစဉ်တွင် တစ်ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၁၂) အပြီးတွင် သွင်းဂိုး အများဆုံးကစားသမားစာရင်း၌ ၁၁ ဂိုးဖြင့် ဦးဆောင်လျက်ရှိသည်။ လီဗာပူးအသင်းသည် ဂိုးကန်သွင်းမှု ၁၉ ကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု ကိုးကြိမ်အထိ ရှိခဲ့သည်။ ပြိုင်ဘက် အာဆင်နယ်အသင်းက ဂိုး ကန်သွင်းမှု ငါးကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု သုံးကြိမ်သာရှိခဲ့သည်။
လီဗာပူးအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ပရီမီယာလိဂ်ပြိုင်ပွဲ၌ နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အောင်ဇော်