
စစ်ကိုင်း နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားတွင် ဇိနောဒယ ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်း မြို့ ရတနင်္ကရကျောင်းတိုက် ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ က ငါးပါး သီလ ခံယူဆောက်တည် ကြကာ ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဇိနောဒယပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော်ဘုရားကြီး ထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဖွယ် ဝတ္ထု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
အဆိုပါ လှူဒါန်းပွဲတွင် ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ သီလရှင်ကျောင်း ၁၅ ကျောင်းရှိ သံဃာတော်နှင့် သီလ ရှင် ၄၁၄ ပါးတို့အတွက် လှူဒါန်းမှု တန်ဖိုးငွေကျပ် ၁၂၅၉၆၉၀၀၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ ရဟန်းသံဃာတော် ၄၃ ပါးအတွက် လှူဒါန်းမှုတန်ဖိုး ငွေကျပ် ၁၃၃၇၁၂၈၊ ဇိနောဒယပရိယတ္တိ စာသင်တိုက်ရှိ ရဟန်းသံဃာ ၅၂ ပါး၊ သာမဏေ ၂၀၂ ပါးတို့ အတွက် လှူဒါန်းမှုတန်ဖိုး ငွေကျပ် ၇၀၅၆၂၅၀ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် ၂၀၉၉၀၈၈၀ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်း အနီးရှိ သမိုင်းဝင်ထူပါရုံဘုရား အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ လှည့်လည် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)