
ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနမှ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များ ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခေတ္တ ရပ်ဆိုင်းခဲ့မှုအပေါ် မတ်လ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများကို ရက်အလိုက်၊ ခရိုင်/မြို့နယ်အလိုက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး မြေညီထပ် ကားပါကင်ဧရိယာတွင် ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါ နိုဝင်ဘာ ၂၂ ရက် (တနင်္လာနေ့)မှစ၍ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုကိစ္စများကို ပြည်သူများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက် နိုင်စေရေးအတွက် ခရိုင်/ မြို့နယ်များအားလုံး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်မှအပ နေ့စဉ် ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက် ရာတွင် မြို့ပြမြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားဖွင့်လှစ်ထားရှိ သော မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားသူများအနက် စိစစ်ခွင့်ပြု ဆောင်ရွက်ပြီးဖြစ်သည့် အမှုတွဲများအား ခွင့်ပြုထုတ်ပေးခြင်း၊ သတင်းစာကြော်ငြာနိုင်ရေး ဝန်ဆောင်မှုပေးခြင်း၊ ယခင် Manual ဖြင့် လျှောက်ထားသည် အမှုတွဲများအနက် ခွင့်ပြုပြီး အမှုတွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် e ချလံဖြင့် ဝန်ဆောင်ခ ငွေပေးသွင်းရန် ဆောင်ရွက်ပေးခြင်းနှင့် ယခင်လျှောက်ထားခဲ့သည့် အမှုတွဲများတွင် လိုအပ်ချက်များ တောင်းခံခြင်းအပေါ် ကာယကံရှင် မှ ပြန်လည်တင်ပြစိစစ်ခြင်းတို့ကိုသာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အမှုတွဲအသစ်များ ဖွင့်လှစ်လျှောက်ထားခြင်းကို လက်ခံ ဆောင်ရွက်ခြင်းမပြုကြောင်းနှင့် Online စနစ်ဖြင့်သာ www.ycdc.gov.mm တွင် လျှောက်ထားရန်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်