
မုံရွာ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက မော်လိုက်ခရိုင်နှင့် ကလေးခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေမှုနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မော်လိုက်မြို့ အခြေခံပညာအထက်တန်း ကျောင်း စုံညီခန်းမတွင် အသက် ၁၂ နှစ်အထက် ကျောင်သား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးနေမှု ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများအတွက် ငွေကျပ် ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လိုက် - ကလေးဝလမ်း မိုင်တိုင်အမှတ် ၁၈/၁၊ ၁၈/၂ ကြားရှိ တံတားအမှတ် ၅/၃၀၊ အရှည် ပေ ၄၀၊ အကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတား တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အား တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ကလေးဝမြို့နယ် အောင်ချမ်းသာ ကျေးရွာ မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဆရာတော် ကြီးနှင့် သံဃာတော်များထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပသော မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု၊ မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့တက်ရောက်ပြီး ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၄ ကတ်အား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူများထံ ပေးအပ်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)