
ကသာ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် အလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်ဆီဂျင်ထုတ်စက်ကြီးမှ အောက်ဆီ ဂျင်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ကြီးကို ကသာမြို့ ခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ထားရှိပြီး လည်ပတ်ခဲ့ရာ တစ်နာရီလျှင် လီတာ ၄၀ အိုးလေးလုံး၊ တစ်ရက်လျှင် လီတာ ၄၀ အိုး အလုံး၅၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ကသာမြို့သည် ခရိုင်မြို့ဖြစ်သည့်အတွက် ကသာမြို့နယ်အပြင် ကသာခရိုင်အတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်နှင့် ပင်လည်ဘူးမြို့နယ်အတွင်းမှ အရေးပေါ်လူနာများသည် ကသာခရိုင်ဆေးရုံ ကြီးသို့ တက်ရောက်ကုသလာသူများ လည်း ရှိလာသလို အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာပါက ဆေးရုံတက်ရောက်ရသူ များရှိလာပြီး အောက်ဆီဂျင် အသုံးပြုရ ကြောင်းလည်း သိရသည်။ ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသွားသော်လည်း အခြားဒေသမှ တက်ရောက်ကုသနေသော လူနာများရှိနေပြီး ယင်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ကို အသုံးပြုနေရ သဖြင့် ကသာမြို့စက်ရုံမှ လုံလောက်မှုမရှိပါ က အခြားမြို့နယ်များမှ အကူအညီရယူကာ သုံးစွဲနေရကြောင်းလည်း အောက်ဆီဂျင် ထုတ်စက်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
ယခုအခါ ကသာမြို့နယ် အလှူရှင် စေတနာရှင်များကလည်း အောက်ဆီဂျင် ထုတ်စက်ကြီး ရောက်ရှိလာပြီး အရေးကြီး လိုအပ်နေသော အောက်ဆီဂျင်များ ထုတ်လုပ် နိုင်ပြီဖြစ်သဖြင့် ပျော်ရွှင်နေကြကြောင်း လည်း သိရသည်။ အဆိုပါစက်သစ်ကြီးနှင့် အထောက်အကူပစ္စည်းအပါအဝင် စုစုပေါင်း ငွေကျပ်သိန်း ၁၂၀၀ ကျော် ကုန်ကျခဲ့ ကြောင်း ကသာမြို့အောက်ဆီဂျင်ထုတ်စက် ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
လူအောင်(ကသာ)