
မင်္ဂလာဒုံ နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ လေကြောင်း ခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် တွင် ယမန်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအရေးပေါ်ကားများဖြင့် ကြိုဆိုပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစခန်း၌ ထားရှိ၍ ယနေ့တွင် ကိုဗစ်-၁၉ စစ်ဆေးပေးသည်။
မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုနှုန်းလျှော့ချရေးစုပေါင်းအဖွဲ့က ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၃၆ ဦးတို့အား RDT Test Kit ဖြင့် စစ်ဆေးပေးရာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့တွင် ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းတို့အား ပုလဲဆေးရုံကြီး တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကုသ ရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများအား မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီးများဖြင့် ပြန်လည်ဝင်ရောက် လာသူများအား မင်္ဂလာဒုံအဝေးပြေးယာဉ်ရပ်နား စခန်းရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစခန်း တွင် ရောက်ရှိကြောင်း စာရင်းသွင်းပြီးနောက် ထောက်ကြန့်စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုခံယူစေပြီးမှ မိမိတို့သွားလိုရာအရပ်သို့ သွားနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)