တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကား

 

နေပြည်တော်    နိုဝင်ဘာ    ၁၈


တန်ဆောင်မုန်းလသည်  မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော    ပရိသတ်တို့အား      သာမညဖလ သုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။ 

 


သူတော်ကောင်းတရား ကြိုးစားအားထုတ်


အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ် သီလဆောက်တည်ခြင်း၊     ပဋ္ဌာန်းဒေသနာတော် နှင့်    ပရိတ်တရားတော်များ     ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌   ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလ ပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစား အားထုတ်ဆောင်ရွက်ကြလေ့ရှိသည်။

 


ဆွမ်းဆက်ကပ်လှူဒါန်း


ယနေ့ ကျရောက်သည့် ၁၃၈၃ ခုနှစ် တန်ဆောင် မုန်းလပြည့်နေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံ သီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊   ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊  ထာဝရငြိမ်းချမ်း ရေးစေတီ၊          လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊       ဆုတောင်းပြည့်လောက မာရဇိန် စေတီတော်၊   သံသရာငြိမ်းအေး   စေတီတော်၊ ဘုရားကိုးဆူ၊  ကိုးခန်းကြီးဘုရား၊  လောကရန်နှိမ် စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင် စေတီ၊  မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့်  ကျောင်း၊ ကန်ဇရပ်များသို့ ဘာသာရေးဝတ်အသင်း အဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊  ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြ သူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ် ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆရာ တော်    သံဃာတော်များအား   ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။

 


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏  (၁၃) ကြိမ်မြောက်  တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ    အခမ်းအနားကို      ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါ စေတီတော်လိုဏ်တော်၌ ကျင်းပသည်။

 


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ   မောင်မောင်နိုင်၊     နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသနာရေး   နှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများက စေတီ တော် လိုဏ်တော်အတွင်းရှိ  ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့်ဘုရားကြီးအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များ အား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေတို့ကို  ဆက်ကပ်လှူဒါန်းကြသည်။

 


ကိုးပါးသီလ ခံယူဆောက်တည်


ထို့နောက်    ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏   ဩဝါဒါစရိယ    နေပြည်တော်  လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု   ဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်  သံဃာတော် များ ရွတ်ပွားတော်မူသည့် မေတ္တသုတ်ပရိတ်တော်နှင့် ဘုရားဂုဏ်တော်များကို နာယူကြသည်။

 


ယင်းနောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊    ဒုတိယ ဝန်ကြီးများနှင့်      ၎င်းတို့၏ဇနီးများက   ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော   ဆရာတော်   သံဃာတော်များအား  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူကြ၍       လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

 


ထို့ပြင်      ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏  ပရိဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်၌          ဆင်စာကျွေးကြ သူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 


အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကား


အလားတူ     နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော် ယာဉ်များ၊    ဆိုင်ကယ်များဖြင့်     ဘုံကထိန်များ လှည့်လည်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊  Ocean Super Center ၊  Juction  Center ၊ Naypyi-taw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့်  မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက်ကြသူ များဖြင့် စည်ကားလျက်ရှိသည်။

 


ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  စေတီတော်ရင်ပြင်တွင် ဘုရားရှင်အား ရည်မှန်း၍  ဆီမီး (၉၀ဝ၀) ပူဇော်ကြရာ ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။

 


ဆီမီးနှင့် မီးရောင်စုံထွန်းညှိပူဇော်


ညပိုင်းတွင်လည်း   အဆိုပါဘုရားများ၌   ဆီမီး ပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရား စေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍  ဆီမီးနှင့်   မီးရောင်စုံ  ထွန်းညှိပူဇော် ကြသူများ၊    မဲဇလီဖူးသုပ်   ဒါနပြုကြသူများဖြင့်  စည်ကားလျက်ရှိသည်။

 


တန်ဆောင်မုန်းလပြည့်နေ့တွင်    ဘုရားဖူး လာရောက်ကြသူများကို    ကိုဗစ်-၁၉     ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်များက      နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း     ဘုရားဖူး     ပြည်သူများ စိတ်အေးချမ်းစွာ    ကုသိုလ်ပြုနိုင်ရန်        လုံခြုံရေး ဆောင်ရွက်ပေးလျက်သည်။    
 

သတင်း-ဟိန်းဂျိုင်း၊ ဓာတ်ပုံ-ကိုကိုအေး