
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့
ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ စဝ်ယွက်စစ် လာရောက်တွေ့ဆုံ
=======================================================
နေပြည်တော် ဩဂုတ် ၁၃
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်သို့ လာရောက် တွေ့ဆုံသည်။
ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အရ ဖော်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးကိစ္စရပ် များကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ စဝ်စိုင်းလျန်းတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်