ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်  မစ္စတာ ဆာဆာကာဝါနှင့်အဖွဲ့  ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများနှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

 

 

နေပြည်တော်   နိုဝင်ဘာ    ၁၅


ဂျပန်အစိုးရ၏   မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့်ရောက်ရှိကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဂျပန်နိုင်ငံ၏   အထူးကိုယ်စားလှယ်  မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်    ဒေါက်တာ     အောင်ကျော်မင်းနှင့် လည်းကောင်း၊     အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့ရုံး     ဧည့်ခန်းမ၌   သီးခြားစီ တွေ့ဆုံကြပြီး  ရခိုင်ပြည်နယ်အတွင်း  ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊   ဒေသဖွံ့ဖြိုးရေး၊  လူမှုရေး၊ စီးပွားရေး၊ ပညာရည်မြင့်မားရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်   ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်  ဆွေးနွေး ကြသည်။
ထို့နောက် ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် အောင်မြေဗောဓိဓမ္မရိပ်သာ အလို တော်ပြည့်ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းနှင့် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲ ရှောင်စခန်းတို့၌ ယာယီနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများနှင့် သက္ကယ်ပြင်ကျေးရွာရှိ ကယ်ဆယ်ရေး စခန်း၌   နေထိုင်လျက်ရှိသည့်    ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံ၍      နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။ 
ယင်းနောက်   ပြည်နယ်အစိုးရဧည့်ဂေဟာ၌  သတင်းထောက်များနှင့်တွေ့ဆုံ၍ သတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်