
နေပြည်တော် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းနေရာဝန်းကျင်တွင် တောင်သမန် သစ္စာကျေးလက်အပန်းဖြေစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယနေ့ အစည်း အဝေးသည် တောင်သမန်သစ္စာ ကျေးလက်ခရီးသွား အပန်းဖြေစီမံကိန်းနှင့်စပ်လျဉ်းပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးသဘောထား ရယူရန်နှင့် ဆွေးနွေးပြီး ဆောင်ရွက်မည့် အစီအမံများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ ပြန်လည်တင်ပြရန်အတွက် ဆွေးနွေးသည့် အစည်းအဝေးဖြစ်ကြောင်း။
ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်မှုအရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မန္တလေး မြို့တော် ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ တောင်သမန်သစ္စာကျေးလက် ခရီးသွားအပန်းဖြေ စီမံကိန်းဧရိယာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလေ့လာဆန်းစစ်ချက် အစီရင်ခံစာအား တင်ပြခဲ့ကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် ကာလတစ်လျှောက်လုံး စီမံကိန်းအရည်အသွေးကို ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ်စောင့်ကြည့် ရန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းဝင်အဆောက် အအုံများ၊ သဘာဝရှုမျှော်ခင်းများ ပျက်စီးမှုမရှိစေရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ ဖွဲ့စည်း စစ်ဆေးရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် လျှောက်ထားမှုအား ခွင့်ပြုခြင်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ၊ လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာတွင် အကြံပြုတင်ပြထား ချက်များနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနအနေဖြင့် တောင်သမန်အင်း သဘာဝ ဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့စေရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အစီ အမံများကို ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA)ကို ကျွမ်းကျင်ပညာရှင်များ ရေးသားပြုစု တင်ပြ အတည်ပြုချက်ရယူရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းဆိုင်ရာ မြေ အသုံးချမှုကို သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံး၊ လုပ် နည်း၊ ညွှန်ကြားချက်များနှင့်အညီ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရန်၊ စီမံကိန်းနယ်မြေသည် သဘာဝ အတိုင်း တည်ရှိနေသော တောင်သမန်အင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ဦးပိန် တံတားအပြင် လူနေဧရိယာများနှင့်ပါ ထိစပ်လျက် ရှိသဖြင့် EIA ၊ SIA ၊ HIA ဆန်းစစ်ချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သင့်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တောင်သမန် သစ္စာအပန်းဖြေစခန်း စီမံကိန်းဧရိယာနှင့် ပတ်သက် ၍ လေ့လာဆန်းစစ်ခဲ့ရာ မိမိတို့ဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းရေးဆွဲထားသော Urban Development Plan for Mandalay – 2040 ၏ Cultural and Tourism Zone တွင် ပါဝင်ပြီး လက်ရှိမြေအသုံးချမှုအရ ကိုက်ညီမှုရှိသော အပန်းဖြေစခန်း (Resort) တစ်ခု ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးတွင် တောင်သမန်သစ္စာ ကုမ္ပဏီအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး ဆက်လက် အကောင်အထည်ဖော်သွားမည့် အစီအမံ များကို အသေးစိတ်ရှင်းပြရန်နှင့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် သဘောထားများနှင့် ထပ်မံမှတ်ချက်ပြုလိုသည်များရှိပါက ပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် တောင်သမန်သစ္စာကုမ္ပဏီမှ တာဝန် ရှိသူက တောင်သမန်သစ္စာကျေးလက် ခရီးသွား အပန်းဖြေစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက တွေ့မြင်ရမည့်အခြေအနေတို့ကို Video Clip ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
အကြံပြုဖြည့်စွက်
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက တောင်သမန်သစ္စာ ကျေးလက် ခရီးသွားအပန်းဖြေစီမံကိန်း အောင်မြင် စွာ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးမျိုးအောင်က စီမံကိန်းလုပ်ငန်းများ အခြေအနေနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် နိုင်ရေးအတွက် MIC ဥပဒေများကို အလေးထား လိုက်နာရန်နှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်