
နယူးဒေလီ နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လေထုညစ်ညမ်းမှု ကြောင့် စာသင်ကျောင်းအားလုံးကို သီတင်းပတ် တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း နယူးဒေလီ ဒေသန္တရအစိုးရ ဝန်ကြီးချုပ် အာဗင့်ကက်ဂျ်ရီဝါလ် က ပြောကြားသည်။
လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ နယူးဒေလီ ထိပ်တန်းအရာရှိများ၏ အရေးပေါ်အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်က မြို့တွင်းရှိ စာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁၅ ရက်မှစ၍ သီတင်းပတ်တစ်ပတ်ကြာ တရားဝင်ပိတ်ထားမည် ဖြစ်ပြီး အစိုးရတာဝန်ရှိသူများကလည်း ရုံးလုပ်ငန်း များကို နေအိမ်မှ သီတင်းပတ်တစ်ပတ်ကြာ ဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကရုံးများကိုလည်း အစိုးရ ရုံးများကဲ့သို့ ဆောင်ရွက်ကြရန် အကြောင်းကြား ထားကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
နယူးဒေလီအစိုးရသည် နယူးဒေလီမြို့၌ အသွား အလာကန့်သတ်ရန် အဆိုပြုချက်နှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယင်းအစီအစဉ်ကို တရားရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်က ထပ်မံပြောကြားသည်။
ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများကို နယူးဒေလီမြို့၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ အနီးဝန်း ကျင် ပြည်နယ်များ၌ အမှိုက်မီးလောင်မှုကြောင့် နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့်မြင့်တက် လာလျက်ရှိပြီး ယင်းလေထုညစ်ညမ်းမှုကို အတူတကွ တိုက်ဖျက်ရန် သက်ဆိုင်သူအားလုံးကို မေတ္တာရပ်ခံ ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒေလီ ဗဟိုလေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဘုတ်အဖွဲ့သည် မော်တော်ယာဉ်အသုံးပြုမှု ၃၀ ရာခိုင် နှုန်းခန့်လျှော့ချရန် နယူးဒေလီမြို့ရှိ အစိုးရနှင့် ပုဂ္ဂလိကရုံးအားလုံးကို နိုဝင်ဘာ ၁၃ ရက်က အကြောင်းကြားခဲ့သည်။
ယနေ့နံနက်ပိုင်းက နယူးဒေလီမြို့ရှိ လေထု အရည်အသွေးညွှန်းကိန်း မြင့်မားလျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ