
သံတွဲ နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီ ကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
ဖျော်ဖြေတင်ဆက်
ဖွင့်ပွဲအခမ်းအနားတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များမှ လှပျိုဖြူများက ရခိုင်ရိုးရာယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ငပလီဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တည်ငြိမ်အေးချမ်းလျက်ရှိသော ရခိုင် ပြည်နယ်၏ ပြယုဂ်ကို ဖော်ညွှန်းသည့်အနေဖြင့် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်း လာခြင်းအပေါ်မူတည်၍လည်းကောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရေး ရည်ရွယ်၍လည်းကောင်း ငပလီကမ်းခြေ ဆောင်းဦး ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပွဲတော်ကို ယနေ့မှစ၍ ငါးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး သဲသောင်ပြင်ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာပျော်ပွဲရွှင်ပွဲ များစွာကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့် အတွက် ဒေသခံများနှင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအားလုံး စိတ်နှလုံးရွှင်လန်းစွာ ပါဝင်ဆင်နွှဲကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ အဓိကအပန်းဖြေ ခရီးစဉ်ဒေသ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏အထင်ရှားဆုံး ကမ်းခြေ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအပြင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကပါ အသိအမှတ် ပြု တန်ဖိုးထားသည့်ဒေသဖြစ်ကြောင်း၊ အာရှ၏ အပျိုစင်ကမ်းခြေအဖြစ် တင်စားခေါ်ဝေါ်ကြကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း ပြည်ပမှ လာရောက်အပန်းဖြေ လိုသည့် ခရီးသွားဧည့်သည်များ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရန် ငပလီကမ်းခြေဆောင်းဦး ပွဲတော်ကို ကျင်းပနိုင်သည့်အတွက် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “ငပလီကမ်းခြေဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေ ပါရာဒိုက် ဟိုတယ်သဲသောင်ပြင်တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)မှ ဦးဖိုးရီအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဧည့်သည်တော် များက ဖျော်ဖြေတင်ဆက်နေမှုအား လှည့်လည် ကြည့်ရှုကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)