ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အကျဉ်းချုံး ကျင်းပသွားမည်

 

ညောင်ဦး     နိုဝင်ဘာ     ၁၄


မန္တလေးတိုင်းဒေသကြီး    ပုဂံညောင်ဦး   ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီး၏ (၉၆၂)ကြိမ် မြောက်   တန်ဆောင်တိုင်   ဗုဒ္ဓပူဇနိယပွဲတော်ကို    ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရေးအတွက် ကြိုတင် ကာကွယ်    ထိန်းချုပ်သည့်အနေဖြင့်   အသံမစဲမဟာပဋ္ဌာန်းပွဲနှင့် ဆွမ်းသပိတ်လုံးလောင်းလှူခြင်း အစီအစဉ်ဖြင့် အကျဉ်းချုံး ကျင်းပ သွားမည်ဖြစ်ကြောင်း  ညောင်ဦးမြို့  ရွှေစည်းခုံစွယ်တော်မြတ် စေတီကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။ 

 


ပုဂံခေတ် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် ကောဇာ သက္ကရာဇ်  ၄၂၁  ခုနှစ်တွင်  တည်ထားကိုးကွယ်တော် မူခဲ့သော ညောင်ဦးမြို့   ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏    ဗုဒ္ဓ ပူဇနိယပွဲတော်ကို  နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်တွင် ကျင်းပလေ့ ရှိရာ ယခုနှစ်တွင် (၉၆၂) ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေး မဖြစ်စေရေးအတွက် ကြိုတင် ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်း အမှတ်အဖြစ်  အသံမစဲမဟာပဋ္ဌာန်းပွဲနှင့်  ဆွမ်းသပိတ် လောင်းလှူ ပူဇော်ခြင်း အစီအစဉ်ဖြင့်သာ အကျဉ်းချုံးကျင်းပသွားရန် စီစဉ်ထား ရှိပြီး  ဒေသခံပြည်သူများအနေဖြင့် နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပသည့် ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီးအား ဆွမ်းသပိတ်လုံးများ ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ရေး နိုဝင်ဘာလ ၁၈ ရက်၊  တန်ဆောင်မုန်းလပြည့်နေ့  နံနက်တွင်  ဆွမ်းသပိတ်လုံး များကို  စေတီတော်ကြီး၏ အင်္ဂါထောင့်မဏ္ဍပ်သို့ လာရောက်လှူဒါန်း ပေးကြရန် အသိပေးနှိုးဆော်ထားရှိကြောင်း ညောင်ဦးမြို့ ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)