ညောင်ဦးခရိုင်အတွင်း တိုင်ထောင်ခရမ်းချဉ်များ အောင်မြင်ဖြစ်ထွန်းပြီး တစ်ပိဿာ ကျပ် ၁၅၀၀ အထိ ဈေးရနေ

 

ညောင်ဦး   ဩဂုတ်  ၂၇


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နှင့်   ညောင်ဦး မြို့နယ်ရှိ ကျေးလက်တောင်သူများ   မြေအောက်ရေသွင်း စိုက်ပျိုးကြ သည့်  တိုင်ထောင်ခရမ်းချဉ်စိုက်ခင်းများ  ယခုနှစ်တွင်   အောင်မြင် ဖြစ်ထွန်းပြီး ခရမ်းချဉ်သီးပေါ်ချိန်၌  တစ်ပိဿာ  ကျပ် ၁၅၀၀ အထိ ဈေးရနေခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးသည့်   တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း လက်ပံအိုင့်ကျေးရွာ၊  လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ အမှတ်-၃၊ ဆပ်ပြာကျင်း၊ မကျီးတိုင်းကျေးရွာ များနှင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အောက်ညဉ့်ကျေးရွာ၊   အထက်ညဉ့်ကျေးရွာ၊ သူကောင်းတည်ကျေးရွာ နှင့်   တောင်ဖက်တန်းကျေးရွာများသည်     မြေအောက်ရေအသုံးပြု၍ တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည်။

 


ပြောင်းလဲလာသည့်   ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ ခရမ်းချဉ်ပျိုးထုပ်များကိုလည်း တစ်သုံးလုံးတံဆိပ် စပ်မျိုးခရမ်းချဉ် ပျိုးထုပ်များဝယ်ကာ ပျိုးအိတ်တစ်အိတ် တစ်စေ့နှုန်းဖြင့် ပျိုးထောင် ကြကြောင်း၊ ပျိုးထောင်သက် ၁၅  ရက်ခန့်ရလျှင်    ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရပြီး ရေသွင်းစနစ်ဖြင့် ရေမြောင်းလုပ်ကာ ရေမြောင်းတစ်ဖက်တစ်ချက် ခရမ်းချဉ်ပင်များ   စိုက်ပျိုးပြီးအပင်များ အပေါ်သို့ ဖြောင့်မတ်စွာတက်နိုင်စေရန်    တိုင်ထောင်ပေးထားရကြောင်း၊ ခရမ်းချဉ်ပင်များသည် ရက်၂၀ ခန့်ရှိလျှင် ခွပွင့်လိုက်ပြီး စတင်အသီးသီး ကြောင်း သိရသည်။

 


ယခုနှစ်တွင် တိုင်ထောင်ခရမ်းချဉ်ပင်များ အသီးသီးနှုန်း ကောင်းမွန် ၍  ပျိုးအိတ်တစ်အိတ်စိုက်ပျိုးမှုမှ တစ်ခါဆွတ်ခူးလျှင် ပိဿာချိန် ၁၀၀ ခန့် ပုံမှန်ဆွတ်ခူးရကြောင်း၊ နှစ်ရက်တစ်ခါဆွတ်ခူးရကြောင်း၊ ထွက်ရှိ သည့်ခရမ်းချဉ်သီးများကို ခရမ်းချဉ်ပွဲစားများက    စိုက်ခင်းအထိ လာရောက်ဝယ်ယူပြီး ကျောက်ပန်းတောင်းမြို့  မြို့မဈေးပွဲရုံများသို့ လည်း ရောင်းချကြောင်း၊ ညောင်ဦးမြို့နယ်ထွက် ခရမ်းချဉ်သီးများကို  ပခုက္ကူဈေးကွက်သို့ အများဆုံးရောင်းချကြောင်း သိရသည်။


ဝင်းထိန်(ပြန်/ဆက်)