ညောင်တုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်လိုသူ အမျိုးသားတစ်ဦးက မော်တော်ယာဉ်တစ်စီးအား ဓာတ်ဆီဘူးဖြင့် ပစ်ပေါက်မီးရှို့

နေပြည်တော် မတ် ၁၁ ၂၀၂၁ ခုနှစ် မတ် ၁၀ ရက် ည ၈ နာရီခန့်တွင် ညောင်တုန်းမြို့ (၃)ရပ်ကွက် အိုးအိမ်ဝန်ထမ်းအိမ်ရာ တိုက်ခန်းရှေ့၌ ရပ်ထားသော တရားရေးအရာရှိ တစ်ဦး၏ မော်တော်ယာဉ်အား ဆူပူအကြမ်းဖက်လိုသူ အမျိုးသားတစ်ဦးက ဓာတ်ဆီဘူးဖြင့် ပစ်ပေါက်မီးရှို့ ထွက်ပြေးခဲ့သဖြင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်တုန်းမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်စုံစမ်းဖော်ထုတ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ဖော်ပြပါ ဖြစ်စဉ်သည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ခြိမ်းခြောက်နေသော ကျူးလွန်မှုဖြစ်ပါသည်။ အကြမ်းဖက်ဆောင်ရွက်လိုသူ မသမာသူအချို့သည် ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်လျက် ရှိသည့် ပြည်သူလူထုများနှင့် နိုင်ငံဝန်ထမ်းများအား ထိတ်လန့်စိုးရွံ့စေရန် အဖျက်အမှောင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်၍ တာဝန်သိ ပြည်သူများအနေဖြင့် မိမိတို့၏ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဥပဒေမဲ့၊ မင်းမဲ့ စရိုက်ဆန်စွာ ကျူးလွန်နေကြသူများကို ဥပဒေနှင့် အညီ ကြိုတင်တားဆီး ထိန်းသိမ်းနိုင်ရေးနှင့် ဖော်ထုတ်ဖမ်းဆီးရမိရေးတို့အတွက် ကူညီသတင်းပေးဆောင်ရွက်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ သတင်းစဉ်