
နမ္မတူ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ဒီဇင်ဘာ ၁၈ ရက်တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၃၀ အား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အနီးကပ်ကြီးကြပ်
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
ထိုးနှံပေးလျက်ရှိ
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ညနေပိုင်းအထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၃၉ ဦး၊ ကျောင်းသား ကျောင်းသူ ၉၀၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၇၁၆ ဦးနှင့် ကျောင်းသား ကျောင်းသူ ၂၀၀ စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီး သည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား ကျောင်းသူ ၁၃၃၅၇ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
လူမော်(ပြန်/ဆက်)