နမ္မတူမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်

 

နမ္မတူ   ဩဂုတ်   ၁၇


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) သုံးလအတွက်  မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်  နှစ်နှစ်အောက် ကလေးငယ်  စုစုပေါင်း  ၁၁၅၄  ဦးအား   ထောက်ပံ့ ငွေကျပ် ၄၉၅ သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်  ၁၆  ရက်က  ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 


ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေး သူငယ်များအား ကလေးသူငယ်အခွင့်အရေး လေးရပ် နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တစိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်း ဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ် အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝ ရက်ပေါင်း ၁၀၀၀ အတွင်း အာဟာရပြည့်ဝမှုမှာ အရေးကြီးသော အချက်ဖြစ်ပြီး   ကောင်းမွန်သောပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်ကြောင်း၊ ရပ်ကွက် နှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁ အုပ်စု အလိုက် အကျိုးခံစားခွင့်ရရှိသည့် စာရင်းများအလိုက် ဖတ်ကြားပေးကာ၊ အကျိုးခံစားခွင့်ရှိသူတို့ လက်ဝယ် အရောက် သတ်မှတ်ပုံစံများတွင် စာရင်းဖြည့်သွင်းကာ ထောက်ပံ့ပေးအပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

 


ဆက်လက်၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန   တာဝန်ခံ ဒေါ်ပိုးမဉ္ဇူနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ် စုစုပေါင်း ၁၁၅၄ ဦးတို့ အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၉၅၇၅၀၀၀၀ အား အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်သည်။

 


အဆိုပါထောက်ပံ့ငွေများမှာ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်   ပထမ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) သုံးလအတွက် ကိုယ်ဝန် သုံးလရှိသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ကိုယ်ဝန် လေးလနှင့် အထက် ရှိသူနှင့် အသက် နှစ်နှစ်အောက် ကလေးငယ်တစ်ဦး လျှင် ထောက်ပံ့ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့်လည်း ကောင်း၊  အကျိုးခံစားခွင့်   တစ်လကျန်ရှိသည့် ကလေးငယ်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ အကျိုးခံစားခွင့် နှစ်လ ကျန်ရှိသည့်  ကလေးငယ်တစ်ဦးလျှင်   ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်လည်းကောင်း    ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ခံထံမှ သိရသည်။


လူမော် (ပြန်/ဆက်)