
နေပြည်တော် စက်တင်ဘာ ၂၉
၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်း အမှတ် အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပ သည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်း တွင် နှစ်စဉ်လူဦးရေ ၂၀ ဒသမ ၅ သန်းကျော် သေဆုံး လျက်ရှိပါကြောင်း၊ အဆိုပါသေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်၍ သေဆုံးခြင်း (Heart Attack) နှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေး နှင့် မညီညွတ်သည့် အစားအသောက်များကို စားသုံး ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့သည် နှလုံး နှင့်သွေးကြောရောဂါများ ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းများ ဖြစ်ပါကြောင်း။
ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်း အမှတ်ဆောင်ပုဒ်မှာ “နှလုံးအစဉ်ကျန်းမာဖို့၊ အသိ သတိဖြင့် ဆင်ခြင်စောင့်ရှောက်စို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံး ဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ပြည့်မီအောင် ဆောင် ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးက မိမိတို့ကျန်းမာရေး ကို အသိသတိဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်အချက် သည် လွန်စွာအရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှလုံးနှင့်သွေးကြော ရောဂါများအပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေး အတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ် နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက် ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သော ရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း ၇၄၇၆ ခုကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ် သော အခြေခံနှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများ ကုသသည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ပြည်သူ များအတွက် နိုင်ငံတော်မှ အခမဲ့ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် နှလုံးရောဂါလူနာများအတွက် ခေတ်မီ စက်ကိရိယာ၊ နည်းပညာများအသုံးပြု၍ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများက ကုသမှုပေးလျက်ရှိပါ ကြောင်း၊ ခေတ်မီကုထုံးများနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များ၊ အရှေ့တောင်အာရှ ဒေသတွင်းအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံး အထူးကြပ်မတ်ကုသဆောင် (Coronary Care Unit) များဖွင့်လှစ်ရန် စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်း အနားပြခန်းကို လှည့်လှည်ကြည့်ရှုပြီး နှလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း ဒုတိယနေ့ဆောင်ရွက် နေမှုကို လှည့်လှည်ကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး များနှင့် ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်