
ပြင်ဦးလွင် မတ် ၂၉
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တွင် အရာထမ်းငယ် သင်တန်း အမှတ်စဉ် (၉၈) ၏ သင်တန်း ဆင်းပွဲကို မတ် ၂၉ ရက်က ရတနာ ခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ တက္ကသိုလ် သင်ကြား/ စီမံမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၂၃၇ ဦး၊ သင်တန်းသူ ၂၄၆ ဦး စုစုပေါင်း၄၈၃ ဦး တက်ရောက် သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ်က အမှာစကား ပြောကြား ပြီးနောက် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ရာ သင်တန်း သားစံပြဆုရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ သင်တန်းသား အမှတ်- ၃၉၈၊ ဦးဉာဏ်ထွန်း (ဒုတိယဦးစီးမှူး) ကို လည်းကောင်း၊ သင်တန်းသူစံပြဆုရ ပြည်ထောင်စုလွှတ်တော်ရုံးမှ သင်တန်း သူ အမှတ် - ၁၁၅၊ ဒေါ်သဉ္ဇာဝင်း (ဒုတိယဦးစီးမှူး) ကို လည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ စစ်ရေးပြထူးချွန်ဆု၊ သေနတ်ပစ်ထူးချွန်ဆုများကို ချီးမြှင့် ပြီး သင်တန်းဆင်းအောင်လက်မှတ် များ ပေးအပ်သည်။
ယင်းသင်တန်းကို Hybrid Learning System ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်း ဖြစ်ပြီး Online မှ (၄-၁၂-၂၀၂၃ မှ ၂၅-၂-၂၀၂၄ အထိ) ရက်သတ္တပတ် ၁၂ ပတ်၊ In-house တွင် (၄-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄ အထိ) ရက်သတ္တပတ် လေးပတ် စုစုပေါင်း ရက်သတ္တပတ် ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ခင်ရတနာ