
နေပြည်တော် နိုဝင်ဘာ ၁၀
တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ် စဉ်(၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံ ဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တက္ကသိုလ်/ ကောလိပ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများ ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမို ကောင်းမွန်စေရေး၊ အဆင့်မြင့် ပညာရေးနှင့်စပ်လျဉ်းသော ဗဟု သုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာပြီး စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရေး၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေ စိတ်ထားများ ပိုမိုကောင်းမွန်လာ စေရေးနှင့် အခြေခံကာကွယ်ရေး ပညာကို နားလည်သဘောပေါက် စေရေးတို့အတွက် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တက္ကသိုလ်များ၏ ရည်မှန်း ချက်များ ပေါက်မြောက်အောင် သင်ကြားပေးကြရမည် ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အရည် အသွေးအာမခံနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် ပျိုးထောင်ကြရန်နှင့် ကျောင်းသား လူငယ်များကို ဘက်စုံစဉ်းစား တွေးခေါ်တတ်စေပြီး တီထွင် ဖန်တီးနိုင်မှု၊ ပညာအရည်အချင်း၊ ဗဟုသုတတို့ ပြည့်ဝစေရေး၊ စာတွေ့၊ လက်တွေ့အပြင် မြေပြင် အတွေ့အကြုံများကိုပါ ပေါင်းစပ် သင်ကြားပေးကြရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းအောင် ပြုမူနေထိုင်သွားကြရန်နှင့် နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို စောင့် ထိန်းလိုက်နာပြီး နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိကြ သူများကို ဆုများ ပေးအပ်ချီးမြှင့် ပြီး သင်တန်းဆင်း အောင် လက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၃၉၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေး ပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ ကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး BED (စာပေး စာယူ) သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ထို့နောက် ပညာရေးဒီဂရီ ကောလိပ်လေ့ကျင့်ရေး အလယ် တန်းကျောင်းသို့ ရောက်ရှိပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာနေမှုကို လှည့် လည်ကြည့်ရှုကာ ကျောင်းစာကြည့် တိုက် အဆင့်မြှင့်တင်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ် များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်