နိုင်ငံ့ဝန်ထမ်းနှင့် သစ္စာအဓိဋ္ဌာန်

Type

အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦး (UCSB) 
 

ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကို တည်ဆောက်ရာ၌    နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားကို အဓိကမောင်းနှင်နေသော နိုင်ငံ့ဝန်ထမ်း များ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။

နိုင်ငံလူဦးရေ၏  နှစ်ရာခိုင်နှုန်း
နိုင်ငံလူဦးရေ၏  နှစ်ရာခိုင်နှုန်း နီးပါးရှိသော နိုင်ငံ့ဝန်ထမ်းများ၏    စွမ်းဆောင်ရည်   ဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပါသည်။    နိုင်ငံတော် အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လုပ်ငန်းခွင်အကြိုသင်တန်း များပေးခြင်း၊  လုပ်ငန်းခွင်အတွင်း  စွမ်းရည်မြှင့် သင်တန်းများပေးခြင်းအပြင်    ရာထူးအဆင့် အလိုက်   လေ့ကျင့်သင်တန်းပေးခြင်း   စသည်တို့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူ တို့၏ အကျိုးစီးပွားကို သစ္စာရှိစွာထမ်းဆောင်သော နိုင်ငံ့ဝန်ထမ်းများ   ပေါ်ထွန်းလာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာဖြင့်  ဖြည့်ဆည်းပေးလျက် ရှိကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သို့သော် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏    နိုင်ငံရေးအလှည့် အပြောင်းတွင် နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် Civil Disobedience Movement (CDM)တွင် ပါဝင်ခြင်း သည် နိုင်ငံ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီ၏ ပုဂ္ဂလိကလူမှုဘဝတွင်သာမက   အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ 
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်   နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကဏ္ဍရှိ   လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များဖြစ် သည့် ပြန်တမ်းဝင်အရာရှိအဆင့် ဝန်ထမ်းများအား ရွေးချယ်ပေးခြင်း၊    လေ့ကျင့်သင်တန်းပေးခြင်း၊ ဝန်ထမ်းဆိုင်ရာမူဝါဒနှင့်  လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းပေးခြင်းနှင့် ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များကို   သဘောထားမှတ်ချက်ပြန်ကြား ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအား စိတ်ဓာတ်ခံယူချက်ကောင်းများ ရရှိစေရေး      လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဆောင်ရွက်ရန်       သမိုင်းပေးတာဝန်ဖြစ်ကြောင်း အဖွဲ့၏ဖွဲ့စည်းမှုသမိုင်းကြောင်းကို လေ့လာကြည့် ပါက ထင်ရှားစွာတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ 
မြန်မာနိုင်ငံရာထူးဝန်အဖွဲ့ကို လွတ်လပ်ရေး မရမီ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ဖွဲ့စည်း ခဲ့ပြီး ယင်းကာလ၌ ရွေးချယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးချယ်ရေးဆိုင်ရာ  စည်းမျဉ်းများနှင့်  ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ခဲ့ပါသည်။  ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၁ ပါ     ပြဋ္ဌာန်းချက်အရ ရာထူးဝန်အဖွဲ့အက်ဥပဒေကို     ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုအက်ဥပဒေအရ ရာထူးဝန်အဖွဲ့၏ တာဝန်သတ်မှတ်ချက် အနေအထားတို့ကို  ကြည့် လျှင် ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းများအား ရွေးချယ် ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ဝန်ထမ်းအဖွဲ့ ကူးပြောင်းခြင်း၊  စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင်   ဌာနအဖွဲ့အစည်းများကို    ပံ့ပိုး ဆောင်ရွက်ရန်နှင့်အစိုးရအား     အကြံပေးရန် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။ 
ဤသို့ ဖွဲ့စည်းထားခြင်းမှာ နိုင်ငံရေးပါတီစုံ ရှိသော ပါလီမန်စနစ်တွင် ဝန်ထမ်းများ ဘက်မလိုက် ရန်၊ နိုင်ငံရေးပါတီများက ဝန်ထမ်းရေးရာကိစ္စများ တွင်  စွက်ဖက်ခြင်းမပြုနိုင်ရန်နှင့်  ဝန်ထမ်းအဖွဲ့ အစည်းများသည် နိုင်ငံရေးအရ ဘက်မလိုက်သည့် ဝန်ထမ်းအဖွဲ့အစည်းများအဖြစ်  ရပ်တည်နိုင်ရန် ဖြစ်ပါသည်။ 
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့
ခေတ်စနစ်များ     ပြောင်းလဲခဲ့သည်နှင့်အညီ ရာထူးဝန်အဖွဲ့၏ ဖွဲ့စည်းမှုပုံစံများ ပြောင်းလဲလာ သကဲ့သို့ ဦးတည်ချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် များမှာလည်း  တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ၁၉၇၃ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် အရည်အချင်း ပြည့်ဝသော    နိုင်ငံ့ဝန်ထမ်းကောင်းများ    ရရှိရန် အတွက် ရွေးချယ်ရေးလုပ်ငန်းကိုသာမက ရွေးချယ် ပြီးသော ဝန်ထမ်းများအား အခြေခံလေ့ကျင့်ပညာ ပေးရေးလုပ်ငန်းတာဝန်ကိုယူရသည့် အနေအထား သို့   ရောက်ရှိလာခဲ့ပါသည်။   ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ဥပဒေကို    ၁၉၇၇ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေ (၄) အဖြစ် ပြဋ္ဌာန်းခဲ့ပြီး အဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ တိုက်ရိုက်ကွပ်ကဲ မှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ 
အဆိုပါပြဋ္ဌာန်းချက်များကို    လေ့လာလျှင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်တွင် အဓိကအချက်လေးချက် ပါဝင် သည်ကို တွေ့ရှိရပါသည်။ ယင်းတို့မှာ ဆိုရှယ်လစ် ဒီမိုကရေစီယန္တရား ပီပြင်စွာ အကောင်အထည်ဖော် ရေးတွင် ပါဝင်ရန်၊ ထိုယန္တရားအတွင်း ဝန်ထမ်းအဖွဲ့ အစည်းများ စနစ်တကျဖွဲ့စည်းနိုင်ရေးအတွက် အထောက်အကူပြုရန်၊    ဝန်ထမ်းအဖွဲ့အစည်း များတွင် လိုအပ်သည့် ဝန်ထမ်းများကို ရွေးချယ် ပေးရန်နှင့် လေ့ကျင့်ပေးရန်၊ ဝန်ထမ်းဆိုင်ရာ စည်း မျဉ်း၊ စည်းကမ်း၊ မူဝါဒနှင့် စံနှုန်းများချမှတ်ရေးတွင် နိုင်ငံတော်ကောင်စီအား အထောက်အကူပြုရန်တို့ ဖြစ်ကြပါသည်။ 
ထိုရည်ရွယ်ချက်များကို အထောက်အကူပြု သော နိုင်ငံ့ဝန်ထမ်းများ ပေါ်ထွန်းလာစေရန် ဗဟို ပြည်သူ့ဝန်ထမ်းကျောင်းအား ၁၉၇၇ ခုနှစ် မေလ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ၍ ဖွဲ့စည်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ တော်အပေါ် သစ္စာစောင့်သိရန်အလို့ငှာ ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် တက်ရောက်သော နိုင်ငံ့ဝန်ထမ်း များအား      နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်များကို ရွတ်ဆိုစေခဲ့ပါသည်။       နိုင်ငံတော်ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ၁၉၇၉ - ၁၉၈၀ လေ့ကျင့်ရေး နှစ်မှစတင်၍       ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ဝန်ထမ်းသင်တန်းသားများအား   ပြည်သူ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်လေးချက်ကိုစတင်၍ ရွတ်ဆိုစေခဲ့ပြီး ယင်းသစ္စာအဓိဋ္ဌာန် လေးချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 
(က)     ငါတို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရ ဆိုရှယ်လစ်လူ့ဘောင်ကို တည် ဆောက်မည်။  
(ခ)    ငါတို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရ ဆိုရှယ်လစ်ဒီမိုကရေစီလူမှုကိစ္စ များကို တည်ဆောက်မည်။ 
(ဂ)    ငါတို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရ      ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်မည်။ 
(ဃ)     ငါတို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ ရန်သူဟူသမျှကို တိုက်ဖျက်နေမည်။ 
ဆိုရှယ်လစ်လမ်းစဉ်ပါ မူဝါဒများ
ထို့နောက် ၁၉၈၇-၁၉၈၈ လေ့ကျင့်ရေးနှစ်မှ စတင်၍ နိုင်ငံတော်ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ဝန်ထမ်းများအနေဖြင့် ယင်းကာလတွင် ဆိုရှယ်လစ် လမ်းစဉ်ပါ       မူဝါဒများ   အားကောင်းစေရေး အထောက်အကူပြု၍     ဆောင်ရွက်ခြင်းထက် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ အစဉ်ရှေးရှု၍ ဆောင်ရွက်ကြရမည်ဟူသော မူဝါဒ သို့ပြောင်းလဲခဲ့ပြီး ပြည်သူ့ဝန်ထမ်းများ၏ သစ္စာ အဓိဋ္ဌာန်သုံးချက်ကို အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်-
(က)    ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူ တို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါ မည်။ 
(ခ)    ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူ တို့၏အကျိုးစီးပွားကို ဦးထိပ်ထားကာ မိမိတို့၏      လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်။  
(ဂ)    ယင်းသို့ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကျေပွန်စွာထမ်းဆောင် နိုင်ရေးအတွက် မိမိတို့၏လုပ်ငန်းကို ကျွမ်းကျင်နိုင်နင်းအောင် အစဉ်သဖြင့် ကြိုးစားနေမည်ဟု အဓိဋ္ဌာန်ပြုပါသည်။ 
၁၉၈၈ ခုနှစ်တွင် နိုင်ငံအတွင်း အရေးအခင်းများ ပေါ်ပေါက်လာခဲ့ပြီး   တပ်မတော်က  နိုင်ငံတော် အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက်  တပ်မတော် အစိုးရမှ နိုင်ငံသားတိုင်း လိုက်နာရမည့် ဒို့တာဝန် အရေး (၃) ပါးကို ချမှတ်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပြည်သူများနည်းတူ   ဒို့တာဝန်အရေး  (၃) ပါးကို လိုက်နာကျင့်သုံးရန်သာမက နိုင်ငံတော် အပေါ်   သစ္စာစောင့်သိရန်၊    နိုင်ငံရေးပါတီများ၏ အသုံးချခံမဖြစ်စေရန်နှင့် နိုင်ငံတော်မှ ပေးအပ် သောတာဝန်များကို   ကျေပွန်စွာထမ်းဆောင်ရန်  လိုအပ်သည့်အားလျော်စွာ        နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးတည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် အညီ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ  ၂၇ ရက်နေ့မှစတင် ၍ နိုင်ငံ့ဝန်ထမ်းများအား ဗဟိုဝန်ထမ်းတက္ကသိုလ် တွင်    နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို အောက်ပါအတိုင်း ပြောင်းလဲရွတ်ဆိုစေခဲ့ပါသည်- 
(က)    ကျွန်ုပ်တို့သည်   ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏သစ္စာကို စောင့်သိရိုသေ ပါမည်။ 
(ခ)     ကျွန်ုပ်တို့သည်  ပြည်ထောင်စုမပြိုကွဲ ရေးကို   ဦးတည်ကြိုးပမ်းဆောင်ရွက် ပါမည်။ 
(ဂ)    ကျွန်ုပ်တို့သည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို       ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။ 
(ဃ)    ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ် အခြာအာဏာ   တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ 
(င)    ကျွန်ုပ်တို့သည် ပြည်သူ့ဝန်ထမ်းများပီပီ နိုင်ငံရေးပါတီများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်သွားပါမည်။ 
(စ)    ကျွန်ုပ်တို့သည် နိုင်ငံတော်ကပေးအပ် သော အမိန့်နှင့် တာဝန်များကို ဦးလည် မသုန်    သက်စွန့်ကြိုးပမ်းထမ်းရွက် သွားပါမည်ဟု သစ္စာဓိဋ္ဌာန်ပြုပါသည်။ 
ခုနစ်ကြိမ်တိုင် ထပ်မံပြင်ဆင်
ထို့နောက် ယင်းသစ္စာအဓိဋ္ဌာန်  (၆)  ချက်ကို ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်တွင် တစ် ကြိမ်၊ ၂၀၀၇ ခုနှစ်တွင်  တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင်  တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင်  တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ခုနှစ်တွင်  တစ်ကြိမ်ဖြင့် စုစုပေါင်း နောက်ထပ် ခုနစ်ကြိမ်တိုင် ထပ်မံပြင်ဆင် ခဲ့ပါသည်။ ယင်းအကြိမ်များတွင် စကားရပ်အသုံး အနှုန်းကိုသာ  အနည်းငယ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ယနေ့တိုင် နိုင်ငံ့ဝန်ထမ်းများ လိုက်နာကြရမည့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်  (၆) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 
(က)    ကျွန်ုပ်တို့သည်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏သစ္စာကို စောင့်သိ ရိုသေပါမည်။ 
(ခ)     ကျွန်ုပ်တို့သည်    ပြည်ထောင်စုမပြိုကွဲ ရေးကို   ဦးတည်ကြိုးပမ်းဆောင်ရွက်ပါ မည်။                     
 (ဂ)    ကျွန်ုပ်တို့သည်  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို      ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။ 
(ဃ)    ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ် အခြာအာဏာ   တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။
 (င)     ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများ ပီသ စွာဖြင့် နိုင်ငံရေးပါတီများနှင့် ကင်းရှင်း အောင် နေထိုင်ပါမည်။
(စ)     ကျွန်ုပ်တို့သည်   နိုင်ငံတော်က  ပေးအပ် သော အမိန့်နှင့် တာဝန်များကို ဦးလည် မသုန်       သက်စွန့်ကြိုးပမ်းထမ်းရွက် သွားပါမည်ဟု         သစ္စာဓိဋ္ဌာန်ပြု ပါသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက် အနက် နံပါတ်(၁) အချက်မှာ နိုင်ငံ့ဝန်ထမ်းများ အတွက် အသက်တမျှအရေးကြီးသော နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်းဖြစ်ပြီး နံပါတ် (၂) အချက်မှ (၄) အထိသည် ဒို့တာဝန်အရေး (၃)ပါးကို စောင့်ထိန်းလိုက်နာသွားရန်ဖြစ်ကာ နံပါတ် (၅) အချက်သည် နိုင်ငံရေးဘက်လိုက်မှုကင်းရှင်း စေရန်ဖြစ်၍ နံပါတ် (၆) အချက်သည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့်   နိုင်ငံတော်က   ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို    ငြင်းဆန်ခြင်းမပြုဘဲ အမိန့်နာခံစွာထမ်းဆောင်ကြရန်ဖြစ်ရာ ယင်းသစ္စာ အဓိဋ္ဌာန်  (၆) ချက်ကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ    လိုက်နာကျင့်သုံးကြရမည်    ဖြစ်ပါ သည်။ 
နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်  (၆) ချက်
CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းအချို့ ပါဝင် သည့်အကြောင်းရင်းကို    လေ့လာဆန်းစစ်မည် ဆိုပါက ယေဘုယျအားဖြင့် နိုင်ငံ့ဝန်ထမ်းအများ  စုအနေဖြင့်      နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်  (၆)  ချက်ကို    မသိရှိကြသည်ကိုလည်းကောင်း၊   အချို့ ဝန်ထမ်းများမှာ ယင်းသစ္စာအဓိဋ္ဌာန်(၆) ချက်ကို ကြားဖူးသော်လည်း      မရွတ်ဆိုဖူးကြသည်ကို လည်းကောင်း၊ ကျန်ဝန်ထမ်းအများစုမှာ ယင်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ပါအချက်များကို    မဖြစ်မနေ လိုက်နာ စောင့်ထိန်းကြရမည်ကို         မသိရှိခြင်းကြောင့် လည်းကောင်း   ဖြစ်ပေါ်လာသည်ကို   တွေ့ရှိရ သည်။ 
စင်စစ်အားဖြင့်   နိုင်ငံ့ဝန်ထမ်းအချို့   CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်းသည် သစ္စာအဓိဋ္ဌာန် (၆) ချက်ပါ နံပါတ်(၁)အချက်ဖြစ်သည့် “နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်”နှင့်  နံပါတ် (၅)အချက်ဖြစ်သည့် “နိုင်ငံ့ဝန်ထမ်းများ  ပီသစွာဖြင့် နိုင်ငံရေးပါတီများနှင့်ကင်းရှင်းအောင်နေထိုင်ပါမည်” ဆိုသောအချက်တို့ကို အဓိကဖောက်ဖျက်ကျူးလွန် ခြင်းကြောင့်  နိုင်ငံတော်အပေါ်  သစ္စာဖောက်ခြင်း၊ သစ္စာမဲ့ခြင်းပြစ်မှုကို    ကျူးလွန်ခဲ့ကြခြင်းပင်ဖြစ် ပါသည်။ 
ဤသို့ဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို     မဖြစ်မနေ လိုက်နာကျင့်သုံးရန်နှင့် သစ္စာအဓိဋ္ဌာန်  (၆) ချက်ပါ အချက်များကို မဖောက်ဖျက်ရန် လွန်စွာအရေးကြီး သည်ဆိုသော အသိစိတ်ဓာတ် (Importance of Having A Sense of Purpose) ရှိရန်တို့   လိုအပ် လှပါသည်။ 
သို့ဖြစ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေ ဖြင့်  ဝန်ထမ်းများအကြား   နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်  (၆) ချက်ကို မဖြစ်မနေလိုက်နာကြရမည့် အသိစိတ်ဓာတ်ရရှိစေရေး Awareness မြှင့်တင် ပေးမည့်အစီအစဉ်များ  ချမှတ်ဆောင်ရွက်ရန်နှင့် အဆိုပါသစ္စာအဓိဋ္ဌာန်  (၆)  ချက်အား ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင်သာမက  ဝန်ကြီးဌာန၊   အဖွဲ့ အစည်းများအနေဖြင့် သက်ဆိုင်ရာဌာနအစီအစဉ် ဖြင့် ဆောင်ရွက်မှသာ Awareness အမှန်တကယ် မြှင့်တင်လာနိုင်မည်ဖြစ်ပါသည်။ 
ယင်းသို့ဆောင်ရွက်ရန်        မိမိအနေဖြင့် ကောင်းမွန်ထိရောက်သောနည်းလမ်းကို မျှဝေရ မည်ဆိုပါက ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများအားလုံးသည် ပြည်ထောင်စုရာထူးဝန် အဖွဲ့တွင် ကျင့်သုံးသော  နံနက်ပိုင်း ရုံးတက်ချိန်တွင် ဝန်ထမ်းများအား  စုပေါင်းတန်းစီစေပြီး   နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို    အတူတကွ ရွတ်ဆိုစေခြင်းဖြင့်   နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်  (၆) ချက်ကို နိုင်ငံ့ဝန်ထမ်းများ အမြဲတစေသိရှိစေ မည်ဖြစ်သကဲ့သို့ ယင်းတို့ကို မဖြစ်မနေလိုက်နာရန် စွဲမြဲသွားစေနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြ လိုက်ရပါသည်။        ။