နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးပြုလာသည့် Smart Technology နည်းပညာများ

Type

 

ဒေါက်တာ မျိုးသန့်

 

ယနေ့နိုင်ငံအများစုသည် ခေတ်မီတိုးတက်ပြောင်းလဲလာသော နည်းပညာများကိုအခြေခံ၍ ဘက်စုံ၊ ထောင့်စုံမှ တိုးတက်မှုရှိအောင် ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ခေတ်မီနည်းပညာများတွင် Smart နည်းပညာသည်လည်းအရေးပါသော နည်းပညာတစ်ခုဖြစ်ရာ ယင်းနည်းပညာအတွက် ပေါင်းစပ် ပါဝင်နေသော ပညာရပ်များကို သိရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်များတွင် Smart နည်းပညာများ စတင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း လက်တွေ့ခန်းသုံး အဆင့်သာရှိနေသေး၍ ပြီးပြည့်စုံသော အနေအထားသို့ မရောက်နိုင်သေးသည်ကိုတွေ့ရှိခဲ့ရပါသည်။
လက်ရှိအခြေအနေတွင်   အိမ်သုံးထိန်းချုပ်မှု နည်းပညာများ၊    စက်ရုံသုံးထိန်းချုပ်မှုစနစ်များ၊ ဘဏ်စနစ်များမှစ၍  ကျန်းမာရေးစောင့်ကြည့် လုပ်ငန်းများအထိ ၎င်းနည်းပညာများ ပါဝင်နေသည် ကို တွေ့မြင်ရပါသည်။ ကိုင်တွယ်မြင်တွေ့ရသည့် အပိုင်းအနေဖြင့်   လေယာဉ်များ၊   တံတားများ၊ အဆောက်အဦများမှစ၍ ကွန်ပျူတာအခြေပြု အသိ ဉာဏ်အတု(Artificial Intelligence) လုပ်ငန်းများနှင့်ဆက်စပ်ရေးသားထားသော ပရိုဂရမ်  အစိတ် အပိုင်းများအထိ ပါဝင်နေသည်ကိုတွေ့ရှိရပါသည်။
လက်ရှိ Smart နည်းပညာများမှ အသုံးများ လာသောနည်းပညာရပ်များမှာ   အောက်ပါအတိုင်း တွေ့ရှိရပါသည်-
    (က)    ပတ်ဝန်းကျင်အခြေအနေအား   အချိန်နှင့် တစ်ပြေးညီစောင့်ကြည့်စနစ်များ။
    (ခ)    အခြေအနေတစ်ခုအား အန္တရာယ်ဖြစ်နိုင် သောအခြေအနေ ရှိ/ မရှိ    ခွဲခြား  စစ်ဆေးပေးနိုင်မှုများ။
    (ဂ)    အလိုအလျောက်   စမ်းသပ်ပြုပြင်ခြင်း များ။
တည်ဆောက်မှုပုံစံများကို သိရှိထားရန်လိုအပ်
အထက်ဖော်ပြပါနည်းပညာများကို    အခြေခံ တည်ဆောက်ထားသော   လမ်း/  တံတားများ၊ စက်ရုံများ၊ ကျန်းမာရေးဆိုင်ရာများ၊   စောင့်ကြည့် စနစ်များအတွက် တည်ဆောက်မှုပုံစံများကို   သိရှိ ထားရန် လိုအပ်ပါသည်။ ကြီးမားသော စက်ရုံတစ်ခု ဖြစ်စေ၊ လမ်းတံတားဖြစ်စေ  တည်ဆောက်မည့်ပုံစံ များပေါ်တွင်    Smart နည်းပညာအရ  အာရုံခံ ကိရိယာမျိုးစုံအသုံးပြုရန် လိုအပ်မည်ဖြစ်သည်။ ယင်း  အာရုံခံကိရိယာအချင်းချင်း  ကွန်ရက် ဆက်သွယ်နိုင်မှုနည်းပညာ အချက်အလက်ပို့လွှတ် ခြင်းနည်းပညာများလည်း   ပေါင်းစပ်ပါဝင်နေမည် ဖြစ်သည်။ 
အချို့နေရာများတွင် အာရုံခံစောင့်ကြည့်စနစ် များအနေဖြင့် တစ်နေရာနှင့်တစ်နေရာ‌ ဝေးကွာလှ သည်ဖြစ်ရာ   ကြိုးမဲ့နည်းပညာများလည်း   အသုံး ဝင်လာမည်ဖြစ်သည်။ ထို့ပြင်  Smart နည်းပညာများ အတွက် ချိတ်ဆက်အသုံးပြုရမည့်   ဓာတ်အားပေး စနစ်အတွက် ကြာရှည်ခံဓာတ်အားပေးအပိုင်းများအတွက်ပါ စဉ်းစားတွက်ချက်ထားရမည် ဖြစ်သည်။ Smart နည်းပညာအသုံးပြုမှု အတွက် ပရိုဂရမ် ရေးသားထားသော  Firmware Chip များသည် လည်း   အရေးပါသောနေရာသို့ ရောက်ရှိလာပါသည်။
အာရုံခံကိရိယာအပြိုင်အဆိုင်ထုတ်လုပ်လာ
Smart နည်းပညာတစ်ခု စတင်သန္ဓေတည်သည် မှစ၍ အံ့မခန်းသော    ထိန်းချုပ်မှုစနစ်များအထိ တိုးမြှင့်လုပ်ဆောင်လာရန်အတွက်     များပြားလှစွာ သော အာရုံခံစနစ်များ၊ ကွန်ပျူတာကဲ့သို့လုပ်ဆောင် နိုင်မည့် Hardware ပစ္စည်းများ၊   အလင်း၊ အရောင်၊ အသံဖမ်းယူနိုင်မည့်    အာရုံခံကိရိယာအမျိုးမျိုး အတွက် ဒီဇိုင်းထုတ်လုပ်သည့်   ကုမ္ပဏီများအနေ ဖြင့် အပြိုင်အဆိုင်ထုတ်လုပ်လာနေသည်ကို တွေ့ရှိ ရသည်။
အောက်ဖော်ပြပါ  နည်းပညာများသည် အနာဂတ် အဆင့်မြင့်နည်းပညာများအဖြစ် ဖြစ်ထွန်းလာမည် ကို တွေ့ရှိရပါသည်-
    (က)    အဆင့်မြင့်မြို့ပြများနှင့် အင်တာနက် အသုံးချမှုများ (Smart Cities and IOT- Internet of Things)။
    (ခ)    မျိုးဆက်သစ်      ကွန်ရက်များအတွက် ရေဒီယိုလှိုင်းနှုန်းများ      မျှဝေသုံးစွဲမှု (Radio Spectrum Sharing for 5G)။
    (ဂ)    အဆင့်မြင့်အဆောက်အဦများတွင် အသုံး ပြုမည့် အင်တာနက်စနစ်။
အဆင့်မြင့်မြို့ပြစနစ်များအတွက်  စနစ်များ ၏စနစ် (Systems of Systems) ဟု တင်စားနိုင်သည့် နည်းပညာအကြောင်းအရာများတွင်  အောက် ဖော်ပြပါ အခြေခံအချက်များ ပေါင်းစပ်ပါဝင်နေရမည် ဖြစ်ပါသည်-
    (က)    လူ (People)။
    (ခ)    အဖွဲ့အစည်းအခြေခံအဆောက်အအုံ (Community Infrastructure)။
    (ဂ)    အစိမ်းရောင်အခြေခံအဆောက်အအုံ (Green Infrastructure)။
    (ဃ)    အဆောက်အဦများ (Buildings)။
    (င)    သတင်းအချက်အလက် နည်းပညာ(ICT)။
    (စ)    ပစ္စည်းများ (Materials)။
    (ဆ)    ပို့ဆောင်ရေး (Transport)။
    (ဇ)    ရေပေးဝေမှု (Water)။
    (စျ)    စွမ်းအားပေးစနစ် (Energy)။
ဒစ်ဂျစ်တယ်နည်းပညာထည့်သွင်းပေးထား
အဆင့်မြင့်မြို့ပြ (Smart City) များအနေဖြင့် စဉ်ဆက်မပြတ် ပြီးပြည့်စုံသော  လိုအပ်ချက်များ ဖြစ်သည့်  စွမ်းအင်နှင့် ထုတ်ကုန်ထွက်ရှိမှု၊ ပြန်လည် အသုံးပြုနိုင်မည့် စွမ်းအင်နှင့် ပြန်လည်ထုတ်ယူသုံးစွဲနိုင်မည့်စွမ်းအား၊   ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ လွယ်ကူသက်သာမှုနှင့်   အကျိုးအမြတ်ရှိမှုများ ပေါင်းစပ်  ပါဝင်နေရမည်  ဖြစ်ပါသည်။   ထို့ပြင် စနစ်များ၏စနစ်ဟု ခေါ်ဆိုသည့်အတိုင်း   ဒစ်ဂျစ် တယ်နည်းပညာအသုံးပြု       ချိတ်ဆက်နိုင်မည့် ကွန်ရက်များ၊ နယ်ပယ်အလိုက်  အာရုံစိုက်လုပ်ကိုင် ထားရမည့်အချက်များ   ထည့်သွင်းပေးထားရမည် ဖြစ်ပါသည်။
လက်ရှိခေတ်စားနေသော IOT-Internet of things ဟု ခေါ်ဆိုသည့်    မည်သည့်ကိစ္စရပ်မဆို  အင်တာနက်မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း များလည်း အနာဂတ်ကာလတွင်  ပိုမိုတိုးတက်လာ မည်ကို     တွေ့ရှိရမည်ဖြစ်သည်။     ယင်းအတွက် တစ်ဦးတစ်ယောက်မှသည်       အခြားတစ်ဦး တစ်ယောက်ဆီသို့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း အသုံးပြုမှုများ   ပိုမိုတွင်ကျယ်လာမည်ဖြစ်သည်။ လူတစ်ဦး၏ ကွန်ပျူတာစက်မှ အခြားလူတစ်ဦး၏ ကွန်ပျူတာစက်သို့   ဆက်သွယ်မှုအား   (M2M- Machine to Machine) ဟု တင်စားခေါ်ဆိုလာခဲ့ကြ ပါသည်။ 
အာရုံခံကိရိယာ ၃၅ဝဝ ကျော် တပ်ဆင်
အဆင့်မြင့်အဆောက်အဦ (Smart Buildings)များ အနေဖြင့်လည်း အာရုံခံကိရိယာ ၃၅ဝဝ ကျော် တပ်ဆင်အသုံးပြု၍ ထိန်းချုပ်ခြင်း၊ အချက်အလက် ကောက်ယူခြင်း၊ IOT များ အချိန်ပြည့်အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းများ  စီမံထားရှိမည်   ဖြစ်ပါသည်။  ကြယ်ငါးပွင့်အဆင့်ရှိ    အဆောက်အဦများတွင် အစိမ်းရောင်ကြယ်ပွင့်များ (Green Star) များအဖြစ် ထပ်မံ၍ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်   တစ်နည်း အစိမ်းရောင်စွမ်းအင်များ   ထပ်မံဖြည့်စွက်ပေးထား မည် ဖြစ်ပါသည်။ 
ပြန်လည်ပြည့်ဖြိုးမြဲ   စွမ်းအင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်များ၊  လေစွမ်းအင်နှင့် အခြား စုပေါင်းစွမ်းအင်များအားစုစည်း၍   လိုအပ်သော နေရာများသို့ ဖြန့်ဖြူးနိုင်မည့်စနစ်များပါ   ပေါင်းစပ် ထားခြင်းဖြင့် အခြားစွမ်းအားပေး ကုန်ကျစရိတ်များ လျော့ကျလာနိုင်မည်ဖြစ်ပါသည်။ 
အဆင့်မြင့်အဆောက်အဦ (Smart Buildings) များအနေဖြင့်   မိုးလေဝသ  တိုင်းတာရေးဆိုင်ရာ အာရုံခံကိရိယာများ၊ အဆောက်အဦအတွင်းနေရာ များအတွင်း   မြှုပ်နှံထားသော     အောက်ဖော်ပြပါ လုပ်ငန်းများအတွက်       အာရုံခံကိရိယာများ မြောက်မြားစွာ အသုံးပြုလာမည်ဖြစ်ပါသည်-
    (က)    လေသန့်စင်မှုနှင့်   လေထုညစ်ညမ်းမှု ကာကွယ်ရေးဆိုင်ရာများ။
    (ခ)    ပြင်ပမှထုတ်လုပ်သော အန္တရာယ်ဖြစ်စေ နိုင်သော ဓာတ်ငွေ့အတွက် ကာကွယ်ရေး ဆိုင်ရာများ။
    (ဂ)    သဘာဝနှင့်စွမ်းအားပေးအလင်းရောင်မျှတစွာ ထိန်းညှိနိုင်ရေးဆိုင်ရာများ။
    (ဃ)    အပူချိန်နှင့်   စိုထိုင်းစ   တိုင်းတာရေး ဆိုင်ရာများ။
    (င)    အသံပိုင်းဆိုင်ရာများနှင့် လူဝင်/လူထွက် စစ်ဆေးမှုများ။
ကောင်းမွန်သော ကြိုးမဲ့စနစ်များ  အသုံးပြုလာ
အနာဂတ်မြို့ပြများတွင်     ဖြစ်ထွန်းလာမည့် နည်းစနစ်များအနေဖြင့် 5G ကွန်ရက်နှင့်   အင်တာ နက်သုံးစွဲမှု (IOT) များ ပေါင်းစပ်အာရုံပြုလာမည့်စနစ်အဖြစ်  မြင်တွေ့လာကြရမည်ဖြစ်ရာ    လိုအပ် သောအချက်အလက်      ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက်    လိုအပ် သောနည်းပညာများ ကြိုတင်မှန်းဆဆောင်ရွက် ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် IOT နှင့် 5G ကြိုးမဲ့ကွန်ရက်များအတွက်   ရေဒီယိုလှိုင်းနှုန်း ဘောင်များ   ထွက်ပေါ်လာမည်ဖြစ်ရာ    ကောင်းမွန် ပြည့်စုံသော ကြိုးမဲ့စနစ်များ  အသုံးပြုရန် လိုအပ် လာမည်ဖြစ်ပါသည်။
နိုင်ငံတကာတွင်       အသုံးပြုလာနေသော နည်းပညာအသစ်အဆန်းများအတွက် ပြည်တွင်းရှိ ပညာရှင်များအနေဖြင့် ကြုံတွေ့လာရမည့်   နည်း ပညာစိန်ခေါ်မှုများအတွက်      ကြိုတင်ပြင်ဆင် ထားသင့်ပါကြောင်း     ရေးသားတင်ပြလိုက်ရပါ သည်။    ။