
နေပြည်တော် ဩဂုတ် ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရုံးသစ် အဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်ရုံး ကမ္ပည်းမော်ကွန်း ကြေးပြားဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကမ္ပည်း မော်ကွန်းကြေးပြားဆိုင်းဘုတ်ကို အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးသစ် အဆောက်အအုံဖွင့်ပွဲ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ (၅)တွင် သီးခြားဖော်ပြထား ပါသည်။)
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် အစိုးရက အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ဖွဲ့စည်းပေး ခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော အဂတိ လိုက်စားမှုများကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရေးအတွက် ကော်မရှင် ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈ - ၂၀၂၁) ကိုရေးဆွဲကာ နှစ်အလိုက် လုပ်ငန်း အစီအစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းမဟာဗျူဟာတွင် လုပ်ငန်း နယ်ပယ် ၅ ခု၊ လုပ်ငန်းစဉ် ၁၃ ခု၊ စံသတ်မှတ်ချက် ၅၃ ခု ပါရှိပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန် အထိ ကော်မရှင်၏ ဆောင်ရွက်ပြီးစီး ခဲ့မှုများကို ပြန်လည်သုံးသပ်ရာတွင် စံသတ်မှတ်ချက် ၈၀ ရာခိုင်နှုန်း အထက် အောင်မြင်ပြီးမြောက်ခဲ့ ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ရာတွင် ကော်မရှင်၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာအား လက်တွေ့ကျပြီး တာရှည် ခံသော အောင်မြင်မှုများ ဖြစ်ထွန်း စေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဗျူဟာနှစ်ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ယင်းနည်းဗျူဟာ နှစ်ရပ်မှာ မမြင်ကွယ်ရာတွင် လျှို့ဝှက် စွာ ဖုံးကွယ်ကျူးလွန်လေ့ရှိသော အဂတိလိုက်စားမှုအမျိုးအစားများကို သိသိသာသာ လျော့နည်းကျဆင်းသွား အောင် ကန့်သတ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်သည့် “ဥပဒေမူဘောင်ကို ခိုင်ခံ့အောင်တည်ဆောက်ရေးဆိုသည့် နည်းဗျူဟာတစ်ရပ်”နှင့် အဂတိ လိုက်စားသူများ၏ ဒုစရိုက်ကစားကွင်း ကို တဖြည်းဖြည်းချင်း ကျဉ်းမြောင်း သည်ထက် ကျဉ်းမြောင်းသွားစေရန် ရည်ရွယ်သည့် “အများပြည်သူဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ၏ ဖြောင့်မတ် တည်ကြည်မှု (Public Integrity)နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ဖြောင့်မတ်တည်ကြည်မှု (Business Integrity)တို့ကို ဟန်ချက်ညီမြှင့်တင် ပေးရေးဆိုသည့် နည်းဗျူဟာတစ်ရပ်” တို့ ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်သွားမည်
ယင်းဗျူဟာနှစ်ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက “အမျိုးသား အဆင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးမဟာဗျူဟာ” တစ်ရပ်ကို ကော်မရှင် ကရေးဆွဲနိုင်ရန် အားပေးလိုလားလျက် ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ထို့ကြောင့် ကျန်ရှိ နေသော လုပ်ငန်းတာဝန်ကို ကျန်ရှိ သည့် အချိန်ကာလအတွင်းတွင် ဖြစ်နိုင်သမျှ အောင်မြင်မှုရရှိစေရန် ကော်မရှင်အနေဖြင့် အထူးအလေး အနက်ထား ကြိုးပမ်းအကောင် အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။
အများပြည်သူဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ၏ ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့ (CPU)များကို ဖွဲ့စည်းထားပါ ကြောင်း၊ CPU များသည် ရုံးဌာန အလိုက်၊ လုပ်ငန်းအလိုက် လက်ရှိ ကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့် ညွှန်ကြားချက်များတွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ် ရှိ၊ မရှိ ဆန်းစစ်ခြင်း၊ CRA လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်ရန်လိုအပ် ပါက ပြည်ထောင်စုဝန်ကြီးထံ တင်ပြ ၍ ပြင်ဆင်ခြင်း၊ ရုံးဌာနအလိုက် တည်မြဲလုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲပြီး ပြည်သူလူထုအား အသိပေး သင့်သည်ကို ပွင့်လင်းမြင်သာစွာ အသိ ပေးခြင်း၊ ရုံးဌာနများနှင့်ပူးတွဲ၍ လုပ်ငန်းဆောင်ရွက်နေသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ အဂတိ လိုက်စားမှုကို ဆန့်ကျင်သော ကျင့်ဝတ်များ ရေးဆွဲလိုက်နာခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်း နှစ်ဦးနှစ်ဖက်အကြားတွင် အခက်အခဲ ပြဿနာများရှိလာပါက တာဝန်ရှိသူ အများရှေ့တွင် ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ဖြေရှင်း ပေးခြင်း၊ မိမိတို့ ရုံး၊ ဌာန၏ ဝန်ဆောင် မှုအပေါ် ပြည်သူလူထု၏ အမြင်သဘော ထားကိုသိရှိပြီး လိုအပ်ချက်များကို ပြုပြင်ပေးနိုင်ရန်အတွက် ပြည်သူ တစ်ဦးချင်းထံမှ သဘောထားမှတ်ချက် များတောင်းခံခြင်း စသည့် အရေးကြီး သော တာဝန်များကို ထမ်းဆောင်နိုင်ပါ ကြောင်း၊ ထိုသို့ ထမ်းဆောင်နိုင်ရန် အတွက်လည်း ကော်မရှင်က လေ့ကျင့် ပေးထားပြီးဖြစ်ပါကြောင်း၊ အချို့ CPU များတွင် အောင်မြင်မှုများ တွေ့ရှိနေရ ပြီဖြစ်သော်လည်း အချို့မှာ ထိုက်သင့် သော တိုးတက်မှုများ မရှိသေးပါ ကြောင်း။
အမိန့်ထုတ်ပြန်ထား
အလားတူ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကိုလည်း ကော်မရှင်က အဂတိလိုက်စားမှုကို ဆန့်ကျင်သော ကျင့်ဝတ် (CoC)များ ရေးဆွဲလိုက်နာ ကြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထား ပြီးဖြစ်ပါကြောင်း၊ UMFCCI မှ တစ်ဆင့် သော်လည်းကောင်း၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ NGO များမှ တစ်ဆင့် သော်လည်းကောင်း တိုက်တွန်းလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် အချိန်မီထွက်ပေါ်လာနိုင်ပါက CPU နှင့် CoC ကို မဏ္ဍိုင်ပြုထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဗျူဟာသည် ပိုမိုဆောလျင်စွာ အကောင်အထည် ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးထံ နိုင်ငံတော်တစ်ဝန်း လုံးရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် တက္ကသိုလ်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ရည်ညွှန်းစာစောင်များ လွှဲပြောင်း ပေးအပ်သည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
သတင်းစဉ်