နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်

 

ရန်ကုန်   အောက်တိုဘာ    ၂၇


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) ၂၀၂၃-၂၀၂၄ (၁၃၈၅-၁၃၈၆)ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယ(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများ သည် အစိုးရပထမကြီးတန်း၊  စေတိယင်္ဂဏစာသင်တန်း၊  သကျသီဟ စာသင်တန်းတစ်ခုခု   အောင်မြင်ပြီး   သက်တော် (၃၀)နှစ်၊   သိက္ခာ (၁၀)ဝါအောက် ရှိရမည်။


သာသနတက္ကသီလ    မဟာဓမ္မာစရိယတန်း (ပထမနှစ်) သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် သာသနတက္က သီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယ ဘွဲ့၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခုရရှိပြီး သက်တော်(၃၅)နှစ်၊ သိက္ခာ(၁၅)ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါကြောင်း သိရသည်။


ဖြေဆိုကြရမည်


သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက် ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့် ညီမျှ သော ဝိနည်းဆိုင်ရာ(၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ မေးခွန်းလွှာ တစ်ခု၊ ပါဠိဆိုင်ရာ (၅)ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅)ပုစ္ဆာ မေးခွန်း လွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ်သည်။


သာသနတက္ကသီလ  မဟာဓမ္မာစရိယတန်း (ပထမနှစ်)  ဝင်ခွင့် လျှောက်ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလ ဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့် ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ကို ပထမနေ့တွင် (က)အတ္ထယောဇနာ (ခ)ဝါကျသဒ္ဒါ (ဂ)အဓိပ္ပာယတ္ထ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာ ဖြေဆိုရမည်။ ဒုတိယနေ့ တွင်  ပါဠိ၊  မြန်မာ၊  အင်္ဂလိပ်၊  ပြန့်ပွားဘာသာအားဖြင့်  (၁၀) ပုစ္ဆာ  ဖြေဆိုရမည်။


ဆက်သွယ်စုံစမ်းနိုင်


သာသနာ့တက္ကသိုလ်ဝင်ခွင့်  လျှောက်ထားလွှာများကို  ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၉ ရက်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်၊ အင်္ဂါနေ့ (အစိုးရရုံးပိတ်ရက်များမှအပ) တွင်   စတင်ထုတ်ပေးသွား မည်ဖြစ်ပြီး ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသောအချက်များကို နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)   မော်ကွန်းထိန်းရုံး  (ဖုန်း၊ ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈)နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁)တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်