
ရန်ကုန် မတ် ၇
နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာ တော်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး) တို့မှ ပါမောက္ခချုပ် ဆရာတော်များ၊ ဒုတိယပါမောက္ခ ချုပ် (သင်ကြား/စီမံ)ဆရာတော် များ၊ မော်ကွန်းထိန်း ဆရာတော် များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ညှိနှိုင်းတိုင်ပင်အဖြေရှာ
ဦးစွာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက အဖွင့်သြဝါဒကထာ မြွက်ကြား ရာတွင် ‘‘ဗုဒ္ဓသာသနာတော်ဟူ သော အဖွဲ့အစည်းကြီး၏ သက်တမ်းသည် ယခုအခါနှစ်ပေါင်း ၂၅ဝဝ ကျော် ရှိလာခဲ့ပြီဖြစ်ပြီး ထိုအဖွဲ့အစည်း (သံဃာ) ၏ အခြေခံစည်းမျဉ်းစည်းကမ်းများ (ဝိနည်း) ကောင်းမွန်မှန်ကန်ခြင်း နှင့် အဖွဲ့ဝင်ပုဂ္ဂိုလ် (သံဃာတော်) များက ထိုစည်းမျဉ်းစည်းကမ်း များကို လေးလေးစားစား လိုက်နာ ကျင့်သုံး အကောင်အထည်ဖော် နေကြပါကြောင်း၊ အဖွဲ့အစည်း တစ်ခု ရေရှည်ရပ်တည်နိုင်မှုသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယူအဆကွဲပြားမှုကို ရှောင်ရှား ပြီး ညီညွတ်အဆင်ပြေရေးကို ရှေးရှုလျက် ညှိနှိုင်းတိုင်ပင် အဖြေ ရှာကာ မိမိတို့၏ တာဝန်ကိုကျေပွန် အောင် ဆောင်ရွက်ကြစေလို ကြောင်း’’ မြွက်ကြားသည်။
မဟာဌာနကြီးသုံးခုဖွဲ့စည်း
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က ‘‘နိုင်ငံ တော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး) တို့သည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကျမ်းဂန် များကို အဓိကဘာသာရပ်များ အဖြစ် သတ်မှတ်ပြီး ဝိနယပိဋက မဟာဌာန၊ သုတ္တန္တပိဋကမဟာ ဌာန၊ အဘိဓမ္မပိဋကမဟာဌာန ဟူ၍ မဟာဌာနကြီး သုံးခု ဖွဲ့စည်း ကာ အထူးပြုသင်ကြားလျက်ရှိပြီး အခြားသော ပိဋကတ်ဆိုင်ရာ ပါဠိ စာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ် စာပေနှင့် ဗုဒ္ဓဒေသနာပြန့်ပွား ရေး ပညာဘာသာရပ်တို့ကိုလည်း အထောက်အကူပြု ဘာသာရပ် များအဖြစ် သတ်မှတ်ပြီး ဌာန လေးခုဖွဲ့စည်းကာ မူရင်းပိဋကတ် ကျမ်းဂန်များ၏ အထောက်အကူ ပြုသဘောဖြင့် သင်ကြားလျက် ရှိပါကြောင်း။
ယနေ့ခေတ် နိုင်ငံတကာ တက္ကသိုလ်များ၌ သင်ကြားလျက် ရှိသော ပိကတ်ကျမ်းဂန်များကို ခေတ်စနစ်နှင့်အညီ သင်ကြား နည်းစနစ်ပေါင်းစုံဖြင့် ချဉ်းကပ် လေ့လာသင်ယူ ပို့ချပေးနေခြင်း ကြောင့် ပိဋကတ်ကျမ်းဂန်များကို စနစ်တကျ သင်ယူဆည်းပူးရာ ပရိယတ္တိပညာရေးဌာန ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်၏ သင်ရိုး ညွှန်းတမ်း စည်းမျဉ်းစည်းကမ်း များအရ သာသနတက္ကသီလဓမ္မာ စရိယတန်း၊ သာသနတက္ကသီလ မဟာ ဓမ္မာစရိယတန်း၊ သာသန တက္ကသီလ ဓမ္မပါရဂူတန်းဟူ၍ အတန်း သုံးတန်း သတ်မှတ်ထား ပြီး သတ်မှတ်အရည်အချင်းများ အောင်မြင် ပြီးမြောက်သည့်အခါ တွင်လည်း ဘွဲ့အမျိုးအစား သုံးမျိုးကို ဆက်ကပ်လှူဒါန်းပေး လျက် ရှိပါကြောင်း။
နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ပါမောက္ခချုပ် ဆရာတော်များ၊ ဒုတိယပါမောက္ခ ချုပ် ဆရာတော်များနှင့်တကွ သင်ကြား/စီမံ ဆရာတော်များ၏ သာသနာပြုသဒ္ဓါတရား အခြေခံ ဖြင့် စေတနာမေတ္တာတရားရှေ့ထား ကာ သင်ကြားပို့ချမှု၊ သင်တန်း သား ရဟန်းတော်များ၏ ယုံကြည် ချက်သဒ္ဓါတရား ဝီရိယစွမ်းအား နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အားပေးထောက်ပံ့ အလုပ်အကျွေး ပြုမှုဟူသော ထောင့် သုံးထောင့် ဟန်ချက်ညီစွာ ဆောင်ရွက်ကြပါက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၏ ရည်မှန်းချက်များ အောင်မြင် ပြီးမြောက် ခရီးရောက်မည်ဟု ယုံကြည်ပါကြောင်း။
တက်ညီလက်ညီကြိုးပမ်း
ထိုသို့ သာသနာတက္ကသိုလ် များ၏ သာသနာပြုလုပ်ငန်းများ ဆက်လက် တိုးတက်အောင်မြင် စေရန် ဆရာဒကာ ညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်ကြခြင်းဖြင့် ဘုရားရှင်၏ အဆုံးအမတရားတော်များသည် နယ်စပ်တောင်တန်း ဒေသပါ မကျန် ပြည်တွင်းမှသည် ပြည်ပ သို့တိုင် ဝေစည်ထွန်းကားပြန့်ပွား စေလျက် ဗုဒ္ဓမြတ်စွာသာသနာ သည်လည်း အနှစ်ငါးထောင်မက ကြာအောင် အရှည်ခိုင်ခံ့တည်တံ့ ထွန်းလင်းပြန့်ပွား တိုးတက် နိုင်ပါစေကြောင်း’’ လျှောက်ထား သည်။
ဆက်လက်၍ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးမင်းထွန်းက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း သည့် ဆောင်ရွက်ချက်များ၊ တက္ကသိုလ်များဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ် ချက်များနှင့်စပ်လျဉ်းသည့် တင်ပြ ချက်များကို လျှောက်ထားသည်။
ထို့နောက် တက္ကသိုလ်စီမံ ခန့်ခွဲရေးအဖွဲ့ (ရန်ကုန်၊ မန္တလေး) တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးကြပြီး ဆွေးနွေးချက်များ နှင့်ပတ်သက်၍ အတည်ပြုချက် နှင့် ဆုံးဖြတ်ချက်များကို ချမှတ် ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ က ‘‘ထောင့်သုံးထောင့်’’ တွင် ပါဝင် ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ် များအနေဖြင့် သဒ္ဓါကိုအခြေခံပြီး အခြားသော ကုသိုလ်ကံများကို ပွားများနိုင်မည်ဖြစ်၍ မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ အပြု အမူ သုံးမျိုးကို အကောင်းဆုံး ပြုမူဆောင်ရွက် လုပ်ကိုင်ကြစေ လိုကြောင်း နိဂုံးချုပ် ဩဝါဒါ ကထာ မြွက်ကြားပြီး အစည်း အဝေးကို ရုပ်သိမ်းသည်။
လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အစည်းအဝေးသို့ ကြွရောက်လာကြသည့် နိုင်ငံ တော်သံဃမဟာနာယက ဆရာ တော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
သတင်းစဉ်