
နေပြည်တော် ဇူလိုင် ၂၉
နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက် ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ အား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု အရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ ကမ်းခြေနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေ များသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇူလိုင် ၂၄ ရက် တွင် ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ အနားယူအပန်းဖြေခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များမှ ဧရာဝတီ တိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက် ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင် ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေ ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ ရှိ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ် ကြီး၊ ချောင်းသာမြို့ စကားဝါတောင်ပေါ်ရှိ ဒီပါအေးမြမဟာနဂါးရုံဘုရားနှင့် အန္တဇိန လောကမာရ်အောင် စေတီတော်မြတ်ကြီး တို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာ မြို့ စကားဝါတောင်မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတိုက်ရှိ ဓမ္မဗိမာန်တော် ကြီး၌ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ချောင်းသာမြို့ ရွှေသာယာမြို့မဈေး၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်ပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်း စသည့် အထင် ကရနေရာများသို့ သွားရောက်လေ့လာ ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ် ငပလီ ကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေ၌ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်း များ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံး အားကစားများ ဆောင်ရွက်ခြင်း၊ နားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သံတွဲမြို့ရှိ ရွှေဆံတော်ဘုရား၊ မဒေးတောင် ဘုရား၊ ရွှေအံတော်ဘုရား၊ ရွှေနံတော် ဘုရားများသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ငပလီ မြို့မဈေး၊ ပုလဲကျွန်း၊ မြပတ္တမြားဥယျာဉ် များစသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ထိုကဲ့သို့ ဇူလိုင် ၂၄ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူအပန်းဖြေခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များသည် ယနေ့ တွင် စုရပ်နေရာများဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့သို့ ပြန်လည်ရောက်ရှိကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။
အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည် များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊ ဒေသအသီးသီးရှိ တန်ခိုးကြီး ဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာ များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက် ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြပြီး(အပေါ်ပုံ) ၎င်းတို့အတွက် လွန်စွာ အကျိုးရှိခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေ ခရီးစဉ်သွားရောက်နိုင်ရေး စီစဉ်ပေးခဲ့ သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကာ စိတ်ဓာတ် ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်