
နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ် အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘော တူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကြပြီး ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ဝေသော ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာ၊ တိုင်းရင်းသားရေးရာစာအုပ်များနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်