နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဩဂုတ်   ၃၁


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)  ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တက်ရောက်


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ၊    ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ  ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု  ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။

 


အပြန်အလှန် ဆွေးနွေးညှိနှိုင်း


ဒုတိယနေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း(၁)၊ (၂)နှင့် (၃)တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)၊ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီမှုရှိ၊ မရှိ လေ့လာစိစစ်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်   ဒုတိယဗိုလ်ချုပ်ကြီး   ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး  တက်ရောက်လာကြသူများက ၎င်းတို့၏  ဆန္ဒ သဘောထားများနှင့် လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်း ကြသည်။
ထို့နောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရပ်နားလိုက်သည်။

 


ဆက်လက်ကျင်းပသွားမည်


တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ စက်တင်ဘာ ၁ ရက်တွင်  ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်