
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီး၊ စစ်ရေးချုပ် အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အထွေထွေ အတွင်းရေးမှူးချုပ် စောကျော်ညွန့်တို့ တက်ရောက် ကြသည်။
ဒုတိယနေ့ ဆွေးနွေးပွဲတွင် ပထမနေ့ ဆွေးနွေးချက်များအပေါ် နှစ်ဖက် သဘောထားများအား ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)နှင့် (၃) တို့ ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများ နှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ စိစစ်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် က တစ်ချက်ချင်းအလိုက် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက် လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက် များကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရပ်နားခဲ့သည်။ တတိယနေ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်