နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

===============================================================

နေပြည်တော် ဩဂုတ် ၁၃

 

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ရှိ နီလာခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာ၊ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် စောမြရာ ဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF)ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောမိုရှေး၊ စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်း အရုံး၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနော် ကပေါ်ထူး၊ တွဲဖက်အတွင်းရေးမှူး စောကျော်ညွန့်၊ (KNU)ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူး၊ ဗဟို ကော်မတီဝင် ပဒိုစောအယ်ကလူစေး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာခွန်ဆာ၊ အတွင်းရေးမှူး ကျာဆော်လမွန်၊ ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့ တက်ရောက်ကြ သည်။

လက်ရောက်ပေးအပ်

 

အစည်းအဝေးမစတင်မီ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အထိ အချိန်ကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး(JICM)တွင် ငြိမ်းချမ်းရေး ဦးဆောင်သူများအဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်း သူ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ကရင် အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ မွန်ပြည်သစ်ပါတီ (NMSP) နာယက နိုင်ထောမွန်၊ ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောမိုရှေး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဖြားတန်ခွန်ဥက္ကာ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် ကရင်အမျိုး သားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် ကြိုးပမ်း ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေးဦးဆောင်သူများ ဆု တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို လက်ရောက် ပေးအပ်ထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကြေညာသည်။

 

ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာတွင် အားလုံးသိရှိထား ပြီးဖြစ်သည့်အတိုင်း မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ကြုံတွေ့ခဲ့ရ သည့် မတူကွဲပြားသော ဝါဒရေးရာ ပဋိ ပက္ခ၊ တန်းတူရေး ပဋိပက္ခများကို နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ အကျိုး ဆက်အားဖြင့် လက်နက်ကိုင်ပြီး ဖြေရှင်းကြရာမှ လက်နက်ကိုင်ပဋိ ပက္ခ၊ လက်နက်ကိုင်တိုက်ပွဲများ မချုပ် ငြိမ်းနိုင်ဘဲ ယနေ့အနေအထားအထိ ဆိုက်ရောက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအတွက် ခေတ်အဆက် ဆက်တွင် နည်းလမ်းမျိုးစုံ၊ ချဉ်းကပ်မှု ပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း နှစ်ပေါင်း ၇၀ ကျော်သည့် ယနေ့ ယခုအချိန်တိုင် ဆက်လက် ကြိုးပမ်းနေရဆဲပင် ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ခေတ်၊ မိမိတို့ကာလတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရခြင်း ၏ ဇာစ်မြစ်ဖြစ်သည့် အမျိုးသားတန်းတူ ရေးနှင့် အမျိုးသားညီညွတ်ရေးအတွက် ဖြေရှင်းချက်သည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်သည်ကို အားလုံးက တညီ တညွတ်တည်း လက်ခံထားကြပြီး ဖြစ်ပါကြောင်း။

 

သို့သော်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို မည်သည့်လုပ်ငန်း စဉ်မျိုးဖြင့် ကူးပြောင်း၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို မည်သည့်အဆင့်မျိုးဖြင့် တည်ဆောက် ကြမည်ဆိုသည့်နေရာတွင် မိမိတို့ အကြား သဘောထားများ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေခဲ့ကြပါကြောင်း၊ ယင်းသည်လည်း သဘာဝကျပါ ကြောင်း၊ မတူကွဲပြားသည့်သဘော ထား အမြင်များကို တစ်ထပ်တည်းကျ စေရန်နှင့် တစ်ခုတည်းဖြစ်စေရန် အတင်းအကျပ် ဖိအားပေးမှုများဖြင့် ဖြေရှင်း၍ မရနိုင်ပါကြောင်း၊ နှစ်ပေါင်း ၇၀ ကျော် ကွဲပြားခြားနားခဲ့သည့် သဘောထားများကြားမှ ပြည်ထောင်စု ကို မည်သို့ရှေ့ဆက်ကြမည်ဆိုသည့် ဘုံတူညီချက်ကို ရှေးရှုနိုင်ရန် ဦးစွာကြိုးပမ်းခဲ့ကြရခြင်း ဖြစ်ပါ ကြောင်း၊ နားလည်မှုများမျှဝေကြရပြီး ယုံကြည်မှုများ တည်ဆောက်ကြရပါ ကြောင်း၊ ထိုသို့ နားလည်မှု၊ ယုံကြည်မှု များတည်ဆောက်နိုင်ရန်အတွက် မိမိ တို့ တိုင်းရင်းသားများ၏ ဒဏ်ရာဒဏ် ချက်များ၊ ခံစားချက်များ၊ နာကျင်မှုနှင့် လိုအင်ဆန္ဒများကို ထပ်တူခံစားပေး နိုင်ရန် အထူးပင်အရေးကြီးပါကြောင်း။

 

ယနေ့တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲ ဝိုင်းများမှနေ၍ ကွဲပြားခြားနားမှုများ ကြားမှ အားလုံးသဘောတူ လက်ခံ နိုင်သည့် အဆင့်လိုက်လမ်းစဉ်တစ်ခု၊ အသေးစိတ် အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ယင်းမှာ နှစ်ဖက်အလုပ်အဖွဲ့များ တင်ပြလာခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ မူကြမ်းပင်ဖြစ်ပါ ကြောင်း၊ အဆိုပါသဘောတူစာချုပ် သည် မိမိတို့ ရင်ဆိုင်တွေ့ကြုံနေ ရသည့် လက်ရှိမြန်မာ့နိုင်ငံရေး အကျပ် အတည်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည့် လမ်း ကြောင်းတစ်ခုကို ထင်ထင်ရှားရှား ဖော်ပြနိုင်တော့မည်ဖြစ်ပါကြောင်း။

 

ယင်းစာချုပ်သည် ပြီးပြည့်စုံသည့် စာချုပ်တစ်ရပ် ဖြစ်ပြီလားဆိုလျှင် မပြည့်စုံသေးဘူးဆိုသည်ကို မိမိတို့ အမှန်အတိုင်း ရှုမြင်ကြရန်၊ အမှန် အတိုင်း လက်ခံကြရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများတွင် ခေါင်းစဉ်ကြီး(၈)ခုကို ဖော်ထုတ်နိုင် ခဲ့ကြသော်လည်း အသေးစိတ် ဆက် သွားရမည့်လုပ်ငန်းစဉ်များကို မိမိတို့ ဆက်လက်ဆွေးနွေး ညှိနှိုင်းကြရဦး မည်ဖြစ်ပါကြောင်း၊ အဆင့်လိုက် သွားမည့် လုပ်ငန်းစဉ်များတွင် မည်သည့်အချိန်၌ ပြည်နယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ ကို မည်သို့ရေးဆွဲကြပြီး ပြည်ထောင်စု နှင့် ပြည်နယ် အာဏာခွဲဝေမှုများကို တစ်ဆင့်ပြီးတစ်ဆင့် မည်သို့သွား ကြမည်၊ မည်သည့်အဆင့်များတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ရေးကို မည်သည့်ပုံစံဖြင့် လုပ်ဆောင် ကြမည်ဆိုသည့် ကိစ္စရပ်များကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်ရန် အတွက် ဆက်လက်ပြီး အသေးစိတ် ဆွေးနွေးညှိနှိုင်းကြရဦးမည် ဖြစ်ပါ ကြောင်း။

 

ကြုံတွေ့ခဲ့ရ

 

မည်သို့ပင်ဖြစ်စေကာမူ ယနေ့ အစည်းအဝေးတွင် အလုပ်အဖွဲ့က တင်ပြလာသည့် ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း(၃)၏ မူကြမ်း သည် လွယ်လင့်တကူ ရရှိလာခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပပြုလုပ်ခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးပြီးသည့်နောက် မိမိ တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အနိမ့်အမြင့်၊ အတက်အကျများစွာ ဖြင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ တရားဝင် အစည်းအဝေးများ ခေါ်ယူကျင်းပနိုင် ခြင်းမရှိသည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းသည် လည်း ရပ်ဆိုင်းသွားခဲ့ရသည်ဟုဆိုနိုင် သည့် အနေအထားအထိ မိမိတို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယင်း ကာလတွင် မိမိတို့ NRPC အနေဖြင့် အလွတ်သဘောတွေ့ဆုံမှုများ၊ တရား ဝင်အစည်းအဝေးများကို တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရပါကြောင်း၊ ရပ်ဆိုင်းသွားခဲ့ ရသည့် NCA လမ်းကြောင်းကို ပြန်လည်ဆယ်တင်နိုင်ရန်၊ ဆိုင်းငံ့ သွားခဲ့ရသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ရန် အတွက် နည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစားပြီး ပုံစံအမျိုးမျိုးဖြင့် ချဉ်းကပ်ခဲ့ရပါကြောင်း။

အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့

 

NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် လက်တွေ့ဖြစ်ပေါ်နေသည့် ပြဿနာရပ်များ၊ မပြေလည်မှုများနှင့် အတူ အောက်ခြေတပ်ဖွဲ့ဝင်များအချင်း ချင်းအကြားတွင် ဖြစ်ပွားနေသည့် ထိတွေ့မှုများ၏ အကြောင်းရင်းများကို အမှန်အတိုင်း ပြန်လည်သုံးသပ်၊ အမြင်ချင်းဖလှယ်၍ မည်သို့ဖြေရှင်း ကြမည်၊ အားလုံးသဘောတူ လက်ခံ နိုင်မည့် ဖြေရှင်းချက်ကို မည်သို့ ရှာကြ မည်ကို အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြရပါကြောင်း၊ ယခုချက်ချင်း အဖြေမရှာနိုင်သေးသည့် ကိစ္စများကို ရေရှည်ညှိနှိုင်းသွားနိုင်မည့် လုပ်ငန်း စဉ်တစ်ခု မည်သို့ ချမှတ်မည်ကိုလည်း နည်းအမျိုးမျိုးဖြင့် စဉ်းစားသုံးသပ် အဖြေရှာခဲ့ရပါကြောင်း၊ နိုင်ငံရေး အပိုင်း၊ စစ်ရေးအပိုင်း ဟန်ချက်ညီ မျှတသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန်၊ အတိတ်တွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ပြီး ပိုမိုကောင်းမွန်သည့် လမ်းကြောင်းများကို မည်သို့ပုံဖော် ကြမည်၊ အနာဂတ်ကာလတွင် မည်သည့်လမ်းကြောင်းမျိုးက အားလုံး အတွက် လိုက်ပါရာတွင် အဆင်ပြေ မည်ဆိုသည်ကိုပါ နှစ်ဖက်အလုပ် အဖွဲ့များအနေဖြင့် မနားမနေ ဆွေးနွေး ညှိနှိုင်းခဲ့ကြရခြင်း ဖြစ်ပါကြောင်း။

 

နားလည်သဘောပေါက်

 

ယနေ့ အစည်းအဝေးသို့ တင်ပြလာ သည့် စာချုပ်မူကြမ်းကို ကြည့်လိုက် သည်နှင့် နှစ်ဖက်အလုပ်အဖွဲ့များ မည်မျှအထိ ဆွေးနွေးညှိနှိုင်း၊ ငြင်းခုံ၊ ကြိုးပမ်းအားထုတ်ခဲ့ရသည်ကို မိမိတို့ နားလည် သဘောပေါက်ပါကြောင်း၊ ထိုသို့ အရှိန်အဟုန်ဖြင့် ဆွေးနွေးမှုများ ဆက်တိုက် ဆောင်ရွက်နေချိန်တွင် ကမ္ဘာနှင့်တစ်ဝန်းCOVID-19 ကပ်ရောဂါ ပျံ့နှံ့မှုများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုများ အရှိန်အဟုန် လျော့ကျသွားခဲ့ရသည့်ကြားမှ ဆွေးနွေး မှုများ ရပ်ဆိုင်းမသွားစေရန် Video Conferencing ဖြင့် ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ယင်းသို့စိန်ခေါ်မှု အမျိုးမျိုး ကြားမှ မဆုတ်မနစ် ကြိုးပမ်းဆောင် ရွက်ပေးခဲ့ကြသည့် နှစ်ဖက်ကိုယ်စား လှယ်များ၊ ပါဝင်ပတ်သက်သူများ၊ ဝိုင်းဝန်းပံ့ပိုးခဲ့ကြသူများ အားလုံးကို မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိသည်ကို အလေးအနက် ပြော ကြားလိုပါကြောင်း။

 

m စာမျက်နှာ ၃ မှ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည်မှာ ရေရှည် သဘောဆောင်သည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေ ဖြင့် မရရှိနိုင်သေးသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း တစ်ချိန် တည်း တစ်ပြိုင်တည်း ကြိုးပမ်းနေရပါ ကြောင်း၊ ထိုသို့ ရေရှည်သဘောဆောင် သည့်လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ချိတ် ဆက် စဉ်းစားပြီးသည့်နောက် ယင်း လုပ်ငန်းစဉ်များအားလုံး ခြုံငုံအကျုံး ဝင်ပြီး ရှေ့ဆက်သွားမည့် အဆင့်လိုက် လုပ်ငန်းစဉ်ကို မိမိတို့ ဖော်ထုတ်ရရှိ လာခဲ့ပါကြောင်း၊ အဆိုပါ လမ်းကြောင်း သည် မိမိတို့နိုင်ငံ၏ အတိတ်က ခါးသီး သည့်အတွေ့အကြုံများကို ဖြေဖျောက် ပေးနိုင်ရန်၊ ယနေ့ ရင်ဆိုင်ကြုံတွေ့နေ ရသည့် ပြည်ထောင်စု၏ အခက်အခဲ များကို ပြေလည်စေရန်နှင့် မိမိတို့ တိုင်းရင်းသားအားလုံး၏ အနာဂတ် ပြည်ထောင်စုအိပ်မက်ကို အကောင်း ဆုံး ပုံဖော်နိုင်ရန်အတွက် မိမိတို့ အားလုံး ဆက်လက်ပြီး ကြိုးပမ်းကြရ ဦးမည် ဖြစ်ပါကြောင်း။

အများကအသိအမှတ်ပြု

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအားလုံး ရင်ဆိုင်တုံ့ပြန်ကြရာတွင် နိုင်ငံတိုင်း က အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ခဲ့ကြသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ စိန်ခေါ်မှုက တစ်ခုတည်းပင်ဖြစ်ပါ ကြောင်း၊ သို့သော် တုံ့ပြန်မှု၊ စီမံဆောင် ရွက်မှု မတူညီသည့် အနေအထားတွင် အကျိုးသက်ရောက်မှုများလည်း မတူ ညီကြပါကြောင်း၊ မိမိတို့ နိုင်ငံကဲ့သို့ နွမ်းပါးသည့် နိုင်ငံ၊ ပဋိပက္ခများနှင့် နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားခြင်းမရှိသည့် နိုင်ငံ တစ်နိုင်ငံအနေဖြင့် ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှု၊ အသိစိတ် ဓာတ်ရှိရှိ လိုက်နာဆောင်ရွက်မှု များကြောင့် COVID-19 ကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်တုံ့ပြန် နိုင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ခဲ့သည့်အတွက် အများက အသိအမှတ် ပြုသည့် ချီးကျူးစကား ပြောဆိုမှုများ လည်းရှိနေပါကြောင်း၊ ယင်းကို မိမိတို့ ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ ပြည်သူများအတွက် ဂုဏ်ယူသည်ဟု ပြောလိုပါကြောင်း၊ သို့သော် ကပ်ရောဂါ မပြီးသေးသည့်အတွက် မိမိတို့ ပြည်သူ များကို ထပ်တလဲလဲ သတိပေး နှိုးဆော်နေရဆဲပင် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကို အချင်းချင်း သွေး ကွဲပြီး မညီညွတ်သည့်၊ ပဋိပက္ခများဖြင့် ပြည့်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ခဲ့ကြသော်လည်း တစ်နိုင်ငံလုံး နှင့်ဆိုင်သည့် စိန်ခေါ်မှုများကို လက်တွေ့ ရင်ဆိုင်လာရချိန်တွင် မိမိတို့ ပြည်သူများ စည်းလုံးညီညွတ်ပြီး စည်းကမ်းရှိသည်ကို COVID-19 ဖြစ် စဉ်တွင် အထင်အရှားတွေ့မြင်နိုင်ပါ ကြောင်း၊ နိုင်ငံငယ်သော်လည်း အခြေ အနေ မဆိုးရွားစေရန်နှင့် အကောင်း ဆုံး အနေအထားရောက်စေရန် မိမိတို့ လုပ်ဆောင်နိုင်သည်ဆိုသည်ကို လက် တွေ့ပြသနေပြီ ဖြစ်ပါကြောင်း။

နိုင်ငံရေးသဘောတူညီချက်

အလားတူ ငြိမ်းချမ်းရေးနှင့်ပတ် သက်၍ အစည်းအဝေးများ ခေါ်ယူ တွေ့ဆုံညှိနှိုင်း၍ မရသည့်အခြေအနေ၊ NCA လမ်းကြောင်း ရပ်ဆိုင်းသွားရ သည့်အခြေအနေမှ ယနေ့တွင် (၂၁) ရာစုပင်လုံ ညီလာခံကိုကျင်းပနိုင်သည့် အနေအထားကို ရောက်လာပြီဖြစ်ပါ ကြောင်း၊ ထို့ပြင် နိုင်ငံရေး သဘော တူညီချက်များ ရယူနိုင်သည့် အနေ အထားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်း ရေးအတွက် ရှေ့ဆက်၍ တစ်လှမ်းပြီး တစ်လှမ်း၊ တစ်ဆင့်ပြီး တစ်ဆင့် ဖော်ဆောင်နိုင်မည့် အဆင့်လိုက် အစီ အစဉ်တစ်ခုရယူနိုင်သည့် အနေ အထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ ကြောင်း။

ထိုသို့အောင်မြင်မှုများရရှိလာခြင်းသည် ယနေ့ အစည်းအဝေးကို တက် ရောက်လာခဲ့ကြသည့် နှစ်ဖက်သော ခေါင်းဆောင်များ၊ နှစ်ဖက် အလုပ်အဖွဲ့ များနှင့် အဘက်ဘက်က ပံ့ပိုးကူညီသူ များ၏ ငြိမ်းချမ်းရေးအပေါ် နှစ်နှစ် ကာကာ အလေးအနက်ထားမှုများ ကြောင့် ယနေ့ကဲ့သို့ အနေအထား အထိ ရောက်ရှိလာခဲ့သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ခရီးတွင် မိမိတို့ ရှေ့သို့များစွာ ဆက် လက်လျှောက်လှမ်းကြရဦးမည်ဖြစ်ပါ ကြောင်း၊ ယနေ့ရရှိထားသည့် အပြန် အလှန်နားလည်မှု၊ အပြန်အလှန်

ယုံကြည်မှုများကြောင့် ရှေ့ဆက်မည့် ခရီးတွင် ပိုမိုထိရောက် ကောင်းမွန်ပြီး ခိုင်မာမှန်ကန်သည့် ခြေလှမ်းသစ်များ ဆက်လက်လျှောက်လှမ်းနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ထားပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ ပြည်ထောင်စု၏ အနာဂတ်ခရီး အတွက် မိမိတို့ အသက်ရှင်နေစဉ်နှင့် မိမိတို့ ကြိုးစားခွင့်ရနေစဉ်အတွင်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်းအားထုတ်၍ မိမိတို့၏ မျိုးဆက်သစ်များလက်ထဲသို့ ငြိမ်းချမ်း ရေးအမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်း ဆောင်ကြဉ်းပေး နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူ များအားလုံး မျှော်လင့်တောင့်တနေကြ သည့် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲ ရလဒ်များနှင့်အညီ တည်ဆောက် ကြရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အဓိက အခန်းကဏ္ဍတစ်ခုဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးသည် အရေးကြီးသည့် လုပ်ငန်း တစ်ရပ်ဖြစ်သကဲ့သို့ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် JICM အလုပ်အဖွဲ့ဝင်များ၏ အားကြိုးမာန် တက် အကြိတ်အနယ် ဆွေးနွေးမှု ရလဒ်သည် များစွာအထောက်အကူ ပေးသည့်အတွက် JICM အလုပ်အဖွဲ့ ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့ကျင်းပသည့် (၉)ကြိမ် မြောက် JICMအစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေး၌ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် ရှစ်ချက်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ခြင်း၏ ရလဒ်ဖြစ်ပါကြောင်း၊ ကြားကာလများ တွင် ကြန့်ကြာသွားသည်မှာ မမျှော် လင့်ဘဲ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် ဆွေးနွေး ပွဲများ ရပ်ဆိုင်းထားခဲ့ရသော်လည်း ရနိုင်သည့် နည်းလမ်းများဖြင့် Video Conferencing အပါအဝင် အလုပ် အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးမှုများ အရ (၉)ကြိမ်မြောက် JICM အစည်း အဝေးကို ကျင်းပနိုင်ခြင်းဖြစ်ပါ ကြောင်း။

သတိပြုရန်တိုက်တွန်း

ယခုအစည်းအဝေးသည် အလုပ် အဖွဲ့များ၏ ကြိုတင်ညှိနှိုင်းသဘောတူညီချက်များအပေါ် အတည်ပြုကြရ မည်ဖြစ်ပါကြောင်း၊ အလုပ်အဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ် ပြုပါသော်လည်း ဆွေးနွေးချက်များ အပေါ် သုံးသပ်ရလျှင် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ယခုထက်ပို၍ ရသင့်ပါကြောင်း၊ ယခု(၉)ကြိမ်မြောက် JICM ညှိနှိုင်းအစည်းအဝေးအတွက် အလုပ်အဖွဲ့များညှိနှိုင်းဆွေးနွေးမှု လေး ကြိမ် ဆောင်ရွက်ရာတွင် အချို့အချက် များသည် NCA တွင် အတိအကျ ဖော်ပြပါရှိပြီးဖြစ်သော်လည်း စာသား အဓိပ္ပာယ်အယူအဆ အနက်ကောက်မှု လွဲချော်သွားခြင်းဖြင့် ဆွေးနွေးရမည့် အချက်အသစ်အား မဆွေးနွေးနိုင်ဘဲ အယူအဆလွဲမှားနေသည့် သက်ဆိုင် ရာ NCA ပါအချက်ကို ထပ်မံရှင်းလင်း ဆွေးနွေးရခြင်း၊ NCA ကို အခြေခံသည့် ညှိနှိုင်းအစည်းအဝေးများ၌ Bilateral/ Parallel ကဲ့သို့ မူလသဘောတူညီ ချက်ကိုပင် ထပ်မံ၍ ပြင်ဆင်လိုမှု ကြောင့် အပြန်အလှန်ထပ်မံဆွေးနွေး ရခြင်း၊ Federal Security System ကဲ့သို့ NCA တွင်မပါရှိဘဲ လုံခြုံရေးနှင့် မပတ်သက်သည့် စာသားများ ထည့်သွင်းဆွေးနွေးခြင်း စသည့် အချို့ အချက်များအရ ရှေ့ဆက်လက်ဆွေး နွေးရမည့် အချက်များကို အရှိန်အဟုန် ဖြင့် ဆွေးနွေးရမည့်အစား နောက် ကြောင်းပြန်ရှင်းလင်းခြင်း၊ ထပ်မံ ဆွေးနွေးရခြင်းဖြင့် မလိုလားအပ်သော အဖိုးတန်အချိန်များ ကုန်ဆုံးသကဲ့သို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်စောင့်စားနေသည့် ပန်းတိုင် ရောက်ရန် ကြန့်ကြာနေသည့်အတွက် အရပ်အဖွဲ့များ ရှေ့ဆက်လက်ပြီး ဆွေးနွေးရန် ကျန်ရှိသည့်အချက်များ ကို အရှိန်အဟုန်ဖြင့် ဆွေးနွေးရာတွင် သတိပြုရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တ နေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ စရိုက်၊ လက္ခဏာများ အပေါ်မူတည်ပြီး မိမိနိုင်ငံနှင့် ကိုက်ညီ သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပုံစံ ကိုသာ ချမှတ်ရမည်ဖြစ်ပြီး မိမိနိုင်ငံနှင့် လူမျိုးတို့၏ စရိုက်၊ လက္ခဏာနှင့် မကိုက်ညီသော အများသူငါ တိုက်တွန်း သည့် ပုံတူကူးချနည်း၊ အဓမ္မသွတ်သွင်း သည့် ပုံစံများအပေါ် သတိမမူဂူမမြင် ဘဲ ဆွေးနွေးချက်များနှင့် ရလဒ်များကို အချိန်ကုန် လူပန်း ခရီးမတွင် မဖြစ်ရ စေရန် ယခုတက်ရောက်လာကြသည့် တာဝန်ရှိသူများအားလုံးနှင့် မိမိတို့ အလုပ်အဖွဲ့ဝင်များ၊ လက်အောက် ရဲဘော် ရဲဘက်များကို သတိပေးနေရန် လိုအပ်ပါကြောင်း။

အတတ်နိုင်ဆုံးရှောင်ရှား

ဥပမာအားဖြင့် အင်္ကျီတောင်မှ ကိုယ်တိုင်းနှင့်မချုပ်ဘဲ အသင့်ချုပ်ပြီး သား ဝယ်ဝတ်လျှင် တစ်ယောက်နှင့် တစ်ယောက် ဆိုဒ်ချင်းမတူသလို၊ ဆိုဒ်တူလျှင်တောင်မှ ပခုံးအကျဉ်း အကျယ်၊ လက်အတိုအရှည် ကွာခြား သလိုမျိုး ဖြစ်သည့်အတွက် မိမိရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ စရိုက်၊ လက္ခဏာများနှင့် ယဉ်ကျေးမှုအပေါ် တွင် အခြေခံ၍ “ဒို့တာဝန်အရေး သုံးပါး” ဦးတည်ချက် မပျောက်ပျက်စေဘဲ ဆက်လက် ဆွေးနွေးကြပြီး ရလဒ် ကောင်းများ ယခုထက် ပိုမိုရရှိပါစေဟု ဆန္ဒပြုအပ်ပါကြောင်း၊ ထိုသို့ ဆွေးနွေး ရာတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခ ကြောင့် အဖွဲ့အစည်း အချင်းချင်း ယုံကြည်မှု တည်ဆောက်သည့် နေရာတွင် မယုံကြည်မှုများ အတတ် နိုင်ဆုံး ဖြေလျှော့ကြရမည်ဖြစ်ရာ အဖွဲ့အစည်းအချင်းချင်း တစ်ဖက်နှင့် တစ်ဖက် သံသယဖြစ်စရာ၊ မသင်္ကာ ဖွယ် ဖြစ်စရာများကို လုံးဝဆောင်ရွက် ခြင်းမပြုလျှင် အကောင်းဆုံးဖြစ်ပါ ကြောင်း၊ ပုံသေနည်းအရ သံသယ နည်းလျှင် ယုံကြည်မှုတိုးမည်ဖြစ်၍ အလုပ်အဖွဲ့များ ရှေ့ဆက်လက် ဆွေးနွေးရာတွင် လည်းကောင်း၊ အဖွဲ့ အစည်းအချင်းချင်း ဆက်ဆံရာတွင် လည်းကောင်း သံသယဖြစ်စေမည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံးရှောင် ရှားပေးကြရန် ပြောကြားလိုပါကြောင်း။

မိမိတို့သွားနေသည့် ဦးတည်ချက် သည် ပါတီစုံဒီမိုကရေစီစနစ် ထာဝရ ငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရမည်ဖြစ် သည့်အတွက် ဒီမိုကရေစီခေတ်တွင် လူတိုင်းသည် မိမိဆန္ဒကို ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ ဖော်ထုတ်နိုင်ခွင့်ရှိ သကဲ့သို့ မည်သည့်အဖွဲ့အစည်းမဆို မိမိတို့၏ သဘောဆန္ဒကိုလည်း ဥပဒေ နှင့်အညီ ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြ ခွင့် ရှိကြပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြေခံ ဥပဒေပုဒ်မ ၃၅၄ တွင် အတိအလင်းဖော်ပြထား ပြီးဖြစ်သည့်အတွက် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု များအပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင် မိမိအဖွဲ့ အစည်းအလိုက် လိုလားသည့်၊ ဖြစ်သင့် သည့် ဆန္ဒများကို ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆက်လက် အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပ သည့် (၉)ကြိမ်မြောက် JICM ညှိနှိုင်း အစည်းအဝေးသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ရလဒ်ကောင်း များဖြင့် ပြည်ထောင်စုသဘောတူ စာချုပ်အဖြစ် ထည့်သွင်းဖော်ပြရန် အချက်များကို အတည်ပြုပေးသည့် အစည်းအဝေးဖြစ်၍ မင်္ဂလာရှိပါ ကြောင်း၊ ၂၀၂၀ အလွန် ဆက်လက် ဆွေးနွေးဆောင်ရွက်ကြရမည့် လုပ်ငန်း စဉ်များအကောင်အထည်ဖော်မှုဆိုင်ရာများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကြီး တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆွေးနွေးရာ တွင်လည်း တစ်ဖက်နှင့်တစ်ဖက် အတိုးအလျှော့၊ အဆုတ်အတက်တို့ကို စိတ်ရှည် သည်းခံစွာဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဓလေ့၊ စရိုက်၊ လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသည့် အချက်အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဆွေး နွေးကြရန် တိုက်တွန်းအပ်ပါကြောင်း၊ ပြည်တွင်းအင်အားသည် ပြည်တွင်းမှာ သာရှိပါကြောင်း၊ နွားကွဲလျှင် ကျားဆွဲ တတ်ပါကြောင်း၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဖြစ်ပါကြောင်း၊ အရေးကြုံပါက ကိုယ့်တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်းသာ အေးအတူ ပူအမျှ ပြဿနာအရပ်ရပ်ကို စည်းလုံးညီညွတ်စွာ ဖြေရှင်းရမှာ ဖြစ်ပါကြောင်း၊ ကိုယ်အား ကိုယ်ကိုး မှသာရပါကြောင်း၊ ယနေ့သည် IT ခေတ်၊ Globalization ခေတ်ဖြစ်၍ တစ်နိုင်ငံတည်း တံခါးပိတ်ရပ်တည်၍ မရတော့ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင်လည်း ကိုယ်ကျိုး စီးပွားမူဝါဒ National Interest အပေါ်မူတည်ပြီး မည်သူမျှ မိမိ ကိုယ်ကို၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ထက် ပိုပြီး၊n စာမျက်နှာ ၄ မှ

ကျော်ပြီး အခြားသူများ၊ အခြားလူမျိုး၊ အခြားနိုင်ငံအပေါ် မကောင်းနိုင်သည် ကို သတိပြုရမည်ဖြစ်ပါကြောင်း၊ မည်သူ့မျှလည်း မိမိထက်ပိုပြီး စေတနာ၊ မေတ္တာ မျှဝေမပေးနိုင်ပါ ကြောင်းကို သတိမူကြပြီး မိမိတို့နိုင်ငံ အမြန်ဆုံး ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်နိုင်ပါစေကြောင်း၊

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်း ရေးအတွက် ကိုယ်ရောစိတ်ပါနှစ်လျက် အားသွန်ခွန်စိုက် စိတ်တူကိုယ်တူ သံသယကင်းရှင်းစွာဖြင့် ဆက်လက် ဆောင်ရွက်သွားရန် စိတ်အားထက် သန်လျက်ရှိပါကြောင်း ပြောကြား သည်။

ချမှတ်ပေးနိုင်ခဲ့

ထို့နောက် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်က JICM အစည်းအဝေးကို ပုံမှန်အတိုင်း ဆိုလျှင် သုံးလတစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တွင် (၈) ကြိမ်မြောက် JICM အစည်း အဝေးကို ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန် မှုများနှင့် ဆုံးဖြတ်ချက်များကိုချမှတ် ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းလမ်းညွှန်မှု များနှင့် ဆုံးဖြတ်ချက်များ အကာင် အထည်ဖော်ဆောင်ရွက်ရန် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များကို တာဝန်ပေး အပ်ခဲ့ပါကြောင်း။

(၈)ကြိမ်မြောက် JICM အစည်း အဝေးမှ ချမှတ်ပေးသည့် လမ်းညွှန်မှု များနှင့် ဆုံးဖြတ်ချက်များဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော် မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေး၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် EAO များ ပိုမိုပါဝင်လာရေး စသည့် အကြောင်းအရာများကို နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ရှစ်လ နီးပါး အချိန်ယူ၍ တရားဝင်ညှိနှိုင်း အစည်းအဝေးကို (၈)ကြိမ် ကျင်းပ ကာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ သည့်အတွက် ထိုက်သင့်သည့် ရလဒ် ကောင်းများကို ရရှိခဲ့သည်ဟု သိရပါ ကြောင်း။

ထိုသို့အချိန်ယူပြီး ညှိနှိုင်းအစည်း အဝေးများ စဉ်ဆက်မပြတ်ကျင်းပပြီး နှစ်ဖက်အတွက် မျှမျှတတဖြစ်စေ သည့် ကျေနပ်လက်ခံနိုင်သည့်ရလဒ် ကောင်းများကိုရရှိအောင် ညှိနှိုင်းဆွေး နွေးပေးခဲ့ကြသည့် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ် ပြုပါကြောင်း။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို လာမည့် ဩဂုတ် ၁၉၊ ၂၀၊ ၂၁ ရက်များတွင် ကျင်းပနိုင် အောင် စီစဉ်နိုင်ခဲ့ခြင်းသည် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များ၏ မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် တစိုက်မတ် မတ်ကြိုးပမ်းမှုများ၏ ရလဒ်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ အပြုသဘော ကောင်းမွန်သည့် ရလဒ်များရရှိအောင် နောက်ကွယ်မှ လမ်းညွှန်ကြီးကြပ် တည့်မတ်ပေးခဲ့သည့် နှစ်ဖက်အကြီး အကဲများ၊ ခေါင်းဆောင်များ၏ အခန်း ကဏ္ဍသည်လည်း အဓိကကျပါ ကြောင်း။

ယနေ့အစည်းအဝေးတွင် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့မှ တင်ပြလာသည့် ညှိနှိုင်းရေးအဖွဲ့များ၏ အစည်းအဝေး ရလဒ်များကို JICM မှ အတည်ပြုပေး ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့် အချိန်ဇယားကိုလည်း အတည်ပြုပေးရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေ အနေအောက်တွင် ယနေ့ကျင်းပသည့် JICM အစည်းအဝေးသို့ တတ်ရောက် နိုင်ရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုအပ်သည့်ခရီး သွားလာရေး အဆင်ပြေချောမွေ့အောင် မိမိတို့ NCA-S EAO ခေါင်းဆောင် ကိုယ်စားလှယ်များအတွက် နိုင်ငံတော် အစိုးရက စီစဉ်ဆောင်ရွက်ပေးမှု အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြ သူများက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ အတည်ပြု ခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်း ချုပ်ဆိုမည့် သဘောတူညီချက်များ ဖြစ်သည့် NCA အကောင်အထည်ဖော် မှုဆိုင်ရာ မူဘောင်သဘောတူညီချက် များ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘောတူညီချက်များကို အတည်ပြုခြင်း၊ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား နှစ်ဖက်ညှိနှိုင်းဆွေးနွေးဆဲ ကိစ္စရပ်များအား ဆက်လက်ညှိနှိုင်း ဆွေးနွေးရန် အတည်ပြုခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့် အချိန်ဇယား အတည်ပြု ခြင်းနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြ သည်။

ကျေးဇူးတင်ရှိ

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ ခေါင်းဆောင်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့မှ တင်ပြလာ သည့် ညှိနှိုင်းရေးအဖွဲ့များ၏ အစည်း အဝေးရလဒ်များကို တညီတညွတ် တည်း အတည်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပမည့် အချိန် ဇယားကိုလည်း အတည်ပြုပေးနိုင်ခဲ့ သည့်အတွက် အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များအားလုံးကို ကျေးဇူး အထူး တင်ရှိပါကြောင်း။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူ ညီချက်များ၊ အစိုးရနှင့် NCA-S EAO များအကြား နှစ်ဖက်ညှိနှိုင်းဆွေးနွေး ဆဲအကြောင်းအရာများအား ဆက်လက် ညှိနှိုင်းဆွေးနွေးခြင်းကိစ္စနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် EAO များ ပိုမို ပါဝင်လာရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားခြင်းကိစ္စတို့ကို ယနေ့ အစည်းအဝေးတွင် အတည်ပြုပေးနိုင် ခဲ့ပါကြောင်း။

ယနေ့ JICM အစည်းအဝေးက အတည်ပြုပေးနိုင်သည့် အဆင့် ရောက်ရှိအောင် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များမှ အခက်အခဲအမျိုးမျိုး၊ အကျပ်အတည်းအမျိုးမျိုး၊ အတား အဆီး အမျိုးမျိုးကြားမှ စိတ်ရှည် လက်ရှည် ကြိုးပမ်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရသည်ကို မိမိတို့အားလုံး အသိပင်ဖြစ်ပါကြောင်း၊ ညှိနှိုင်းဆွေးနွေး ရာတွင် တစ်ဖက်ဖက်အတွက် ရာခိုင် နှုန်းပြည့်ရရှိရန် မဖြစ်နိုင်ပါကြောင်း၊ သူလျှော့ ကိုယ်လျှော့မှသာ ညှိနှိုင်း ဆွေးနွေးမှု အောင်မြင်မည်ဖြစ်ပါ ကြောင်း၊ မိမိလိုချင်သည်ကို အပြည့် အဝရမှသာ ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့တိုး ၍ ရမည်မဟုတ်ပါကြောင်း။

နှစ်ဦးနှစ်ဖက်မှ ထိုက်သင့်မျှတ သည့် အလျှော့အတင်းဆောင်ရွက်နိုင် ခဲ့သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး၏ ရလဒ် ဖြစ်လာမည့် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃)ပါ အကြောင်းအရာများကို သဘောတူညီ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မားမားမတ်မတ် ရပ်တည်ပံ့ပိုးပေး သည့် နှစ်ဖက်အကြီးအကဲများ၊ ခေါင်းဆောင်များနှင့် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များကို ချီးကျူးဂုဏ်ပြုပါ ကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်း အဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် သာယာ ဖြောင့်ဖြူးရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဝိုင်းဝန်းလက်တွဲ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပသည့် (၉)ကြိမ်မြောက် JICM အစည်းအဝေး တွင် အလုပ်အဖွဲ့များ၏ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုကြောင့် သဘော တူညီချက်(၇)ချက် ရရှိပြီးဖြစ်ပါ ကြောင်း၊ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပမည့်ရက်ကို အဖွဲ့အားလုံးက ညှိနှိုင်းသဘောတူ ဆုံးဖြတ်နိုင်သည့်အတွက် မြန်မာနိုင်ငံ အတွင်း၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လုပ်သားပြည်သူများ အားလုံး မျှော်လင့်စောင့်ဆိုင်းနေသော အဖြေရလဒ်တစ်ခုရရှိသည်ဟု ပြောရ မည်ဖြစ်ပါကြောင်း။

ဆက်လက် ဆွေးနွေးရမည့် အကြောင်းအရာများကိုလည်း တွေ့ရှိ ရပါကြောင်း၊ ၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား-၂ ကို ဆက်လက်ဆွေးနွေးကြရမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့်ပတ်သက်၍ အခြေခံမူ များ၊ ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများကို ဆက်လက် ဆွေးနွေးကြရမည်ဖြစ်ပါ ကြောင်း၊ ဆက်လက်ဆွေးနွေးသည့် အခါတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆွေးနွေး ရမည့် အချက်များတွင် ဖြစ်သင့်သည့် လိုအင်ဆန္ဒ၊ ဖြစ်နိုင်သည့်အကြောင်း အချက်များကို ဦးတည်ဆွေးနွေးကြ စေလိုပါကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုပုံစံအတိုင်း ငြိမ်းချမ်းစွာဖြင့် တစ်ဖက် နှင့် တစ်ဖက် အတိုးနှင့် အလျှော့၊ အဆုတ်နှင့်အတက် ဆွေးနွေးသွားကြ ရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မိမိတို့၏ မူလဦးတည်ချက်ဖြစ်သည့် “ဒို့တာဝန်အရေး သုံးပါး” ဦးတည်ချက် ကိုလည်း မပျောက်ပျက်စေရေး အတွက် မျက်ခြည်မပြတ်ရန် သတိပေး လိုပါကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ပတ်သက်သည့် ဓလေ့စရိုက်၊ ယဉ်ကျေး မှုများနှင့် ကိုက်ညီသည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပုံစံကိုဦးတည်၍ ရလဒ်ကောင်းများ ယခုထက်မက ပိုမို ရရှိအောင် ဆက်လက်ဆွေးနွေးပေး ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ကျော်လွှားနိုင်မည်

ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် တန်ဖိုးရှိသည့်အရာတစ်ခုကို ရရှိ ရန် များစွာပေးဆပ်ရပြီး အပင်ပန်းခံ၊ စိတ်ရှည်သည်းခံရပါကြောင်း၊ မိမိတို့ ၏ ယုံကြည်ချက်သည် နိုင်ငံကောင်းကျိုး အတွက် ဆောင်ရွက်မည်ဆိုပါက အခြေခံအားဖြင့် စေတနာ၊ ပညာနှင့် သတ္တိလိုအပ်ပါကြောင်း၊ နိုင်ငံတိုးတက် စေချင်သည့် စေတနာရှိရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်ထောင်စုကြီးကို စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအနေဖြင့် ငြိမ်းချမ်း ဖွံ့ဖြိုးစွာ ရပ်တည်နိုင်စေချင်သည့် စေတနာသည် အဓိကဖြစ်ပါကြောင်း၊ ယင်းစေတနာကိုအခြေခံပြီး အားလုံး ဆွေးနွေးသွားမည်ဆိုပါက မည်သည့် ပြဿနာမဆို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။

သို့သော် စေတနာနှင့်ပင် မလုံ လောက်ဘဲ ပညာလည်းလိုအပ်ပါ ကြောင်း၊ ပညာဟု ပြောရာတွင် အခြေ အနေကို သေချာစွာဆင်ခြင်ပြီး လုပ်သင့်လုပ်ထိုက်သည်ကို ဆုံးဖြတ် နိုင်သည့်ပညာလည်း လိုအပ်ပါ ကြောင်း၊ မိမိတို့သည် စေတနာအရ လိုချင်သည့်ပန်းတိုင်ကို ရောက်ရန် အတွက် ပညာဆိုသည့် ဆင်ခြင်တုံ တရားကို ကျင့်သုံးမည်ဆိုပါက စေတနာအရ တိုးတက်မှုများကို ရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးတွင် သတ္တိလိုအပ်ပါကြောင်း၊ စေတနာနှင့် မည်သို့ ဆောင်ရွက်ရမည်ကိုသိသည့် ပညာရှိသော်လည်း မလုပ်ရဲသည်များ ရှိပါကြောင်း၊ အများက သဘောတူ၊ မတူဆိုသည့် စိုးရိမ်မှုများရှိပါကြောင်း၊ မိမိယုံကြည်ချက်အပေါ်တွင် ရပ်တည် သည့်အခါ မှားယွင်းမှုများ ဖြစ်ပေါ်ပါက ဆုတ်ယုတ်မှုများ ရှိနိုင်မည်လားဆို သည့် စိုးရိမ်မှုများလည်းရှိပါကြောင်း။

အင်အားများစွာ စိုက်ထုတ်

ထို့ကြောင့် အရေးကြီးသည့် ခြေလှမ်း များလျှောက်လှမ်းရာတွင် စေတနာ၊ ပညာနှင့် သတ္တိသည် အဓိကကျသည့် လိုအပ်ချက်များဖြစ်ပါကြောင်း၊ မိမိတို့ ယခု အစည်းအဝေးအတွက် ပြင်ဆင် ပေးသည့် ညှိနှိုင်းရေးအဖွဲ့များသည် စေတနာ၊ ပညာ၊ သတ္တိနှင့် လုပ်ကိုင်ခဲ့ သဖြင့် ယနေ့တွင် အားလုံးသဘောတူ သည်ဟု ပြောရုံဖြင့် ပြီးသွားခြင်းသည် အပေါ်ယံကြည့်လိုက်ပါက လွယ်ကူ သည်ဟု ထင်မြင်လိမ့်မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ပင်ပန်းစွာ လုပ်ဆောင်ပေးခဲ့သူများ ရှိသည့် အတွက် ဖြစ်မြောက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်အတွက် ပင်ပန်းစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး အင်အား များစွာ စိုက်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဉာဏ်ပညာအစွမ်းများနှင့် ညီညွတ်ရေးများစွာတို့ကို စိုက်ထုတ်ရ မည်ဖြစ်ပါကြောင်း၊ ယင်းတို့ကို စိုက်ထုတ်လိုက်ပါက မိမိတို့လိုချင် သည့် ပန်းတိုင်၊ ထူထောင်ချင်သည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်နိုင် မည်ဖြစ်ပါကြောင်း။

ယင်းအသီးအပွင့်များကို ရရှိသည့် အခါ ဆောင်ရွက်ရကျိုးနပ်သည်ကို သိရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ အသီးအပွင့်များသည် မိမိတို့အတွက် သာမဟုတ်ဘဲ နောင်လာနောက်သား များအတွက် ဆက်လက်၍ စားသုံး နိုင်မည့် အသီးအပွင့်များ ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ရေရှည်ရည်မှန်း ချက်များဖြင့် လက်တွဲဆောင်ရွက် သွားနိုင်ရန် များစွာအရေးကြီးပါ ကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် ကိစ္စမှန်သမျှသည် ရေတိုလုပ်ငန်းများမဟုတ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် လုပ်ငန်းများဖြစ် သည်ကို သဘောပေါက်နှလုံးသွင်းပါက လိုအပ်သည့် အင်အားများကို ထုတ်လာနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် ပေးသည့် ကိစ္စမှန်သမျှသည် တန်ဖိုး ဖြတ်၍ မရပါကြောင်း၊ ယခုကဲ့သို့ ကြိုးစား ဆောင်ရွက်ရသည်ကို လျစ်လျူရှုမထားဘဲ အသိအမှတ်ပြုပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားလိုသည့်အနေဖြင့် ဂုဏ်ပြု လက်မှတ်များ အမှတ်တရပေးအပ် ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသူများ၏ စေတနာ၊ ပညာ၊ သတ္တိကိုအသိအမှတ်ပြုကြောင်း ပြသသည့်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဩဂုတ် ၁၉ ရက်တွင် စတင်ကျင်းပမည့် ပင်လုံညီလာခံ ကြီးအောင်မြင်ရန် အတွက်လည်း ဝိုင်းဝန်းကူညီပေးမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

သတင်းစဉ်