
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်)
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ နှစ် ၁ဝဝ ပြည့်မြောက်တဲ့ ရာပြည့်သဘင်အခမ်းအနားမှာ ဂုဏ်ပြုစကားပြောကြားရတဲ့အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရ ပါတယ်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မြန်မာ့ပညာရေး သမိုင်းမှာ အစဉ်အလာ အကြီးမားဆုံးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း (၁ဝဝ) တိတိ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မတို့တစ်သက်မှာ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင် အချိန်ကာလနဲ့ ကြုံကြိုက်ခွင့်ရတာဟာ ကြုံတောင့်ကြုံခဲ အခွင့်ထူးတစ်ရပ် ဖြစ်ပါတယ်။ ဒီလို ကြုံတောင့်ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင် အခမ်းအနားကြီးကို စည်စည်ကားကား ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ထားခဲ့ ပေမယ့် လတ်တလော ကမ္ဘာတစ်ဝန်းမှာ ကျရောက်နေတဲ့ ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်ဆိုးကြီးကြောင့် ကျန်းမာရေးကန့်သတ်ချက် တွေကြားက အခြေအနေပေးသလောက်သာ ကျင်းပနိုင်ရတာပဲ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “နတ္ထိဝိဇ္ဇာ သမံမိတ္တံ”၊ “ပညာ သင်ယူခြင်းနှင့် တူသောမိတ်ဆွေသည်မရှိ”ဆိုတဲ့ စကားနဲ့အညီ ရန်ကုန် တက္ကသိုလ်ဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘဝအဖော်မွန်ဖြစ်တဲ့ ပညာ ဆိုတဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းဖက်မိအောင် ဖြည့်ဆည်းပေးနေတဲ့ နေရာကြီး လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စတင်မွေးဖွားချိန်ကစလို့ ပထမ ရာစုနှစ်ကာလ တစ်ခုအတွင်းမှာ အတွေ့အကြုံပေါင်းများစွာနဲ့ လောကဓံ တရားတွေ၊ အခက်အခဲတွေကို ကျော်လွှားပြီး ရာပြည့်သဘင်ကို ရောက်ရှိ ခဲ့လာတာဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသောတက္ကသိုလ်ကြီးအဖြစ်နဲ့ ပေါ်ထွန်း လာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာ အကြီးမားဆုံး၊ ဂုဏ်ရှိန်အမြင့်မားဆုံးတက္ကသိုလ်ကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံ့ သမိုင်းရဲ့တောင်းဆိုမှုအရ ရန်ကုန်တက္ကသိုလ်ကြီးဟာ မြန်မာ့ပညာရေး၊ မြန်မာ့ နိုင်ငံရေးနဲ့ မြန်မာ့လွတ်လပ်ရေးတို့အတွက် ဆုံမှတ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ပညာတတ်လူငယ်တွေများစွာ မွေးထုတ်ပေးခဲ့
ကိုလိုနီနယ်ချဲ့အစိုးရဟာ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုနီအစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေဟာ တိုင်းရင်းသား ပြည်သူအများစုကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့်မရအောင် ကန့်သတ်ချုပ်ချယ်ထားသကဲ့သို့ ဖြစ်တာကြောင့် တက္ကသိုလ်ကျောင်းသား ကြီးများနဲ့ မျိုးချစ်ပြည်သူများဟာ သပိတ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တက္ကသိုလ် ကျောင်းသားကြီးများနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ပြင်းထန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့် နောက်ဆုံးမှာတော့ တက္ကသိုလ်အက်ဥပဒေ ကို ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ့ အမျိုးသားရေးကြိုးပမ်းမှုသမိုင်းမှာ တာထွက်ကောင်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် သပိတ်တိုက်ပွဲကြောင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး မြန်မာ့လွတ်လပ် ရေးအတွက် တိုက်ပွဲဝင်လိုစိတ်တွေ နိုးကြားလာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် က မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့လူသားအကျိုးပြု ခေါင်းဆောင်တွေ၊ တိုင်းပြု ပြည်ပြု ခေါင်းဆောင်တွေနဲ့ ပညာတတ်လူငယ်တွေများစွာကို မွေးထုတ် ပေးခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီး စကာလမှာ ပညာအဆင့်အတန်းအနေနဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်း တက္ကသိုလ်ဖြစ်သကဲ့သို့ တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်နဲ့ ဥပဓိရုပ်ဟာလည်း အရှေ့တောင်အာရှမှာ အသာယာအလှပဆုံး ဖြစ်ခဲ့ပါတယ်။ အာရှအဆင့်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ အခြား အရှေ့တောင်အာရှနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ လာရောက်ပညာ ဆည်းပူးခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်တက္ကသိုလ်ရဲ့အဆင့် ကျဆင်းခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်နိုင်ဖို့ ကျွန်မတို့ အားလုံး အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်းနေပါတယ်။
နိုင်ငံတော်ကို ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ရာမှာ အထူးလိုအပ်နေတဲ့ နိုင်ငံသားကို ကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားတဲ့ လူ့စွမ်းရည်အရင်းအမြစ်တွေ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ တက္ကသိုလ်တွေရဲ့ အရည်အသွေး မြင့်မားဖို့ဟာ လိုအပ်ပါတယ်။ ပညာရှင်တွေ ပြုစုပျိုးထောင်တာ၊ ပညာရှင် ရရှိဖို့ စုဆောင်းတာတွေကို အလေးပေးဆောင်ရွက်သလို အခြားတစ်ဖက်က လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်ဖြည့်ဆည်းပေးနိုင်တဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့ အစည်းအသီးသီးနဲ့ အလုပ်ခွင်အသီးသီးတို့မှာ လိုအပ်နေတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေ ပံ့ပိုးကူညီပေးနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် တွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် တက္ကသိုလ်တွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း ပြောလိုက်တာပါ။
ကျွန်မတို့ရဲ့နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၊ဒီဂရီကောလိပ်နဲ့ကောလိပ်အသီးသီးမှာ အဆင့်မြင့် ပညာဆည်းပူးနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ပညာအရည်အသွေး မြင့်မားပြီး အမြော်အမြင်နဲ့ ဆင်ခြင်တုံတရားပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အရေးကြီးပါတယ်။ လူသားကောင်းဖြစ်မှသာ နိုင်ငံကို အကျိုး ပြုမယ့် နိုင်ငံသားကောင်းဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာ ကမ္ဘာကြီး ကို အကျိုးပြုမယ့် ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံတစ်နိုင်ငံချင်းစီနဲ့ ကမ္ဘာတစ်ခုလုံးမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေဟာ လူသားတွေရဲ့ ဉာဏ်ရည်၊ နှလုံးရည် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေအပေါ် တည်မှီနေတာ ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံ ခေတ်မီလာဖို့၊ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ဒေသတွင်း နိုင်ငံများ နဲ့ ရင်ပေါင်တန်းရပ်တည်နိုင်ဖို့၊ နိုင်ငံတကာနယ်ပယ်မှာ သိက္ခာရှိတဲ့နိုင်ငံ အဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် သဘာဝသယံဇာတတွေအပေါ် မှီခိုနေလို့ မရပါဘူး။ ပညာ၊ ဉာဏ်၊ အတွေးအခေါ်၊ အမြော်အမြင်တွေနဲ့ ပြည့်စုံတဲ့ လူသားအရင်း အမြစ်တွေနဲ့ တည်ဆောက်မှသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရမှာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလူမျိုးပေါင်းများစွာနဲ့ မတူကွဲပြားမှုများစွာ ရှိနေတဲ့ ကျွန်မတို့နိုင်ငံမှာ အချင်းချင်းကြားမှာရှိတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ ကြောင့်ပဲ ယနေ့ထိ ရုန်းကန်နေရဆဲဆိုတာကိုလည်း အားလုံးအသိပါပဲ။ ယုံမှားသံသယတွေကင်းပြီး အချင်းချင်း နားလည်မှုတွေ ရှိမှလည်း ကျွန်မတို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်ပေါ် လာမှာပါ။ ဒါကြောင့် ပညာရည် ပြည့်ဝပြီး၊ အမြင်ကျယ်၊ သဘောထားကြီးတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာရအောင် ပညာရေးကဏ္ဍမှာ ဦးစားပေးမြှုပ်နှံ ရင်းနှီးဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ ရန်ကုန် တက္ကသိုလ်က သမိုင်းအစဉ်အလာကောင်းတွေကို ထိန်းသိမ်းပြီး ကျွန်မတို့နိုင်ငံ အတွက် လူသားအရင်းအမြစ်တွေ၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ် အသီးသီးမှာ အတူတကွ လက်တွဲပါဝင်ထမ်းရွက်ကြမယ့် လူသားအရင်းအမြစ် တွေကို မွေးထုတ်ပေးနိုင်ဦးမယ်ဆိုတာလည်း ယုံကြည်ပါတယ်။
ရည်မှန်းချက်ထား
ဒါကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာသာမက ရှေ့ဆက်ပြီး တော့လည်း ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် (Autonomous Univer-sity) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းဆောင်ရွက်
သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံ ပြင်ဆင်သွားမယ်၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက် ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ဥပဓိရုပ်ပိုမိုကောင်းမွန်လာစေဖို့အတွက် တက္ကသိုလ် ရုပ်ဝန်းကျင်ကောင်းတစ်ခုဖြစ်စေမယ့် အစီအစဉ်တွေကိုလည်း ဖော်ဆောင် လျက်ရှိပါတယ်။ စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို ပြင်ဆင် မွမ်းမံ အဆင့်မြှင့်တင်ပေးနေပါတယ်။ ဒါ့အပြင် တက္ကသိုလ်ပရဝဏ်ကိုလည်း သန့်ရှင်းသာယာပြီး ကျန်းမာရေးအတွက် လုံခြုံနွေးထွေး ပြည့်စုံကောင်းမွန်တဲ့ ရုပ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ကားလမ်း၊ လူသွားလမ်းတွေ ပြင်ဆင်တာ၊ တိုးချဲ့တာတွေ၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့ ပြုပြင်မွမ်းမံတာတွေကိုလည်း လုပ်ဆောင် လျက်ရှိပါတယ်။
ဒီလိုတွေ ဆောင်ရွက်ရာမှာ ရန်ကုန်တက္ကသိုလ်အတွက် အရေးပါတဲ့ သမိုင်းဝင်အဆောက်အဦ၊ အမှတ်အသားတွေကို ထိန်းသိမ်းထားဖို့လည်း ထည့်သွင်းစဉ်းစား လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း ကြေညာတဲ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင် အခမ်းအနားအတွက် ဦးတည်ချက် (၅) ရပ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ ဦးတည်ချက်တွေကတော့-
(၁) မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင် နိုင်ရန်၊
(၂) နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျော ညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေး စနစ် ကို ဖော်ဆောင်နိုင်ရန်၊
(၃) ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်၊
(၄) ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် ပညာရေးစနစ် တိုးတက် ဖြစ်ထွန်းလာစေရန်၊
(၅) နိုင်ငံကောင်းကျိုး ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ဦးတည် အကောင်အထည် ဖော်နိုင်ရန်တို့ပဲ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း ကြေညာခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ တစ်နှစ်တာကာလပတ်လုံး ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားဟောင်းကြီးများနဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တို့ရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ပန်းချီပြပွဲနဲ့ အနုပညာဖျော်ဖြေ တင်ဆက်မှုတွေ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု ပြပွဲတွေ၊ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွေ၊ ဘာသာရပ်ဆိုင်ရာပြပွဲတွေ၊ စာပေနဲ့ဘာသာစကား စွမ်းရည် ပြိုင်ပွဲတွေ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြပွဲတွေ၊ စာအုပ်ပြပွဲတွေ၊ စာအုပ် ဈေးရောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ စတဲ့ဘက်စုံလှုပ်ရှားမှု အမျိုးမျိုးနဲ့ စည်ကား သိုက်မြိုက်စွာ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် ယခုကာလမှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နေရတာကြောင့် ရာပြည့်သဘင်ကြီးကို မူလစီစဉ်ထားသလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်တော့ဘဲ ဗီဒီယို ကွန်ဖရင့်ကျင်းပတာ၊ အာစရိယပူဇော်ပွဲကျင်းပတာ၊ နေ့စဉ်ထုတ် သတင်းစာ တွေက ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဆောင်းပါးတွေ ဖော်ပြတာ၊ မြန်မာ့ရုပ်မြင်သံကြားက အထိမ်းအမှတ် အစီအစဉ်တွေအဖြစ် တေးဂီတနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့အငြိမ့် ဖျော်ဖြေတင်ဆက်တာ၊ ရာပြည့်အထိမ်း အမှတ်စာစောင်တွေ ထုတ်ဝေတာ၊ စာပေပြိုင်ပွဲအနေနဲ့ ကဗျာစပ်ပြိုင်ပွဲနဲ့ ရသစာတမ်းအရေးပြိုင်ပွဲကျင်းပတာ စတာတွေကို ကျန်းမာရေးအရ ကန့်သတ် ချက်တွေနဲ့ အခက်အခဲများကြားက အခြေအနေပေးသလောက်ကိုသာ ဂုဏ်ပြု ကျင်းပနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်တွေမှာ ပါဝင်ခဲ့သူတွေကိုလည်း ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောချင်ပါတယ်။
ဘယ်လိုအခက်အခဲ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရစေကာမူ၊ ရည်မှန်း ချက်များ ဖြစ်မြောက်နိုင်ဖို့ နည်းတွေရှာပြီး အကောင်အထည်ဖော်နိုင်တာက လည်း ပညာရဲ့တန်ခိုးကို ပြသခြင်းပဲ မဟုတ်ပါလား။
ဒီကနေ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ သက်တမ်း ၁ဝဝ ပြည့် မြောက်ခဲ့ပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ လောကဓံကို ကြံ့ကြံ့ခံ၊ အခက်အခဲ ပေါင်းများစွာကို ကျော်လွှားပြီး အစဉ်အလာကောင်းများကို မပျောက်မပျက် ရအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမရာစုနှစ် ကုန်ဆုံးပြီး ဒုတိယရာစု အစပြုချိန်ကစလို့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတကာအဆင့်မီ တက္ကသိုလ် အဖြစ် ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ထည်စေဖို့အတွက် ကျွန်မတို့အားလုံး အားသစ်အားမာန်တွေနဲ့ ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြ ရမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ရာပြည့်ကာလကနေ နောင်နှစ်ပေါင်း ထောင်ချီ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေလို့ ဆုတောင်းဆန္ဒပြုရင်း ကျွန်မရဲ့ ဂုဏ်ပြုဝမ်းမြောက်စကားကို နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။