နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက်စကား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက်စကား

========================================================================================================

 

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်)

 

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် (၁ဝဝ) ပြည့်မြောက်တဲ့ ရာပြည့်သဘင်အခမ်းအနားမှာ ဂုဏ်ပြုစကားပြောကြား ရတဲ့အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါ တယ်။

 

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ မွေးဖွား ခဲ့ပြီး မြန်မာ့ပညာရေးသမိုင်းမှာ အစဉ်အလာ အကြီးမား ဆုံးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှာ နှစ်ပေါင်း (၁ဝဝ) တိတိ ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မတို့တစ်သက်မှာ ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲသဘင် အချိန်ကာလနဲ့ ကြုံကြိုက် ခွင့်ရတာဟာ ကြုံတောင့်ကြုံခဲ အခွင့်ထူးတစ်ရပ်ဖြစ်ပါ တယ်။ ဒီလို ကြုံတောင့်ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင် အခမ်းအနားကြီးကို စည်စည်ကားကား ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလော ကမ္ဘာတစ်ဝန်းမှာ ကျရောက်နေတဲ့ ကိုရိုနာဗိုင်းရပ် ကိုဗစ်- ၁၉ ကပ်ရောဂါ အန္တရာယ်ဆိုးကြီးကြောင့် ကျန်းမာရေး ကန့်သတ်ချက်တွေကြားက အခြေအနေပေးသလောက် သာ ကျင်းပနိုင်ရတာပဲ ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ''နတ္ထိဝိဇ္ဇာ သမံမိတ္တံ''၊ ''ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေသည် မရှိ'' ဆိုတဲ့စကားနဲ့အညီ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘဝအဖော်မွန်ဖြစ်တဲ့ ပညာဆိုတဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းဖက်မိအောင် ဖြည့်ဆည်းပေး နေတဲ့နေရာကြီးလည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဟာ စတင်မွေးဖွားချိန်ကစလို့ ပထမရာစုနှစ်ကာလ တစ်ခု အတွင်းမှာ အတွေ့အကြုံပေါင်းများစွာနဲ့ လောကဓံတရား တွေ၊ အခက်အခဲတွေကို ကျော်လွှားပြီး ရာပြည့်သဘင်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

ကျွန်မတို့မြန်မာနိုင်ငံရဲ့ ပထမဆုံးသောတက္ကသိုလ် ကြီးအဖြစ်နဲ့ ပေါ်ထွန်းလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာ အကြီးမားဆုံး၊ ဂုဏ်ရှိန်အမြင့်မားဆုံး တက္ကသိုလ်ကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းရဲ့တောင်းဆိုမှုအရ ရန်ကုန်တက္ကသိုလ်ကြီး ဟာ မြန်မာ့ပညာရေး၊ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့လွတ်လပ် ရေးတို့အတွက် ဆုံမှတ်တစ်ခုဖြစ်ခဲ့ရပါတယ်။

ကိုလိုနီနယ်ချဲ့အစိုးရဟာ ၁၉၂ဝ ပြည့်နှစ် ဒီဇင် ဘာလ(၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကို တည်ထောင် ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုနီအစိုးရက အတည်ပြုပြဋ္ဌာန်း ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟာ တိုင်းရင်းသား ပြည်သူအများစုကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့် မရအောင် ကန့်သတ်ချုပ်ချယ်ထားသကဲ့သို့ ဖြစ်တာကြောင့် တက္ကသိုလ် ကျောင်းသားကြီးများနဲ့ မျိုးချစ်ပြည်သူများ ဟာ သပိတ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်း သားကြီးများနဲ့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ ပြင်းထန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့် နောက်ဆုံးမှာ တော့ တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ့အမျိုးသားရေး ကြိုးပမ်းမှုသမိုင်းမှာ တာထွက်ကောင်းခဲ့ပြီး ရန်ကုန် တက္ကသိုလ်သပိတ်တိုက်ပွဲကြောင့် ပြည်ထောင်စုတိုင်းရင်း သားအားလုံး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် လိုစိတ်တွေ နိုးကြားလာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ခေါင်းဆောင် ကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာလည်း ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့ လူသားအကျိုးပြု ခေါင်းဆောင်တွေ၊ တိုင်းပြုပြည်ပြု ခေါင်းဆောင်တွေနဲ့ ပညာတတ်လူငယ်တွေများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။

 

ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစကာလမှာ ပညာအဆင့်အတန်းအနေနဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်သကဲ့သို့ တက္ကသိုလ်ရဲ့ပတ်ဝန်းကျင်နဲ့ ဥပဓိရုပ်ဟာလည်း အရှေ့ တောင်အာရှမှာ အသာယာအလှပဆုံး ဖြစ်ခဲ့ပါတယ်။ အာရှ အဆင့်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာကြောင့် ရန်ကုန် တက္ကသိုလ်မှာ အခြားအရှေ့တောင်အာရှနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ လာရောက်ပညာဆည်းပူးခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်တက္ကသိုလ်ရဲ့အဆင့် ကျဆင်းခဲ့ရပေမယ့် လက်ရှိ အချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့် မြှင့်တင်နိုင်ဖို့ ကျွန်မတို့အားလုံး အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်း နေပါတယ်။

 

နိုင်ငံတော်ကို ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ထောင် ရာမှာ အထူးလိုအပ်နေတဲ့ နိုင်ငံသားကို ကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားတဲ့ လူ့စွမ်းရည် အရင်းအမြစ်တွေ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ တက္ကသိုလ် တွေရဲ့ အရည်အသွေးမြင့်မားဖို့ဟာ လိုအပ်ပါတယ်။ ပညာ ရှင်တွေ ပြုစုပျိုးထောင်တာ၊ ပညာရှင်ရရှိဖို့ စုဆောင်းတာ တွေကို အလေးပေးဆောင်ရွက်သလို အခြားတစ်ဖက်က လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ တစ်ခန်း တစ်ကဏ္ဍ ပါဝင်ဖြည့်ဆည်းပေးနိုင်တဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းအသီးသီးနဲ့ အလုပ်ခွင် အသီးသီးတို့မှာ လိုအပ်နေတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေ ပံ့ပိုးကူညီပေးနိုင်တဲ့ လူ့စွမ်းအား အရင်း အမြစ်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်သလို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံရဲ့ လိုအပ်ချက် တွေနဲ့ ကိုက်ညီအောင် တက္ကသိုလ်တွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း ပြောလိုက်တာပါ။

 

ကျွန်မတို့ရဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရန်ကုန် တက္ကသိုလ်အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာ အဆင့်မြင့်ပညာဆည်းပူးနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ပညာအရည်အသွေး မြင့်မားပြီး အမြော်အမြင်နဲ့ ဆင်ခြင်တုံတရားပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အရေးကြီးပါတယ်။ လူသားကောင်းဖြစ်မှသာ နိုင်ငံကိုအကျိုးပြုမယ့် နိုင်ငံသား ကောင်းဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာ ကမ္ဘာကြီး ကို အကျိုးပြုမယ့် ကမ္ဘာသူကမ္ဘာသားကောင်းတွေ ဖြစ်လာ မှာဖြစ်ပါတယ်။ ယနေ့ နိုင်ငံတစ်နိုင်ငံချင်းစီနဲ့ ကမ္ဘာတစ်ခု လုံးမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေဟာ လူသားတွေရဲ့ ဉာဏ်ရည်၊ နှလုံး ရည်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေအပေါ် တည်မှီ နေတာ ဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံ ခေတ်မီလာဖို့၊ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်း ရပ်တည်နိုင်ဖို့၊ နိုင်ငံတကာနယ်ပယ်မှာ သိက္ခာရှိတဲ့နိုင်ငံအဖြစ် ရပ်တည် နိုင်ဖို့ဆိုရင် သဘာဝသယံဇာတတွေအပေါ် မှီခိုနေလို့ မရ ပါဘူး။ ပညာ၊ ဉာဏ်၊ အတွေးအခေါ်၊ အမြော်အမြင်တွေ နဲ့ပြည့်စုံတဲ့ လူသားအရင်းအမြစ်တွေနဲ့ တည်ဆောက်မှသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရမှာဖြစ်ပါ တယ်။

 

ဒါ့အပြင် တိုင်းရင်းသားလူမျိုးပေါင်းများစွာနဲ့ မတူ ကွဲပြားမှုများစွာရှိနေတဲ့ ကျွန်မတို့နိုင်ငံမှာ အချင်းချင်း ကြားမှာရှိတဲ့ သံသယတွေ၊ မယုံကြည်မှုတွေကြောင့်ပဲ ယနေ့ထိ ရုန်းကန်နေရဆဲဆိုတာကိုလည်း အားလုံးအသိ ပါပဲ။

ယုံမှားသံသယတွေကင်းပြီး အချင်းချင်း နားလည်မှု တွေရှိမှလည်း ကျွန်မတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ပညာရည်ပြည့်ဝပြီး၊ အမြင်ကျယ်၊ သဘော ထားကြီးတဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရအောင် ပညာရေးကဏ္ဍမှာ ဦးစားပေးမြှုပ်နှံရင်းနှီး ဆောင်ရွက် ကြရတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ရန်ကုန် တက္ကသိုလ်က သမိုင်းအစဉ်အလာကောင်းတွေကို ထိန်းသိမ်းပြီး ကျွန်မတို့နိုင်ငံအတွက် လူသားအရင်း အမြစ်တွေ၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ် အသီးသီး မှာ အတူတကွ လက်တွဲပါဝင်ထမ်းရွက်ကြမယ့် လူသား အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်ဦးမယ်ဆိုတာ လည်း ယုံကြည်ပါတယ်။

 

ဒါကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ သာမက ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာ ဖြစ်ပါ တယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက် နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ကမ္ဘာကြီး နဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့လိုအပ်ချက်တွေနဲ့အညီ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်သွားမယ်၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူပူးပေါင်းဆောင် ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။

 

ရန်ကုန်တက္ကသိုလ်ရဲ့ ဥပဓိရုပ်ပိုမိုကောင်းမွန်လာစေဖို့အတွက် တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေမယ့် အစီအစဉ်တွေကိုလည်း ဖော်ဆောင်လျက်ရှိပါ တယ်။ စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို ပြင်ဆင်မွမ်းမံ အဆင့်မြှင့်တင်ပေးနေပါတယ်။ ဒါ့အပြင် တက္ကသိုလ်ပရဝဏ်ကိုလည်း သန့်ရှင်းသာယာပြီး ကျန်းမာရေးအတွက် လုံခြုံနွေးထွေး ပြည့်စုံကောင်းမွန်တဲ့ ရုပ်ဝန်းကျင်ကောင်းတစ်ခုဖြစ်စေဖို့လည်း ဆောင်ရွက် လျက်ရှိပါတယ်။ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေဖို့ ကားလမ်း၊ လူသွားလမ်း တွေ ပြင်ဆင်တာ၊ တိုးချဲ့တာတွေ၊ အဓိပတိလမ်း တစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့ ပြုပြင်မွမ်းမံတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါ တယ်။

 

ဒီလိုတွေ ဆောင်ရွက်ရာမှာ ရန်ကုန်တက္ကသိုလ် အတွက် အရေးပါတဲ့ သမိုင်းဝင်အဆောက်အဦ၊ အမှတ် အသားတွေကို ထိန်းသိမ်းထားဖို့လည်း ထည့်သွင်းစဉ်းစား လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်စတင် ကြောင်း ကြေညာတဲ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားအတွက် ဦးတည်ချက် (၅) ရပ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ ဦးတည်ချက်တွေကတော့-

(၁) မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊

(၂) နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေး စနစ်ကို ဖော်ဆောင်နိုင်ရန်၊

(၃) ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းဆောင်ရည် ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ် ပေးရန်၊

(၄) ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိရောက်စွာဖော်ဆောင် နိုင်မည့် ပညာရေးစနစ် တိုးတက်ဖြစ်ထွန်းလာ စေရန်၊

(၅) နိုင်ငံကောင်းကျိုး ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ဦးတည်အကောင် အထည်ဖော်နိုင်ရန်တို့ပဲ ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် စတင် ကြောင်း ကြေညာခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ တစ်နှစ်တာ ကာလပတ်လုံး ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဖြစ် ကျောင်းသားဟောင်းကြီးများနဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တို့ရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ပန်းချီပြပွဲနဲ့ အနုပညာ ဖျော်ဖြေတင်ဆက်မှုတွေ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု ပြပွဲတွေ၊ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွေ၊ ဘာသာရပ် ဆိုင်ရာပြပွဲတွေ၊ စာပေနဲ့ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွေ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြပွဲတွေ၊ စာအုပ်ပြပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ စတဲ့ဘက်စုံ လှုပ်ရှားမှုအမျိုးမျိုးနဲ့ စည်ကားသိုက်မြိုက်စွာ မြိုင်မြိုင် ဆိုင်ဆိုင်ကျင်းပဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

 

ဒါပေမဲ့ ယခုကာလမှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ် နေရတာကြောင့် ရာပြည့်သဘင်ကြီးကို မူလစီစဉ်ထားသလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်တော့ဘဲ ဗီဒီယို ကွန်ဖရင့်ကျင်းပတာ၊ အာစရိယပူဇော်ပွဲ ကျင်းပတာ၊ နေ့စဉ်ထုတ် သတင်းစာတွေက ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်ဆောင်းပါးတွေ ဖော်ပြတာ၊ မြန်မာ့ရုပ်မြင် သံကြားက အထိမ်းအမှတ်အစီအစဉ်တွေအဖြစ် တေးဂီတနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ အငြိမ့်ဖျော်ဖြေတင်ဆက် တာ၊ ရာပြည့်အထိမ်းအမှတ်စာစောင်တွေ ထုတ်ဝေတာ၊ စာပေပြိုင်ပွဲအနေနဲ့ ကဗျာစပ်ပြိုင်ပွဲနဲ့ ရသစာတမ်း အရေးပြိုင်ပွဲကျင်းပတာ စတာတွေကို ကျန်းမာရေးအရ ကန့်သတ်ချက်တွေနဲ့ အခက်အခဲများကြားက အခြေအနေ ပေးသလောက်ကိုသာ ဂုဏ်ပြုကျင်းပနိုင်ခဲ့ပါတယ်။ ဒီအစီ အစဉ်တွေမှာ ပါဝင်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ဂုဏ်ပြု ကြောင်း ပြောချင်ပါတယ်။

 

ဘယ်လိုအခက်အခဲ အ‌ပြောင်းအလဲတွေနဲ့ ကြုံတွေ့ရစေကာမူ၊ ရည်မှန်းချက်များ ဖြစ်မြောက်နိုင်ဖို့ နည်းတွေရှာပြီး အကောင်အထည်ဖော်နိုင်တာကလည်း ပညာရဲ့တန်ခိုးကို ပြသခြင်းပဲမဟုတ်ပါလား။

 

ဒီကနေ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ သက်တမ်း ၁ဝဝ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ဟာ လောကဓံကို ကြံ့ကြံ့ခံ၊ အခက်အခဲပေါင်း များစွာကို ကျော်လွှားပြီး အစဉ်အလာကောင်းများကို မပျောက်မပျက်ရအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမရာစုနှစ် ကုန်ဆုံးပြီး ဒုတိယ ရာစု အစပြုချိန်ကစလို့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတကာ အဆင့်မီတက္ကသိုလ်အဖြစ် ကမ္ဘာ့အလယ်မှာ တင့်တယ် ဝင့်ထည်စေဖို့အတွက် ကျွန်မတို့အားလုံး အားသစ် အားမာန်တွေနဲ့ ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ရာပြည့်ကာလကနေ နောင်နှစ်ပေါင်းထောင်ချီ ကမ္ဘာတည် သရွေ့ အဓွန့်ရှည်ပါစေလို့ ဆုတောင်းဆန္ဒပြုရင်း ကျွန်မရဲ့ ဂုဏ်ပြုဝမ်းမြောက်စကားကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။