နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပင်လုံမြို့မှဒေသခံပြည်သူများနှင့် တွေ့ဆုံ

Image not available
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပင်လုံမြို့မှဒေသခံပြည်သူများနှင့် တွေ့ဆုံ
===============================================
တောင်ကြီး ဖေဖော်ဝါရီ ၁၂
 
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ပင်လုံမြို့ ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်း၌ကျင်းပသည့်လူထုတွေ့ဆုံပွဲသို့ တက် ရောက် အမှာစကားပြောကြားသည်။
 
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်း ဝင်း၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွှတ် တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှ မော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြသည်။
 
အမှာစကားပြောကြား
 
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမှာစကားပြောကြား ရာတွင် ဒီနေ့ပင်လုံမှာပြည်သူလူထု တွေ့ဆုံပွဲရောက်လာတဲ့ ပရိသတ် အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ဒီလိုပဲ တစ်နိုင်ငံလုံးသွားတဲ့နေရာတိုင်းဖြစ်နိုင်တဲ့အခါ လူထု တွေ့ဆုံ ပွဲတွေ လုပ်ပါတယ်။ ဒီလိုလူထုတွေ့ဆုံပွဲတွေလုပ်တိုင်း၊ လုပ်တိုင်း တစ်နေ ရာနဲ့တစ်နေရာ မတူဘူး။ စဉ်းစားစရာ တွေလည်းအများကြီး တွေ့ခဲ့ရပါတယ်။ ဖေဖေ့မိန့်ခွန်းတစ်ခုထဲမှာ ဖတ်ဖူးပါ တယ်။
ဒါက ၁၉၄၇ ခုနှစ် ဖေဖေမဆုံးခင် ပြောသွားတဲ့ မိန့်ခွန်းတစ်ခုထဲမှာ ရင်ထဲမှာပြောချင်တာတွေ အများကြီး ဆိုပြီး ပြောသွားပါတယ်။ အဲဒီတုန်းက ထင်တာက ဖေဖေက အသက်လည်း ငယ်တယ်။ ကြာကြာမနေခဲ့ရတော့ ပြောချင်တဲ့ကိစ္စတွေ မပြောသွားရဘူး လို့ ဒီလိုစဉ်းစားမိပါတယ်။ အခုကျ တော့ ကျွန်မဘယ်လိုသဘောပေါက် သလဲဆိုတော့ နိုင်ငံတစ်နိုင်ငံနဲ့ပတ် သက်ရင် ရင်ထဲမှာပြောစရာတွေက အမြဲပဲ အများကြီးရှိနေပါတယ်။ ကိုယ် ကကြည့်တတ်၊ မြင်တတ်ရင် နိုင်ငံတစ် နိုင်ငံနဲ့ပတ်သက်လို့ တွေးခေါ်စရာတွေ က အများကြီးရှိတယ်ဆိုတာ ကျွန်မတို့ အားလုံး သဘောပေါက်မှာပါ။
ကိစ္စနှစ်ခုကိုအခြေခံ
 
 
ဒီနေ့မှာ ကိစ္စနှစ်ခုကိုအခြေခံပြီး ပြောချင်ပါတယ်။ တစ်ခုက ဘာလဲ ဆိုတော့ ကျွန်မတို့ ဒီနေ့ဟာ ပြည်ထောင်စုနေ့ဆိုတော့ ပြည်ထောင်စု နေ့နဲ့ဆက်စပ်တဲ့ ကိစ္စလေးတွေပြော ချင်တယ်။ နောက်တစ်ခုကတော့ တစ် နိုင်ငံလုံးကို ခရီးတွေသွားပြီး တွေ့ဆုံပွဲ တွေလုပ်တဲ့အခါမှာ ရခဲ့ရတဲ့အသိတွေ၊ သင်ခန်းစာတွေ အကြောင်းလည်း ပြောချင်ပါတယ်။
ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ ကျွန်မတို့ ထပ်တလဲလဲပြောရပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု၊ ရိုးရိုး ပြည်ထောင်စုမဟုတ်တဲ့ နိုင်ငံတွေနဲ့ မတူပါဘူး။ စည်းလုံးညီညွတ်မှုပိုပြီး လိုတယ်။ ပြည်ထောင်စုအင်အားကိုတည်ဆောက်ဖို့ ပိုပြီးလိုတယ်။ ကျွန်မ တို့အားလုံးဟာ ပြည်ထောင်စုဖွားတိုင်း ရင်းသားတွေဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်၊ ပြည်ထောင်စုသားချင်းတွေ ဖြစ်တယ် ဆိုတဲ့စိတ်ဓာတ်ကို မွေးမြူရမယ်လို့ ကျွန်မတို့ ပြောပါတယ်။
 
ပြည်ထောင်စုသွေးချင်း
 
တချို့က ပြည်ထောင်စုသွေးချင်း ဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်မပြောဖူးပါတယ်။ တကယ်ဆိုသွေးက အဓိကမဟုတ် ပါဘူး။ အတွေးအခေါ် အယူအဆက သာ အဓိကပါ။ တစ်ကမ္ဘာလုံးကိုလွှမ်း ပြီး ကြည့်လိုက်ပါ။ ကမ္ဘာကြီးမှာ ဆိုရင် ပြည်ထောင်စုတွေ ရှိတယ်။ ပြည်ထောင်စုမဟုတ်တဲ့ နိုင်ငံတွေရှိ တယ်။ နိုင်ငံနှစ်မျိုးစလုံးဟာ သူ့နည်း နဲ့သူ တိုးတက်ကြီးပွားနေတဲ့ နိုင်ငံတွေ ရှိတယ်။ မတိုးတက်မကြီးပွားတဲ့ နိုင်ငံ တွေရှိတယ်။ ပြီးတော့ တိုးတက် ကြီးပွားတယ်ဆိုတာ ပြည်ထောင်စုမို့လို့ တိုးတက်ကြီးပွားတာ မဟုတ်ပါဘူး။ ပြည်ထောင်စုမဟုတ်လို့ တိုးတက်ကြီး ပွားတာလည်း မဟုတ်ပါဘူး။ နောက် ဆုံးကျတော့ ပြည်သူပြည်သားတွေ အပေါ်မှာ အခြေခံပြီး နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ကြီးပွားမှုဟာဖြစ်လာပါတယ်။
ကျွန်မတို့ ပြည်ထောင်စုတစ်ခုကိုထူထောင်မယ်လို့ သန္နိဋ္ဌာန်ချပြီးရင် အဲဒီပုံစံကို အောင်မြင်အောင် လုပ်ရ မယ်။ ဒါဟာ လူ့ကျင့်ဝတ်ပဲလို့ ကျွန်မ ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အလုပ်တစ်ခုကို စပြီးလုပ်မယ်ဆိုရင်အောင်မြင်အောင်လုပ်ရမယ်။ ပြီးရင်ဆုံးခန်းတိုင်အောင်လုပ်နိုင်တဲ့ ဇွဲနဲ့ ဝီရိယ ရှိရမယ်။ အစကတည်းကဘာလို့ စလုပ် သေးသလဲ။ စလုပ်ပြီဆိုရင် ဆုံးခန်း တိုင်အောင်လုပ်ရမယ်။ ခက်ခဲလွန်းလို့၊ ပင်ပန်းလွန်းလို့ဆိုပြီး လမ်းတစ်ဝက် မှာ ရပ်တယ်ဆိုတာ မကောင်းပါဘူး။
 
ဒါကြောင့် ကျွန်မတို့ရဲ့ပြည်ထောင် စုလမ်းဟာ မဆုံးသေးပါဘူး။ ၁၉၄၇ ခုနှစ်က စခဲ့တယ်။ အခု ၂၀ ရာစုအထိ ပြီးသွားပြီ။ အခု ၂၀၂၀ ရောက်နေပါပြီ။ ၂၀၂၀ မှာလည်း ကျွန်မတို့ဟာ ပြည်ထောင်စုကို ခိုင်ခိုင်ခံ့ခံ့ မထူ ထောင်နိုင်သေးဘူး။ ပြောတာက ပြည်ထောင်စုမြန်မာနိုင်ငံပါ။ တကယ် တော့ ကျွန်မတို့ဟာ ပြည်ထောင်စုတစ် ခုဖြစ်ပြီလားဆိုတာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ စဉ်းစားစရာတွေ အများကြီးပါ။ အဲဒါတွေအကြောင်း စဉ်းစားမယ်ဆိုရင် စဉ်းစားလို့လည်း မကုန်ဘူး၊ ပြောလို့လည်း မကုန်ပါဘူး။
 
ကျွန်မက သွေးချင်းတွေပေါ့နော်။ သွေးတူတာထက် အရေးကြီးတာက တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဖြစ်ဖို့အရေးကြီးတယ်လို့ ပြောဖူးပါတယ်။ တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဆိုတာကျွန်မအဓိပ္ပာယ်ဖော်တာက တစ်စိတ် တည်းဆိုတာ အားလုံးနားလည်ပါ တယ်။ စိတ်ချင်းတူတယ်။ စိတ်ချင်းတူ တယ်ဆိုတာ အားလုံးတစ်ပုံစံတည်း စဉ်းစားရမယ်လို့ ပြောတာမဟုတ်ပါ ဘူး။ အဓိကကိစ္စတွေ၊ အဓိကရည်ရွယ် ချက်တွေမှာ ရည်ရွယ်ချက်ချင်းတူဖို့ လိုပါတယ်။ ဒါမှ ကျွန်မတို့ ညီညွတ်မှု ရနိုင်မှာပါ။ ပြည်ထောင်စုကို ထူထောင် ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က တူရ မယ်။ ဘယ်လိုပုံစံနဲ့ ထူထောင်မလဲ ဆိုတာ အားလုံးတစ်ပုံစံတည်းဖြစ်မှာမဟုတ်ဘူး၊ တူနိုင်မှာမဟုတ်ပါဘူး။ အဲဒါကို ညှိယူနိုင်ရမယ်။
အေးအတူ ပူအမျှ
နောက်တစ်ဝမ်းတည်း၊ ဘာဖြစ်လို့ တစ်စိတ်တည်း တစ်ဝမ်းတည်းပြောလဲ ဆိုရင် ဝမ်းစာရေးနဲ့ပတ်သက်တယ်လို့ ကျွန်မထင်ပါတယ်။ အဲဒါဘာလဲ ဆိုတော့ အေးအတူပူအမျှပါ။ ဖွံ့ဖြိုး တိုးတက်ရင် အားလုံးတူတူ ဖွံ့ဖြိုးရ မယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင် စားရင် တူတူစားနိုင်ရမယ်။ တစ်ယောက် ဝမ်းပြည့်ရင် အားလုံးဝမ်းပြည့်မှ၊ တစ် ယောက်ဝမ်းပြည့်တယ်လို့ သတ်မှတ် နိုင်ပါတယ်။ ဝမ်းမပြည့်ဘူးဆိုရင် လည်း အားလုံးမပြည့်ကြဘူးဆိုပြီး။ ဖူလုံမှုနဲ့ ပတ်သက်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာညီညွတ်မှုကျွန်မတို့မှာ ရှိဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခု စလုံး ညီညွတ်မှုရှိမှ ကျွန်မတို့ဟာ ပြည်ထောင်စုဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး၊ လူသိအများဆုံးနဲ့ အချမ်းသာဆုံး ပြည်ထောင်စုဆိုတာက အမေရိကန်ပြည်ထောင်စုပါ။ အမေရိ ကန်ပြည်ထောင်စုက ဘာလူမျိုးလဲ၊ အမေရိကန် လူမျိုးဆိုတာ ၁၅ ရာစု မတိုင်က အခြေချနေထိုင်ခဲ့တဲ့ အမေ ရိကန်အင်ဒီးယန်းတွေကို ပြောတာ မဟုတ်ပါဘူး။ အခုဆိုရင် အမေရိကန် နိုင်ငံသားတွေဆိုတာ ကျွန်မတို့မြန်မာနိုင်ငံကသွားတဲ့သူတွေလည်း ပါတယ်။
ပင်လုံမြို့ကသွားတဲ့သူတွေလည်း ပါကောင်းပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက လူမျိုးပေါင်းစုံ၊ ကိုးကွယ် တဲ့ဘာသာပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စုကြီးဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ အင်အားအကြီးဆုံး တစ်ခုဖြစ်နေလဲဆိုရင် အဲဒါဟာ သယံ ဇာတ ပေါကြွယ်ဝမှုတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒါကပြည်ထောင်စု အကြီးကြီးပါ။
 
စိတ်ဓာတ် ညီညွတ်မှု
 
ပြည်ထောင်စု အသေးတွေကို ကြည့်မယ်ဆိုရင် ဆွစ်ဇာလန်လို ပြည်ထောင်စုကို ကြည့်လိုက်ပါ။ နိုင်ငံက သေးငယ်ပါတယ်။ အင်မတန်မှ အင်အားကြီးတဲ့ ဥရောပနိုင်ငံကြီးတွေကြားထဲမှာတည်ရှိပြီး သူတို့ ပြည်ထောင်စုကိုလည်း သူတို့တိုးတက် အောင်၊ အောင်မြင်အောင်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်အောင် လုပ်နိုင်တယ်။ ပြီးတော့ ပြည်ထောင်စု တစ်ခုချမ်းသာတယ်၊ မချမ်းသာတယ် ဆိုတာ ကြီးတာ၊ သေးတာနဲ့မဆိုင်ပါ ဘူး။ သယံဇာတ ပေါကြွယ်ဝတာ၊ မကြွယ်ဝတာနဲ့ မဆိုင်ပါဘူး။ ဆွစ်ဇာ လန်နိုင်ငံမှာ သယံဇာတပစ္စည်းပေါ ကြွယ်ဝမှု မရှိပါဘူး။ ကျွန်မပြောသလိုပဲ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေအပေါ်မှာ မူတည် ပြီးနိုင်ငံတစ်နိုင်ငံဟာ တိုးတက်တာပါ။
ကျွန်မတို့ ပြည်ထောင်စုကို တကယ်ပဲ ဖွံ့ဖြိုးတိုးတက်စေချင် သလားဆိုတာ အဲဒီဟာတွေကို ဆုံးဖြတ် ရမှာဖြစ်ပါတယ်။ အဲဒီလိုဆုံးဖြတ်ပြီးရင်ဖွံ့ဖြိုးစေချင်တယ်၊ တိုးတက်စေချင် တယ်ဆိုရင် အဲဒီဟာကို ဦးတည်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ငါတို့လူမျိုး အတွက်၊ ငါတို့လူမျိုးစုအတွက် ဆိုပြီး စဉ်းစားလို့မရပါဘူး။ အဲဒီအတိုင်းလည်း မပြီးပါဘူး။ ပြည်ထောင်စုအတွင်းမှာငါတို့လူမျိုးကို ဘယ်လိုပိုပြီးကောင်းနိုင် မလဲ။ ဘယ်လိုပိုပြီးအင်အားရှိနိုင်မလဲဆိုတဲ့ပုံစံနဲ့ စဉ်းစားစေချင်ပါတယ်။
ဥပမာ မိသားစုတစ်ခုတည်းမှာ မိသားစုတစ်ခုလုံးကို စိတ်ချမ်းသာမယ် ဆိုရင် တစ်ယောက်ချင်း၊ တစ်ယောက် ချင်းအားလုံး ချမ်းသာနိုင်ပါတယ်။ မိသားစုတစ်စုတည်းမှာ တစ်ယောက် က ဝင်ငွေကောင်းပေမယ့် တခြားသူ တွေကိုမမျှဝေဘူး။ နေတော့ ဒီအိမ်မှာ နေတယ်၊ စားတော့ဒီအိမ်မှာ စားတယ်၊ ဒီအိမ်မှာစားပြီး အိပ်တယ်၊ ဒါပေမယ့် သူရတဲ့ဝင်ငွေကျတော့ ကျန်တဲ့သူတွေ ကိုမပေးဘူး၊ မမျှဘူးဆိုရင် ဒီအိမ်မှာ လည်း သာယာမှာမဟုတ်ပါဘူး။ ကျန် တဲ့သူတွေကလည်း ကျေနပ်မှာမဟုတ် ပါဘူး။ သူကိုယ်တိုင်လည်း ဘယ်လောက် စိတ်ချမ်းသာနိုင်မှာလဲ။
 
ဒါကြောင့် ကျွန်မတို့ဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း စဉ်းစားတဲ့ စိတ်ဓာတ်မဟုတ်ဘဲ အများ အတွက်စဉ်းစားပြီး အများတိုးတက် ရင် ကျွန်မတို့ဆိုရိုးစကားလို “သူတစ် ပါးအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုသလို အများအကျိုးကိုဆောင်ခြင်း ဖြင့် တစ်ယောက်ချင်း၊ တစ်ယောက် ချင်းရဲ့ အကျိုးကိုအောင်နိုင်မယ်ဆိုတဲ့စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားမှ ကျွန်မ တို့ပြည်ထောင်စုကို ဆောက်တည်နိုင် မှာပါ။
 
ပြည်ထောင်စုစိတ်ဓာတ်
 
တချို့က ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်ပေးနိုင်တယ်ဆိုတာ အတော် ဂုဏ်ယူစရာကောင်းတယ်လို့ ထင်ပါ တယ်။ ကိုယ့်လူမျိုးအတွက် ကိုယ်လုပ် ပေးနိုင်တယ်ဆိုတာ ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့် လူမျိုးအတွက်တစ်ခုတည်းပဲ လုပ်တယ် ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်အတွက်လည်းစဉ်း စားရမယ်။ အများအတွက်လည်း စဉ်းစားရမယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးရဲ့ အထက်မှာရှိတာက ပြည်ထောင်စုပါ။ ဒီပြည်ထောင်စု စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။
လွှတ်တော်အတွင်းမှာ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းဖို့ကျွန်မတို့ကြိုးစားနေပါတယ်။ ဘာဖြစ် လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်မတို့ ပြောင်းချင်တာလဲ။ စစ်မှန်တဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတာ ရှိမှသာလျှင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး အတွက် စိတ်လုံခြုံမှုရှိမယ်။ ကိုယ်လုံ ခြုံမှုရှိမယ်။ ညီညွတ်မှုနဲ့ တိုးတက်မှုရှိ နိုင်မယ်။ ဒါကြောင့် ဒီလိုမျိုးဖြစ်မြောက် ဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရား ဥပဒေဘောင်အတွင်းက လမ်းကို လျှောက်ဖို့ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မူချမှတ်ခဲ့တာ နိုင်ငံကို မနာစေချင်လို့ပါ။
 
နှလုံးသွင်းစဉ်းစားစေချင်
 
ပြည်သူပြည်သားတွေ နာတဲ့လမ်း ကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့မစဉ်း စားပါဘူး။ ငါတို့လိုချင်တာရရင်ပြီးရောဘယ်သူနာနာဆိုတဲ့ စိတ်ဓာတ်နဲ့လုပ် လို့ကတော့ နိုင်ငံကိုအကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီနေ့ဆိုရင် ပင်လုံမှာ ကျွန်မတို့ စုစည်းကြတယ်။ ကျွန်မ မနက်တုန်းကပြောသွားပါတယ်။ ပင်လုံကိုလာပြီး ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပတဲ့အခါမှာ ကျွန်မ တို့ရဲ့ပြည်ထောင်စုဖခင်ကြီးတွေ ဘယ် လိုစိတ်ထားနဲ့ လုပ်သွားကြသလဲ ဆိုတာပြန်ပြီး ကျွန်မတို့ နှလုံးသွင်း စဉ်းစားစေချင်ပါတယ်။
 
အဲဒီအချိန်တုန်းက သဘောထား ကြီးကြတယ်။ သဘောထားကြီးကြီးနဲ့ အတူလုပ်မယ်။ သတ္တိရှိရှိနဲ့အတူစွန့်စားမယ်ဆိုတဲ့စိတ်နဲ့ လုပ်တာပါ။ အဲဒီ လိုသဘောထားကြီးဖို့နဲ့ သတ္တိရှိဖို့လိုပါ တယ်။ သဘောထားကြီးမှ ပညာ အမြော်အမြင်လည်း ရှိနိုင်မယ်။ သတ္တိ ရှိတယ်ဆိုတာကလည်း လုပ်သင့်လုပ် ထိုက်တာကို လုပ်ရဲတာပြောတာပါ။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရဲတာနဲ့ပတ်သက်ပြီး အရေးကြီး တဲ့ အချက်တစ်ခုက ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုပါ တယ်။
ယုံကြည်မှုတည်ဆောက်
တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်ထောင်စုထူထောင်ဖို့ဆွေးနွေးတဲ့အခါမှာ ခဏခဏပြောတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပါ။ တခြားလူကို ယုံကြည်အောင်မတည် ဆောက်ခင် ကိုယ့်ကိုယ်ကိုယ်ယုံကြည် ဖို့လည်း လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူက တခြားသူကို ယုံကြည်ဖို့ ပိုပြီးလွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ရင်၊ ကိုယ့် မှာ အင်အားရှိတယ်၊ အရည်အချင်း ရှိတယ်၊ လုပ်နိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုရှိရင် တခြားသူကိုပေးဖို့ မရွံ့ပါဘူး။ တစ်နည်းအားဖြင့် ပြောရ မယ်ဆိုရင် ကိုယ့်မှာ လုံလုံလောက် လောက်ရှိတယ်ဆိုပြီး ခံစားရတဲ့သူက တခြားသူကို ပေးဖို့၊ မျှဖို့ ပိုပြီးလွယ်ပါ တယ်။ ကိုယ့်မှာ မလုံမလောက်ရှိတဲ့ သူက မမျှချင်ဘူး၊ မပေးချင်ဘူး၊ ငါ့မှာ တောင် မလုံမလောက်နဲ့ သူ့ကိုမပေး ချင်ဘူးဆိုတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။
 
အတွေးအခေါ်တစ်ခု
 
အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။ လူတိုင်းလူတိုင်းဟာ တန်ဖိုးရှိတယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ယုံကြည် ပါ။ ဒီတန်ဖိုးကိုဖြတ်ဖို့ဆိုတာ ငွေရေး ကြေးရေးနဲ့လည်း ဖြတ်လို့မရပါဘူး။ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေ ရထားတဲ့ လက်မှတ်အရည်အချင်း တွေနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကိုယ်ဟာ အများအကျိုးအတွက် ဘယ်လောက်သယ်ပိုးနိုင်တဲ့ အရည် အချင်းရှိတယ်ဆိုတဲ့ တန်ဖိုးနဲ့ ဖြတ်လို့ ရပါတယ်ဆိုတာကို သတိပေးချင်ပါ တယ်။ ဒါဟာ ပြည်ထောင်စုနဲ့ ပတ်သက်လို့ အတွေးအခေါ်တစ်ခုပါ။
နောက်တစ်ခုက ကျွန်မတို့ ဒီလို သွားတဲ့အခါမှာ ပြည်သူနဲ့ တွေ့ဆုံပွဲ တွေကို စီစဉ်ပါတယ်။ ဒီလိုစီစဉ်ရတဲ့ အကြောင်းက ပြည်သူတွေနဲ့ မကင်း ကွာချင်လို့ပါ။ အစိုးရနဲ့ပြည်သူက တတ်နိုင်သမျှ မကင်းကွာအောင် နေရ ပါတယ်။ သို့သော် နိုင်ငံတစ်နိုင်ငံမှာ အစိုးရနဲ့ပြည်သူ အမြဲတမ်းဆက်စပ် နေဖို့ဆိုတာ အထူးသဖြင့် ကျွန်မတို့လို မဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာဆိုရင် ပိုပြီး ခက်ပါတယ်။
ရိုးရိုးလေးပြောရမယ်ဆိုရင် လမ်း ပန်းဆက်သွယ်ရေးအပိုင်းကို ကြည့် လိုက်ပါ။ ကျွန်မတို့ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင် လမ်းပန်းဆက်သွယ်ရေးက သိပ် မကောင်းတော့ တောရွာလေးမှာနေတဲ့ ပြည်သူနဲ့ မြို့မှာရှိနေတဲ့ အစိုးရအရာရှိ တွေနဲ့ တွေ့ဆုံဖို့က လမ်းပန်းဆက် သွယ်ရေးကောင်းတဲ့ နေရာလောက် မလွယ်ပါဘူး။ ဒီလိုအခြေခံလေး တွေကနေစပြီး ကျွန်မတို့ ဖွံ့ဖြိုးစ နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေတဲ့နိုင်ငံတစ်နိုင်ငံမှာဆိုရင် ညီညွတ်မှု တည်ဆောက်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်မှုရှိဖို့၊ အုပ်ချုပ်ရေး တာဝန်ကိုယူထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူအများစုနဲ့ ဆက်စပ်မှုရှိဖို့ ဆိုတာက အင်မတန်မှ ခက်ပါတယ်။ လုပ်ယူရပါတယ်။ ကြိုးစားယူရပါ တယ်။ ကြိုးစားမှုတစ်ခုအနေနဲ့ ဒီလို သွားတဲ့အခါမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ပါတယ်။
 
အလွဲသုံးစာလုပ်နေ
 
ပြည်သူလူထုက တင်ပြချင်တာ တွေတင်ပြဖို့ အခွင့်အရေးပေးပါတယ်။ မေးချင်တာတွေမေးဖို့ အခွင့်အရေး ပေးပါတယ်။ တတ်နိုင်သမျှ ကျွန်မတို့ ဘက်ကနေ ပြန်ဖြေပါတယ်။ တုံ့ပြန်ပါ တယ်။ ဒါတွေကို ပြည်သူတွေက တန်ဖိုးထားပြီး တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ ပြည်သူတွေကိုလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တစ်ချိန်တည်းမှာ ဒါတွေကိုတောင် အလွဲသုံးစားလုပ်နေ တာကို ကျွန်မတို့ တွေ့နေရပါတယ်။ ဒီလို တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာ ဒေသခံတွေအတွက် လုပ်တာပါ။ ဒီဒေသကလူတွေဟာ ကျွန်မတို့အစိုးရ နဲ့ပိုပြီး ချိတ်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ တစ်ခါတလေ ဒေသခံမဟုတ်တဲ့သူတွေ က တခြားဘက်ကနေလာပြီး မေးချင် တာတွေမေးပါတယ်။ ရန်လိုတဲ့ပုံစံနဲ့ လုပ်ပါတယ်။ တစ်ခါတလေ စည်းကမ်း မရှိပါဘူး။ ကျွန်မတို့အနေနဲ့ အားလုံး ကို မေးပိုင်ခွင့်၊ ပြောပိုင်ခွင့် မပြုနိုင်တဲ့ အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူ တွေကို မေးပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ ပေးပါတယ်။ အဲဒါတွေကို ကြိုတင် တင်ပြထားတဲ့ မေးခွန်းတွေဖြေပြီးတဲ့ အချိန်မှာ ပေးပါတယ်။ အဲဒီလို မဲနှိုက် တဲ့နေရာမှာ တချို့တွေက သူတို့နာမည် မပါလာလို့ဆိုပြီး ပြဿနာရှာချင်ကြ ပါတယ်။ အဲဒါက စည်းကမ်းမရှိတာပါ။ ကျွန်မတို့က ဒါကို ခွင့်မပြုတာကို အပြစ်လို့ ရှာချင်တာရှိပါတယ်။ ဒါက စည်းကမ်းဖြစ်ပါတယ်။ အားလုံးကို ပြောခွင့်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။
 
အခွင့်အရေးကို အလွဲသုံးစားလုပ်
 
တစ်နိုင်ငံလုံးက လူဦးရေ ၅၂ သန်း ကျော်သော ပုဂ္ဂိုလ်တွေနဲ့ အားလုံး အတူတူတစ်ချိန်တည်း စကားပြောဖို့ ဆိုတာ ဘယ်လိုမှ လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တဲ့နေရာမှာ ကျွန်မတို့က ချိတ်ဆက်ဖို့ ကြိုးစားပါ တယ်။ ကြိုးစားတဲ့နေရာမှာ တကယ့် ကို ဒေသခံတွေရဲ့အသံကို ကျွန်မတို့ ကြားချင်ပါတယ်။ ဒေသခံမဟုတ်ဘဲ နဲ့ ဒီလိုအခမ်းအနားတစ်ခု၊ တွေ့ဆုံပွဲ တစ်ခုကို အသုံးချပြီး ကိုယ်လိုချင်တာ လုပ်တာဟာ အခွင့်အရေးကို အလွဲ သုံးစားလုပ်တာပါ။ ကျွန်မက အခွင့် အရေးကို မကြည့်ရဘူး၊ တာဝန်ကို ကြည့်ရမယ်လို့ပြောရင် တချို့မကြိုက် ချင်ဘူး။ ဒါကလည်း ကိုယ့်ရဲ့လွတ်လပ် ခွင့်ကို ထိခိုက်သလို၊ လွတ်လပ်တဲ့ သူဆိုတာ ကိုယ့်မှာ အခွင့်အရေးဆိုတာ ရှိသလို တာဝန်ဆိုတာလည်း ရှိတယ် ဆိုတာ နားလည်မှ တကယ်လွတ်လပ် တဲ့သူဖြစ်ပါတယ်။
အခွင့်အရေးကိုပဲ လိုချင်တဲ့သူဆို တာ လွတ်လပ်တဲ့သူ မဟုတ်ပါဘူး။ သူများကို အားကိုးနေတဲ့သူ ဖြစ်ပါ တယ်။ အဲဒီလို လူတွေက အခွင့်အရေး ဆိုတာ သူများပေးမှရတာပါ။ ကိုယ့် ဘက်က ဘာပေးလို့လဲ၊ တာဝန်ဆိုတာ ကိုယ့်ဘက်က ပေးတာပါ။ ကိုယ် ကလည်း ပေးတာရှိရမယ်။ ကိုယ့် ဘက်က တာဝန်ကျေတယ်ဆိုတာ ကိုယ်ကပေးတာပါ။ ဒါဟာ ကိုယ့်ရဲ့ တန်ဖိုးဖြစ်ပါတယ်။ ကျွန်မ အမေရိကန် ပြည်ထောင်စုအကြောင်း ပြောခဲ့ပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာ သူတို့ရဲ့လွတ်လပ်ရေးအတွက် စပြီး တိုက်တဲ့အခါမှာ သူတို့သုံးခဲ့တဲ့ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ အခွင့် အရေးမရှိဘဲနဲ့ အခွန်အခမပေးဘူး ဆိုပြီး ဆောင်ပုဒ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ အခွန်အခတော့ ပေးရတယ်။ သူတို့ကို အုပ်ချုပ်တဲ့ အစိုးရကို အခွန်အခပေးရပေမယ့် သူတို့ကို အခွင့်အရေးမပေးဘူး။ အဲဒီ လိုမျိုးကို မတရားဘူးပြောတာက မှန်ပါတယ်။ သူတို့မှာ အခွန်အခပေး ဖို့ တာဝန်ရှိတယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို ရရမှာဖြစ်ပါတယ်။
 
တာဝန်ကျေပွန်ရမှာဖြစ်
 
နောက်တစ်ချက် ဘယ်လိုပြောလဲ ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ သူတို့အနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့် အရေးတောင်းတယ်ဆိုရင် ပြောတဲ့ စကားတစ်ခုရှိပါတယ်။ သူတို့က အခွန် အခ ပြည့်ပြည့်ဝဝ ပေးထားတဲ့ နိုင်ငံ သားတွေဖြစ်တယ်။ ငါတို့ဟာ ငါတို့ရဲ့ နိုင်ငံသားတာဝန်တွေ ကျေပွန်တယ်၊ ခင်ဗျားတို့အစိုးရကလည်း အစိုးရရဲ့ တာဝန် ကျေပွန်ရမယ်လို့ ပြောတာ က မှန်ပါတယ်။ အဲဒီလို အစိုးရရော၊ နိုင်ငံသူ နိုင်ငံသားတွေကရော နှစ်ဖက် စလုံး တာဝန်ကျေပွန်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်တည်းက ပေးနေတာဆိုရင် တန်ဖိုးရှိတဲ့စိတ်ဓာတ် မဟုတ်ပါဘူး။ နိုင်ငံကို အကျိုးပြုတဲ့စိတ်ဓာတ်လည်း မဟုတ်ပါဘူး။ ဒါဟာလည်း တာဝန် မသိတာကလွဲလို့ ဘာမှကောင်းတဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။
ဒါကြောင့် မေးခွင့်ပေးဖို့အတွက် ဒေသခံတွေကိုပဲ ကျွန်မမေးခွင့်ပေးပါ မယ်။ မဲနှိုက်လို့ရတဲ့ ပုဂ္ဂိုလ်တွေက လည်း မဲနှိုက်ပြီး ပေါက်လာရင် ဒေသခံ ဟုတ်၊ မဟုတ် မေးပြီးမှ အခွင့်အရေး ပေးပါမယ်။ ဒေသခံမဟုတ်ဘဲနဲ့ ဒေသခံ ပုံစံလုပ်ပြီး ကိုယ်သိချင်တာ လာမေး တာ၊ နောက်ပြီး လှုံ့ဆော်တဲ့ သဘော နဲ့ လုပ်တာတွေကို ကျွန်မတို့ ဒါတွေ ကို လုံးဝလက်မခံပါဘူး။ ကိုယ်ပြော ချင်တာ ပြောပိုင်ခွင့်ရှိတယ်၊ တင်ပြ ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဟာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အဲဒီတော့ စည်းစောင့်စေချင်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေ စည်းစောင့် မှ၊ ကိုယ်ကလည်း ပေးတတ်တဲ့သူ၊ ပေးချင်တဲ့သူ၊ ပေးရဲတဲ့သူဆိုတဲ့ ဂုဏ် သိက္ခာရှိမှသာလျှင် ကျွန်မတို့နိုင်ငံ တိုးတက်မှာပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် တစ်ယောက်ချင်း တစ်ယောက်ချင်း တိုးတက်ဖို့လိုပါ တယ်။ အသေးအဖွဲကိစ္စတွေကအစ ခရီးသွားတဲ့လမ်းမှာ တွေ့မြင်တာတွေ ထဲက ကျွန်မအနေနဲ့ သင်ခန်းစာ ယူစရာအများကြီးရှိတယ်။ ပြောမယ် ဆိုရင်တော့ ပြောချင်တာတွေ အများ ကြီးရှိပါတယ်။ ဒါပေမယ့် အချိန်မလုံ လောက်ပါဘူး။ အချိန်က မလောက်တဲ့ အတွက် ကျွန်မအနေနဲ့ ဒီမှာ ဒီလောက် ပဲ ပြောပါ့မယ်။
အပေးအယူမျှတမှသာလျှင်
 
ပြည်ထောင်စုစိတ်ဓာတ်ကို မွေးကြ ပါ။ နိုင်ငံသားကောင်းစိတ်ဓာတ်ကို မွေးကြပါ။ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာ ညီညွတ်ရေးနဲ့ အပေးအယူ မျှတရေးအပေါ်မှာ မူတည်ပါ။ ထိုနည်း လည်းကောင်း နိုင်ငံသားကောင်း ဆိုတာက အပေးအယူမျှတရေးနဲ့ မူတည်ပါတယ်။ အစိုးရနဲ့ နိုင်ငံသူ နိုင်ငံသားတွေအကြား၊ အဖွဲ့အစည်း တွေအကြား၊ ပါတီတွေအကြား၊ လူတစ်ဦးချင်း တစ်ဦးချင်းအကြား အပေးအယူမျှတမှသာလျှင် တိုးတက် တဲ့၊ သိက္ခာရှိတဲ့ ကမ္ဘာကတန်ဖိုးထား မယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။
 
ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဟာတွေကို ကျော်လွှားဖို့ဆိုတာကို ကျွန်မအနေနဲ့ စိတ်ပူပင်သောကမရှိ ပါဘူး။ တတ်နိုင်သလောက် တစ်ရက် ချင်း တစ်ရက်ချင်း၊ တစ်နေ့ချင်း တစ်နေ့ချင်း လုပ်ရမယ့်တာဝန်တွေ ကို ကျေကျေပွန်ပွန် လုပ်သွားနိုင်ပြီ ဆိုရင် ကျွန်မ ကျေနပ်ပါတယ်။ လူတိုင်း လူတိုင်းကိုလည်း ဒီလိုပဲ စိတ်ထား စေချင်ပါတယ်။ တစ်နေ့ချင်း တစ်နေ့ချင်း ကိုယ့်ရဲ့တာဝန်တွေကိုကိုယ်ပြည့်ပြည့်ဝဝ ထမ်းဆောင်သွား မယ်၊ မှန်မှန်ကန်ကန်နဲ့ စည်းမျဉ်း စည်းကမ်း ဘောင်အတွင်းက အပေး အယူမျှတအောင် လုပ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကျွန်မတို့နိုင်ငံကို ကူညီ ပေးစေချင်ပါတယ်။ တကယ့်ကို စစ်မှန် တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တစ်ခု ထူထောင်ရေးအတွက်ကို ဝိုင်းဝန်းကူညီပေးကြစေချင်ပါတယ် ဟု ပြောကြားသည်။
မေးမြန်းတင်ပြ
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြမေးမြန်းထားသည့် ပင်လုံမြို့ ရပ်ကွက်(၂) ပြည်ထောင်စုလမ်းမှ ဦးရဲလှိုင်က ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ သင်နိုင် ရေးအတွက် ပင်လုံမြို့တွင် အသက် မွေးဝမ်းကျောင်း သင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ရေး၊ ပင်လုံမြို့သည် လူဦးရေထူထပ်စည်ကားသော မြို့ တစ်မြို့ဖြစ်သဖြင့် ပင်လုံမြို့အား လက်ရှိမြို့အဆင့်မှ မြို့နယ်အဆင့် သို့ အဆင့်မြှင့်ပေးနိုင်ရေးနှင့် ပြည်ထောင်စုကျောက်တိုင်ပတ်လမ်း အရှည် (၄၂၃၀ x ၁၂) ပေအား လက်ရှိ ကတ္တရာလမ်းမှ ကွန်ကရစ်လမ်းအဖြစ် သို့ အဆင့်မြှင့်တင်ပေးရေး၊ လဲချားမြို့ ရပ်ကွက်(၂)မှ မြို့မိမြို့ဖ ဦးစိုင်းထွန်းဦး က လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့ဝင်ရေချောင်း (နန့်တောင် ချောင်း)အား မြောင်းကမ်းပါးနံရံ ကျောက်စီခြင်းနှင့် မြောင်းတစ်လျှောက် နုန်းဆယ်ခြင်းလုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပေးနိုင်ရေး၊ လဲချားမြို့ မြို့မကျေးရွာအုပ်စု ဟိုနောင်လုံ ကျေးရွာ မြို့မိမြို့ဖ ဦးစိုင်းဆိုင်က နောင်ပန်-ဝမ်ယိမ်းလမ်း ၁၄ မိုင် ၂ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ နမ့်စန်မြို့ ဘန့်ဟင်ကျေးရွာအုပ်စု ဝမ်ခိုင်း ကျေးရွာမှ ဦးထွက်လို့က နမ့်စန် မြို့နယ် ဘန့်ဟင်ကျေးရွာအုပ်စု ကွန်ကျိုင်း(တွန်ကျိုင်း)-ဘန့်ဟင်ရွာ မှ (ဝမ်ဟင်)-ဝမ်ခိုင်းရွာအထိ ကျောက် ချောလမ်း လေးမိုင် ဖောက်လုပ်ပေးရေး၊ ဟိန်းထိုက်စံကုမ္ပဏီတာဝန်ခံ ဦးကိုကို ထွန်းက နမ့်စန်မြို့နယ် အမှတ်(၅) ရပ်ကွက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ကော်ဖီ ရာသီ သီးနှံဌာနခွဲနှင့် စာချုပ်ချုပ်ဆို ထားသည့် ဟိန်းထိုက်စံကုမ္ပဏီအနေ ဖြင့် ကိုယ်ပိုင်ဈေးဖွင့်လှစ်ခွင့်ရရှိရေး တင်ပြထားမှုအပေါ် အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရေး၊ နမ့်စန်မြို့နယ်မှ ဦးနေဇော်နိုင်က နမ့်စန်မြို့နယ်တွင် အဓိကသောက်သုံးရသည့် နမ့်လတ် ချောင်းရေသည် မိုးနှောင်းကာလများ တွင် ရေနည်းပါးသည့်အတွက် မြို့နေ လူထု ရေသောက်သုံးမှု ပြတ်လပ်မှု မဖြစ်စေရေး လွိုင်လင်မြို့နယ် လွယ်တန့်ရေထွက်မှ ရေသွယ်နိုင်ရေး၊ ကွန်ဟိန်းမြို့ အမှတ်(၄)ရပ်ကွက်မှ မြို့မိမြို့ဖ ဦးနေအောင်က ကွန်ဟိန်း မြို့နယ် ကာလိမြို့တွင် သန့်ရှင်း သာယာလှပရေး၊ အမှိုက်သရိုက် များ ကင်းစင်ရေးအတွက် အမှိုက် သိမ်းယာဉ် (Kyat) တစ်စီး လိုအပ် လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးပါရန်၊ ကွန်ဟိန်းမြို့ အမှတ်(၄) ရပ်ကွက် မြို့မိမြို့ဖ ဦးစိုင်းဖုန်းခေါင်က ကွန်ဟိန်းမြို့ပေါ် ရပ်ကွက်အတွင်း လူဦးရေ ၉၇၄၂ ဦးရှိပြီး လူဦးရေ ထူထပ်သောကြောင့် မီးသင်္ဂြိုဟ်စက် တစ်ခု လိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန်၊ ကွန်ဟိန်းမြို့ အမှတ်(၄)ရပ်ကွက် မြို့မိမြို့ဖ ဦးစိုင်းနုက အမှုထမ်းအိမ်ရာ များအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လေးခန်းတွဲ လေးထပ်တစ်လုံးစီကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးသီးမြို့ မိုင်းနင်ကျေးရွာမှ ဦးစိုင်းအောင်ထွန်း က စက်မှုဝန်ကြီးဌာန အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)မှ မြေလွှဲ ပြောင်းလျှောက်ထားသည့် ဧရိယာ တွင် ဒေသခံတောင်သူ လယ်သမား များ၏ ကျေးရွာမြေနှင့် လုပ်ကိုင်စား သောက် စိုက်ပျိုးနေသော မြေများ ပါဝင်နေခြင်း၊ ဒေသခံတိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အရ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း၊ နတ်စင်၊ အားကစားကွင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ ပါဝင် နေခြင်းတို့ကြောင့် ဒေသခံတောင်သူ လယ်သမားများက သဘောမတူ ကြောင်း ကန့်ကွက်တင်ပြထားခြင်း၊ မိုင်းရှူးမြို့ အမှတ်(၄)ရပ်ကွက် ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းခမ်းခေါင်က မိုင်းရှူးမြို့နယ် တောင်ပေါ်ရတနာနယ်မြေ လုပ်ကွက် များသည် ၂၀၁၉ ခုနှစ် ဇွန်လမှ စတင် ၍ သက်တမ်းကုန်ပြီး ဆက်လက် လုပ်ကိုင်ခွင့် ပိတ်ထားသောကြောင့် ဒေသခံပြည်သူများ၊ အခြားဒေသမှ လာရောက်လုပ်ကိုင်သော ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း မရှိ သဖြင့် ဥပဒေနှင့်အညီ အမြန်ပြန်လည် ၍ လုပ်ကွက်များ ချထားပေးနိုင်ရေး တို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူများက ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက် ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ သည်။
 
ရှင်းလင်းပြောကြား
 
ယင်းနောက် ခန်းမအတွင်းမှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၂၄ ဦး အနက် မဲပေါက်သူ သုံးဦးဖြစ်သည့် ပင်လုံမြို့ အမှတ်(၁)ရပ်ကွက် ဖြူစင် မေတ္တာနာရေးကူညီမှုအသင်း အတွင်း ရေးမှူး ဦးလောယုံ(ခ) ဦးစိုင်းရီက ပင်လုံမြို့၌ လူငယ်အားကစားကွင်း တစ်ခု အကောင်အထည်ဖော်ဆောင် ရွက်ပေးရေး၊ နမ့်စန်မြို့ အမှတ်(၅) ကျေးရွာမှ ဒေါ်စန်းစန်းအေးက ပင်စင်စားစစ်မှုထမ်းဟောင်းများ၏ လယ်ယာမြေများ ပြန်လည်ရရှိရေး နှင့် လျှပ်စစ်မီးရရှိရေး၊ မိုင်းပန်မြို့ ရွာသစ်ရပ်ကွက်မှ ဦးတင်ခိုင်က မိုင်းပန်မြို့နယ်မှ တောင်သူလယ်သမား များ စိုက်ပျိုးရေရရှိရေးနှင့် အစိုးရပိုင် အဆောက်အဦများ ဆောက်လုပ်ရာ တွင် အရည်အသွေးပြည့်မီမှု ရှိ/မရှိ မှန်ကန်စွာ စစ်ဆေးပေးရေး မေးခွန်း များကိုလည်းကောင်း၊ ခန်းမအပြင်မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၀ ဦး အနက် မဲပေါက်သူ သုံးဦးဖြစ်သည့် နမ့်စန်မြို့ အမှတ်(၁၀) ကျေးရွာမှ ဦးတူးတူးအောင်က စစ်မှုထမ်းဟောင်း ပိုင်မြေပေါ်ကို အခြားသူများ ကျူးကျော် နေမှုများအား ဖယ်ရှားပေးရေး၊ လွိုင်လင်မြို့ အမှတ်(၁) ရပ်ကွက်မှ ဒေါ်ခင်မာဆွေက ယာမြေကိစ္စနှင့် ပတ်သက်၍ တိုင်ကြားထားရှိမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးရေးနှင့် နမ့်စန် မြို့ အမှတ်(၃)ရပ်ကွက်မှ မဌေးကြည် က ရဲဘော်ဟောင်းကျေးရွာတွင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး မေးခွန်းများကို လည်းကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိစ္စ တစ်ခုချင်းစီအလိုက် ညှိနှိုင်းဆောင် ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ မေးခွန်းတွေလည်း ဖြေပြီးပါပြီ။ ပြောတာတွေ၊ တင်ပြတာတွေလည်း နားထောင်ဖြစ်ပါတယ်။ ဒီလို ပြည်သူ ကနေ ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့ လိုအပ်ချက်တွေ၊ ကိုယ့်ရဲ့ ဒုက္ခတွေ၊ ကိုယ့်ရဲ့ပူပင်သောကတွေကို တင်ပြ တယ်ဆိုတာ ကျွန်မတို့အတွက် ဂုဏ်ယူစရာပဲ။ ကျွန်မတို့အစိုးရကို မကြောက်ရွံ့ ယုံယုံကြည်ကြည်နဲ့ တင်ပြနိုင်တယ်ဆိုတာ အစိုးရတစ်ခု အတွက် အောင်မြင်ခြင်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ဆင့် ကတော့ ဒီအောင်မြင်ခြင်းဆိုတာ ပြည်သူတွေကနေပြီးတော့ ပြည်သူ တွေရဲ့ ပူပင်သောကတွေကို တင်ပြရုံ တင်မက ဒီပူပင်သောကတွေ ပျောက် ကင်းသွားအောင် လုပ်နိုင်ဖို့ဆိုတာက အစိုးရရဲ့ နောက်တစ်ဆင့်တာဝန် ဖြစ်တယ်။
 
ပြည်သူမပါဝင်ဘဲ ဖြေရှင်းလို့မရ
 
ဒါပေမယ့် ဒီလို လုပ်နိုင်ဖို့ကျတော့ ပြည်သူတွေကိုယ်တိုင်ကလည်း ပါဝင် ရမယ်။ ကျွန်မ ခဏခဏ ပြောပါတယ်။ နိုင်ငံအတွက် ကြီးမားတဲ့ကိစ္စတွေ၊ တကယ့်ကိုအရေးကြီးတဲ့ ကိစ္စတွေ ဆိုရင် ပြည်သူမပါဝင်ဘဲနဲ့ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ တချို့က အစိုးရ ပဲ အစိုးရလုပ်လို့ ပြောတယ်။ အစိုးရပဲ အစိုးရလုပ်လို့ဆိုရင် ဒါအာဏာရှင် စနစ်ကို အားပေးရာရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအားလုံး တာဝန်ယူ၊ လုပ်ချင်သလိုလုပ်ဆိုတဲ့ သဘောဖြစ်သွားတယ်။ ကိုယ်ကလည်း တာဝန်ယူရမယ်။ ကိုယ်ကတော့ တာဝန်မယူဘူး။ အစိုးရပဲလုပ်ဆိုရင် အစိုးရက လုပ်ချင်သလိုလုပ်သွားမှာ ပဲ။ တချို့တင်ပြတဲ့ကိစ္စတွေမှာလည်း လုပ်ချင်သလို လုပ်သွားတာကြောင့် ဖြစ်တဲ့အကျိုးဆက်တွေပဲ။ ဒါကြောင့် ကျွန်မတို့ ပြည်သူကနေ တင်ပြတာကို ကျေးဇူးတင်တယ်။ တတ်နိုင်သမျှ ကျွန်မတို့ ဒီဟာတွေကို ဖြေရှင်းပေး မယ်။ ကိုယ်လိုချင်တဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်းတော့ ကျွန်မ အာမမခံဘူး။ စောစောက ကျွန်မပြောသလိုပဲ ကျွန်မတို့ပြဿနာတွေကို ကိုင်တွယ် တဲ့နေရာမှာ အပေးအယူကတော့ လုပ်ရတယ်။ အလျှော့အတင်းကတော့ လုပ်ရတယ်။ ဒီလိုပုံစံနဲ့သွားမှ ကျွန်မတို့ အားလုံးအတွက် အဆင်ပြေနိုင်မှာ ပါ။ အခု ဒီမှာထိုင်နေတာတောင်မှ တစ်ယောက်ကနေ ကုလားထိုင်နှစ်ခု ကို ခွပြီးထိုင်နေတယ်ဆိုရင် ကျန်တဲ့ သူတွေအတွက် ပြဿနာဖြစ်တယ်။ တစ်ယောက်ကုလားထိုင် တစ်လုံး ဆိုရင် တစ်ယောက်ကုလားထိုင် တစ်လုံးပဲ ထိုင်ရမယ်။
 
ရိုးရိုးသားသားလုပ်
 
ဒီလိုပဲ ကျွန်မတို့ဟာ ကိုယ့်စည်း ကိုယ်စောင့်မယ်ဆိုတာ ဒါကို ပြောတာ ပါ။ သူများတစ်လုံးပဲ ထိုင်တယ်ဆိုရင် ကိုယ်လည်းတစ်လုံးပဲ ထိုင်ရမှာပါ။ ကိုယ်ကတော့ နှစ်လုံးခွထိုင်ချင်တယ်။ သူများပဲ တစ်လုံးထိုင်ဆိုရင်တော့ အဲဒါတော့ တရားတာလည်း မဟုတ် ဘူး။ မျှတတာလည်း မဟုတ်ဘူး။ တိုးတက်မှုကို အားပေးတာလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့ ပင်လုံပြည်သူလူထုနဲ့ တွေ့ဆုံပွဲကို လာရောက်ပြီးတော့ အားပေးတဲ့ ပြည်သူတွေအားလုံးကို ကျေးဇူးတင် ပါတယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်း လင်းနဲ့ ပြောတာကိုလည်း တန်ဖိုးထား ပါတယ်။ ဒီလိုပဲ ကျွန်မတို့ ပြည်သူ တွေ ဆက်ပြီးတော့ ကိုယ့်ရဲ့ပြဿနာ တွေကို ဖြေရှင်းဖို့နေရာမှာ ရိုးရိုးသား သားနဲ့ လုပ်နိုင်ကြပါစေ၊ ဆက်ပြီးတော့ လည်း လုပ်သမျှအောင်မြင်နိုင်ပါစေ လို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာ ပို့ပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း လိုက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်း သား တိုင်းရင်းသူကလေးငယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များ ဖြင့် ပင်လုံမြို့မှ ထွက်ခွာကြရာ ညနေ ပိုင်းတွင် တောင်ကြီးမြို့သို့ ပြန်လည် ရောက်ရှိကြသည်။
သတင်းစဉ်