နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကောင်စီနယ်မြေ သီရိ(၅)မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မဲစာရင်းများ ကပ်ထားကြေညာထားရှိမှု လိုက်လံကြည့်ရှု

1

 

နေပြည်တော် ဩဂုတ် ၁၄

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မဲစာရင်း များ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုသည်။

 

ကြိုဆိုနှုတ်ဆက်

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်၊ နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးညီထွန်း၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးခွင့်ရှိသူများ စာရင်းကပ်ထား ကြေညာထားရှိမှုနှင့် ရပ်ကွက် မဲရုံ(၁)အဖြစ် ဆောင်ရွက်မည့် အခြေခံပညာမူလတန်းကျောင်း အခြေ အနေအား ကြည့်ရှုသည်။

 

ကြေညာထားရှိမှုကြည့်ရှု

 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပုဗ္ဗသီရိ မြို့နယ် ဇဝနဒီပရပ်ကွက်ရှိ ဓမ္မပါလ ဓမ္မာရုံ၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထားကြေညာထားရှိမှုကို လည်း ကောင်း၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထား ကြေညာထားရှိမှုကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထား ကြေညာထားရှိမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးဓမ္မာရုံ၌ ဇေယျသိဒ္ဓိရပ်ကွက်မှ မဲပေးခွင့်ရှိသူ များစာရင်း ကပ်ထားကြေညာထားရှိမှု ကိုလည်းကောင်း ကြည့်ရှုသည်။

 

ထိုသို့ လှည့်လည်ကြည့်ရှုစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲရုံနှင့် မဲပေးနိုင်သည့် အင်အား၊ အချိန် အတိုင်းအတာဖြင့် မဲပေးနိုင်မည့် အရေ အတွက်၊ မဲဆန္ဒရှင်များ မဲပေးရာတွင် ပိုမိုကောင်းမွန်မြန်ဆန်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ သိလိုသည်များကို တာဝန် ရှိသူများအား မေးမြန်းကာ မဲစာရင်း ကပ်ထားကြေညာမှုကို ပြည်သူများ အား အသိပေးကြေညာသွားရန်လို ကြောင်း မှာကြားပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများနှင့် ဓမ္မာရုံများ၌ ရောက်ရှိနေကြသည့် ပြည်သူများအား လက်ရှိ အသက်(၁၈)နှစ်အရွယ် မဲပေး နိုင်သည့်ပုဂ္ဂိုလ်မှာ အသက်(၈၀) အရွယ်အထိဆိုလျှင် (၁၂)ကြိမ်သာ မဲပေးနိုင်ခွင့်ရှိကြောင်း၊ ပြည်သူများ အနေဖြင့် မိမိနိုင်ငံအနာဂတ်အတွက် မဲပေးရန်လိုကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတာဝန်ကို ကျေပွန်ရန် လိုကြောင်း၊ သို့မှသာ ရသင့်ရထိုက် သည့် ခံစားခွင့်များ ရရှိမည်ဖြစ် ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လည်း မဲဆန္ဒရှင်များကို ကျန်းမာရေး နှင့်အညီ မဲပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မဲစာရင်းတွင် မိမိ အမည်စာရင်း ပါ၊ မပါကို ကြည့်ရှုကြရန် လိုကြောင်း၊ မိမိနှစ်သက်ရာကို မဲပေးနိုင်ပါကြောင်း ပြောကြားသည်။

 

လက်ရှိ စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရ သီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၁၀၁၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၈၈၈၇၂ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၇၆၈၅၀၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၇၈၆၀ နှင့် ဇမ္ဗူသီရိမြို့နယ်တွင် ၇၉၇၃၇ ဦး ရှိကြောင်း သိရသည်။

 

သတင်းစဉ်