နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး (Human Papillomavirus Vaccine -HPV) စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့် အဖွင့်မိ


 

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်)

 

ဒီနေ့ဟာဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ မှတ်တိုင်သစ် စိုက်ထူ နိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။
ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ၁၃ ခုမြောက် ကာကွယ်ဆေး အဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ အိတ်ချ်ပီဗီကာကွယ်ဆေးကို တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် ကျေးရွာအနှံ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသက် (၉) နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးအားလုံး ၄၅၀,၀၀၀ ခန့်ကို စတင်ထိုးနှံပေးမယ့်အတွက် ဖြစ်ပါတယ်။
အိတ်ချ်ပီဗီကာကွယ်ဆေးဟာဆိုရင် အိတ်ချ်ပီဗီပိုးကြောင့်ဖြစ်ပွားတဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာရှိတဲ့ အမျိုး သမီးများမှာ စတုတ္ထမြောက် ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ အမျိုးသမီးများအဖို့ကတော့ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကင်ဆာ ရောဂါ ဖြစ်ပါတယ်။
စစ်တမ်းများအရ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းလုံး သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၈၄၉,၅၆၉ ဦးရှိပြီး ၎င်းတို့အနက် ၃၆၅,၃၁၁ ဦး သေဆုံးခဲ့တယ်ဆိုတာ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာလည်း သားအိမ်ကင်ဆာဖြစ်ပွားသူအမျိုးသမီး ၆,၄၇၂ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ အမျိုးသမီး ၃,၈၅၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီးဦးရေတစ်သိန်းတွင် ၂၁ ဦးခန့် ဖြစ်ပွားပြီး ၁၃ ဦး ခန့် သေဆုံးတယ်ဆိုတာ သိရတဲ့အတွက် မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။
သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေသော ပိုးများအနက် ၇၀ ရာခိုင် နှုန်းကတော့ အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုးအမျိုးအစား ၁၆ နှင့် ၁၈ ကူးစက်ခံ ရခြင်းကြောင့်ဖြစ်ပြီး ပုံမှန်ကိုယ်ခံအားကောင်းသော အမျိုးသမီးများမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် အချိန်ပိုင်းကာလအားဖြင့် ၁၅ နှစ်မှ ၂၀ နှစ်အထိ ကြာပြီးမှသာ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်လာတတ် သော်လည်း ကိုယ်ခံအားနည်းနေသော အမျိုးသမီးများ (ဥပမာ- ခုခံအား ကျဆင်းမှု ကူးစက်ရောဂါရှိနေသော အမျိုးသမီးများ) အဖို့ကတော့ ၅ နှစ်မှ ၁၀ နှစ်အတွင်း ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်စေသော အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှာကို အသက်အရွယ်ငယ်စဉ်ကတည်းက အိတ်ချ်ပီဗီကာကွယ်ဆေး စောစီး စွာ ထိုးနှံခြင်းအားဖြင့် ကာကွယ်တားဆီးနိုင်ပါတယ်။
မိန်းကလေးတွေကို အိတ်ချ်ပီဗီပိုးနဲ့ စတင်မထိတွေ့မီ အသက် (၁၅) နှစ် မတိုင်ခင် စောနိုင်သမျှစောပြီး အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် အချိန်ကာလ လုံလောက်စွာ ကြိုတင်ကာကွယ် တားဆီးနိုင်တဲ့အတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ဦးစားပေးထည့်သွင်းရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားပါတယ်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ မိန်းကလေးများကို အိတ်ချ်ပီဗီကာကွယ်ဆေး ထည့်သွင်းထိုးနှံနေသော ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ရှိနေပြီ ဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနိုင်တာကို တွေ့ရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို နှစ်အတော်ကြာ လျော့နည်းအောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါကို ကာကွယ်နိုင်တဲ့ဆေးကို မသုံးစွဲနိုင်ကြတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံခြင်းအားဖြင့် မြန်မာနိုင်ငံအား အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ဖြစ်ပွားနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု/သေဆုံးမှုကို ထိရောက်စွာ လျှော့ချနိုင်မယ့်အပြင် ဆေးဝါးကုသမှု အတွက် လူ့စွမ်းအားအရင်းအမြစ်နဲ့ ကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူလူထုအနေဖြင့်လည်း အစွမ်းထက်သော အဖိုးတန်ကာကွယ်ဆေး များ ထပ်မံရရှိမှုကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုအားကိုးလာပြီး ယုံကြည်လက်ခံလာနိုင်တဲ့အတွက် လက်ရှိထိုးနှံ တိုက်ကျွေးပေးနေတဲ့ အခြားကာကွယ်ဆေးထိုး လွှမ်းခြုံမှုများကိုလည်း ယခုထက်ပိုမို တိုးတက် ကောင်းမွန်လာအောင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းလုံး ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများမှာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ထည့်သွင်းပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လအတွင်း မွေးဖွားခဲ့တဲ့ ရည်မှန်းအသက်အုပ်စုဝင် မိန်းကလေးများအားလုံးကို တစ်ကြိမ် နှင့်တစ်ကြိမ် ၁၂ လခြား၍ ၂ ကြိမ် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
နှစ်စဉ်လည်း ဆက်လက်ပြီးတော့ အသက် (၉) နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးများအားလုံးကို စာရင်းကောက်ယူ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မိန်းကလေးတစ်ဦးအတွက် အိတ်ချ်ပီဗီ ကာကွယ်ဆေး တစ်ကြိမ်စာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဖြစ်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာမှ ၂၀ ရာခိုင်နှုန်း ပံ့ပိုးထည့်ဝင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gavi, the vaccine alliance က ၈၀ ရာခိုင်နှုန်း ကူညီကျခံမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်နောက်ပိုင်းကျရင်တော့ နိုင်ငံတော်ကပဲ အလုံးစုံကျခံရမှာ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်အသီးသီးမှ ကျေးလက်ကျန်းမာရေးဌာနခွဲ အထိ ရည်မှန်းအသက်အုပ်စုဝင် ကလေးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
ယခုဗဟိုအဆင့်တွင် ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်နေတဲ့နည်းတူ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် အသီးသီးမှာလည်း ကာကွယ်ဆေးအသစ် စတင်ထည့်သွင်းထိုးနှံခြင်း အထိမ်းအမှတ်အခမ်းအနား များကို ကာကွယ်ဆေးစတင်ထိုးနှံသည့်အချိန်နှင့် တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
ဗဟိုနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ရပ်လုံးက အိတ်ချ်ပီဗီကာကွယ် ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းအစီအစဉ်များ၊ ရည်မှန်းအသက်အုပ်စုနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော အခြားရောဂါများကို သိရှိ၍ လိုလား တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် ရည်မှန်းကလေးအားလုံး ရသင့်သည့် ကာကွယ်ဆေးမှန်သမျှကို ရရှိစေရန် ရည်ရွယ်ပါတယ်။
ဒါ့အပြင် အသက် (၃၀) နှစ်မှ အသက် (၄၉) နှစ်အထိ အမျိုးသမီးများကို လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ရှေ့ပြေးလက္ခဏာများကို စောစီးစွာ စစ်ဆေးသိရှိနိုင်ဖို့ ပုံမှန်စစ်ဆေးဖို့နဲ့ ပျောက်ကင်းအောင်ကုသဖို့ တိုက်တွန်း နိုင်မှာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးမှုကိုလည်း သိသာစွာလျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်အတွက် ထိရောက်သော အကျိုးကျေးဇူးရရှိ နိုင်မည့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ၁၃ ခုမြောက် ကာကွယ် ဆေးအဖြစ် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းအစီအစဉ်မှာ ရည်မှန်းအသက်အုပ်စုဝင် ကလေးတစ်ဦးမကျန် ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် နှီးနွှယ်ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းမှာကြားလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။