
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအစိုးရ၏
မြန်မာနိုင်ငံ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါအား လက်ခံတွေ့ဆုံ
===============================================================
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါ အား ယနေ့နံနက်ပိုင်းတွင် လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မစ္စတာ ရိုဟေးဆာဆာကာဝါက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ သည် COVID-19 ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စီမံထားပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း စွာ အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်သည်ကို တွေ့မြင်ရ၍ အထူးပင် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(National League for Democracy - NLD) ပါတီအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အများဆုံးရရှိပြီး အောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူး ဂုဏ်ပြုပါကြောင်း၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးသည့် နောက်ပိုင်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပြည်သူများ လူမှု-စီးပွား တိုးတက်မြင့်မား လာရေးအတွက် ဘက်စုံထောင့်စုံမှ ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ လေ့လာကြည့်ရှုခဲ့ပါ ကြောင်း၊ စီမံခန့်ခွဲမှုများကို အထူးပင် စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက်လည်း စနစ်တကျ စီမံ ဆောင်ရွက်ထားပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက်လည်း အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်ရရှိထားသည့် နယ်မြေဒေသများတွင် ငြိမ်းချမ်းရေး အသီးအပွင့်များ ရရှိခံစားနိုင်စေရေးအတွက် နိပွန် ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ထပ်ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက်တွင်လည်း ငြိမ်းချမ်းရေးအောင်မြင် စေရန် ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဂျပန်နိုင်ငံ အစိုးရက စေလွှတ်သော လေ့လာရေးအဖွဲ့အနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ တို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်