
နေပြည်တော် မတ် ၁၆
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် ဒေါက်တာမြင့်ထွေး၊ ဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး ရဲအောင်၊ ဦးစိုးဝင်း၊ ဦးသောင်း ထွန်း၊ ဒေါက်တာဖေမြင့်၊ သူရ ဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှု ရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
အစည်းအဝေးတွင် ဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဖွင့်အမှာစကား ပြောကြားသည်။
ရှာဖွေဖြေရှင်း
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူးများနှင့် ဗဟိုကော်မတီ ဝင် ပြည်ထောင်စုဝန်ကြီးများက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား သက်ဆိုင် ရာကဏ္ဍအလိုက် ဆောင်ရွက်သွား မည့် အစီအမံများကို ဆွေးနွေးတင်ပြ ကြရာ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံခြား ခရီးစဉ်ဆိုင်ရာကိစ္စများ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ တိုင်းရင်းသား ဘာသာစကားပေါင်းစုံဖြင့် ကျယ် ကျယ်ပြန့်ပြန့် အသိပညာပေးရေး၊ သက်ဆိုင်ရာ မြန်မာသံရုံးများမှ တစ်ဆင့် ပြည်ပရောက် တိုင်းရင်းသား များအတွက် ဖြန့်ဝေအသိပေးနိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသ ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ တစ်ရပ် ထူထောင်နိုင်ရေး၊ ဘာသာရေး အခမ်းအနားများနှင့် ပတ်သက်၍ ညွှန်ကြားလွှာများ၊ ပန်ကြားချက်များ ထုတ်ပြန်ရေး၊ သက်ဆိုင်ရာ ဒေသ အလိုက် ကျင်းပသော ဘုရားပွဲတော် များဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး သင်တန်းများ၊ အဘိဓမ္မာသင်တန်း များ၊ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများကို ရပ်ဆိုင်းစဉ်ကာလ တွင် ရုပ်မြင်သံကြား၊ အင်တာနက် စာမျက်နှာများမှတစ်ဆင့် ထုတ်လွှင့် နိုင်ရေး၊ တရားအားထုတ်လိုသူများ အတွက် ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပေးရေး၊ သင်္ကြန်ကာလတွင် ပြည်သူ များ မိမိတို့အိမ်တွင်ပင် ဂီတအနုပညာ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင် ရေး၊ ဆရာ ဆရာမများကို နွေရာသီ သင်တန်းများကို ခေတ်မီနည်းပညာ (ICT) များဖြင့် Online မှတစ်ဆင့် အဝေးရောက် သင်ကြားနိုင်ရေး၊ Quarantine လုပ်ရခြင်း၏ အကျိုးကို သိရှိစေရေးနှင့် Quarantine လုပ်ခံရ သူများ အဆင်ပြေစေရေး၊ အကျဉ်း ထောင်များတွင် ထောင်ဝင်စာ လာတွေ့သည့်ကိစ္စရပ်များ၊ သက်ကြီး ဘိုးဘွားရိပ်သာများသို့ ပြင်ပပုဂ္ဂိုလ် များ လာရောက်တွေ့ဆုံသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါ ကြောင့် စီးပွားရေးနယ်ပယ်တွင် ထိခိုက်နိုင်သည့်ကိစ္စရပ်များ၊ လယ်ယာ ထွက်ကုန်များအတွက် ဈေးကွက် အသစ် ရှာဖွေရေး၊ စက်ရုံ၊ အလုပ်ရုံ များအတွက် လိုအပ်သည့် ကုန်ကြမ်း များရရှိရေး၊ အတိုးနှုန်းလျှော့ချ ရေးနှင့် အထိခိုက်နိုင်ဆုံး လုပ်ငန်း နယ်ပယ်များကို ဦးစားပေးရွေးချယ်၍ SME များကို ထောက်ပံ့ပေးခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် စက်မှုဇုန်များ အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် အဟန့်အတားများကို ဖော်ထုတ်ရှာဖွေ ဖြေရှင်းရေးတို့ကို တင်ပြဆွေးနွေးကြသည်။
ဆုံးဖြတ်လမ်းညွှန်မှုများချမှတ်
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တင်ပြ ချက်များအပေါ် ဆုံးဖြတ်လမ်းညွှန်မှု များ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်