နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်

Image not available
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်
အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်
====================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၃
 
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တောင်ကြီးမြို့ မြို့တော် ခန်းမ၌ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးဟိုတယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
 
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
 
တက်ရောက်
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပ သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် အာဟာရကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
 
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
 
အခမ်းအနားတွင် ခဝဲခြံမျက်မမြင် ကျောင်း (ငြိမ်းချမ်းရေးတွဲလက်များ) ဂီတအဖွဲ့က “ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေး” နှင့် “မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်းတို့ဖြင့် ဂုဏ်ပြု နှုတ်ဆက်ဖျော်ဖြေကြသည်။
အားလုံးသိကြပြီးဖြစ်
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ် မြောက် မွေးနေ့အထိမ်းအမှတ် အမှာ စကားပြောကြားရာတွင် ယနေ့သည် မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ဖြစ်သည် ကို အားလုံးသိကြပြီးဖြစ်ပါကြောင်း၊ မိဘမဲ့ကလေးများသည် မိဘ၏တန်ဖိုး ကို ပို၍သိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ငယ်စဉ်ကတည်း က ဖခင်မဲ့ခဲ့ရကြောင်း၊ ဖခင်မဲ့ရသည့် အခြေအနေကို ကိုယ်တိုင်သိရှိရပါ ကြောင်း၊ ယခုကဲ့သို့ မိမိဖခင်၏မွေးနေ့ တွင် မိဘမဲ့ကလေးများကို အာဟာရ ကျွေးမွေးရသည့်အတွက် ဝမ်းသာပါ ကြောင်း၊ ကလေးငယ်များအတွက် လည်း တန်ဖိုးရှိသည့် အခမ်းအနား တစ်ခုဖြစ်စေလိုကြောင်း၊ ခဝဲခြံမှ အစ်ကို အစ်မများ သီချင်းများကို သီဆိုသွားကြသည်မှာ များစွာ ကောင်းမွန်လှပါကြောင်း၊ လူတိုင်း လူတိုင်းတွင် အင်အားရှိပါကြောင်း၊ တစ်နေရာတွင် အားနည်းသည့်အတွက် တခြားနေရာတွင် အားနည်းမသွားပါ ကြောင်း၊ လူတိုင်းလူတိုင်းတွင် အားရှိ ပြီး လူတိုင်းလူတိုင်းတွင် ကြိုးစားနိုင် သည့် အခွင့်အရေးရှိသည်ကို မှတ်သား စေလိုပါကြောင်း၊ ကလေးငယ်များကို စိတ်အားမငယ်ဘဲ စိတ်ဓာတ်ခိုင်မာ စေလိုပါကြောင်း၊ မိမိတို့၏အားနည်း ချက်များကို အားသာချက်များအဖြစ် ပြောင်းလဲရန်၊ ဘဝတွင် ပျော်ပျော် ရွှင်ရွှင်နေထိုင်ရန်၊ တစ်ယောက်နှင့် တစ်ယောက် မိတ်ဆွေကောင်းများ ကဲ့သို့ချစ်ခင်ကြရန် လိုအပ်ပါကြောင်း၊ အားလုံးကျန်းကျန်းမာမာ ချမ်းချမ်း သာသာဖြင့် မိမိတို့လိုချင်သည့် အရာ များ ဘဝတစ်လျှောက်လုံး ရကြပါစေ ဟု ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။
 
အမှတ်တရ
လက်ဆောင်ပစ္စည်းများ ပေးအပ်
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်ထောင်စုဝန်ကြီး များက ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာ သည့် ကလေးငယ်များအား အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ် ကြသည်။
 
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက် လာသည့် ကလေးငယ်များက “အောင်ဆန်းဇာနည်”ကဗျာကို သံပြိုင် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးငယ် များနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကလေးငယ်များအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် အင်းလေး ဒေသ၊ အင်းလေးကန်ပတ်ဝန်းကျင် အခြေအနေ၊ အင်းလေးကန်အတွင်း ရေဝင်ရောက်မှုနှင့် ကန်ရေပြင်အခြေ အနေ၊ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ကာ အင်းလေးဒေသ ပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသ များ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ထားရှိမှုအခြေအနေများကို ရဟတ် ယာဉ်ဖြင့် လှည့်လည်ပျံသန်းကြည့်ရှု ပြီး ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အဖွဲ့ဝင်များနှင့်အတူ အထူးလေယာဉ်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့မှ ထွက်ခွာ လာရာ မွန်းလွဲပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြသည်။
 
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ သက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်း လဆန်း ၁ ရက်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် မြန်မာပြည်အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့၌ အဘ ဦးဖာ၊ အမိ ဒေါ်စု တို့က မွေးဖွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် (၁၀၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
 
 
သတင်းစဉ်