
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အထွေထွေရွေးကောက်ပွဲတွင် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ကျင်းပသော မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု
===========================================================================================================================================================================
နေပြည်တော် အောက်တိုဘာ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ကျင်းပသည့် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည် ကြည့်ရှုသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ မဲပေးသည့်အစီအစဉ် လက်တွေ့ သရုပ်ပြသရန် စီစဉ်ထားရှိမှု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မဲရုံများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယာယီမဲရုံများ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်း၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးခြင်းနှင့် မဲလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်နှင့် မဲရုံပြင်ပ၌ ကြီးကြပ်သည့် လုပ်ငန်းများဆောင်ရွက်ရန် ဝန်ထမ်း များအား တာဝန်ပေးဆောင်ရွက်မည့် အစီအစဉ်၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များ နှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြ သည်။
လိုအပ်သည်များမှာကြား
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)၌ လက်တွေ့သရုပ်ပြ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများ အား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ခြင်း၊ နှာခေါင်းစည်း ထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုပြီး လာရောက်မဲပေးသည့် ပြည်သူများ မဲပေးရန် တန်းစီ စောင့်ဆိုင်းရာတွင် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေနိုင်ရေး၊ လက်များကို လက်သန့်ဆေးရည်ဖြင့် သန့်စင်ဆေးကြောပေးရာတွင် မှန်မှန် ကန်ကန် ဆေးကြောသန့်စင်ပေးရေး နှင့် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇမ္ဗူသီရိ မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ နမူနာပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် အမှတ်(၁)ရပ်ကွက် မဲရုံ အမှတ်(၁)၏ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြနေမှုအား ကြည့်ရှု စစ်ဆေးရာ မဲပေးရန် တန်းစီစောင့်ဆိုင်း နေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေး တာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်များသန့်စင်ခြင်း၊ နှာခေါင်းစည်း ထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ် ချိန်အတွင်း အောင်မြင်စွာမဲပေးနိုင် ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး မဲရုံပြင်ပနှင့် မဲရုံအတွင်း ခင်းကျင်းပြင်ဆင် ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက် ထားရှိရန်နှင့် သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲပေးခွင့်ရှိသူ အင်အားအနည်းအများ အလိုက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြား သည်။
တွေ့ဆုံနှုတ်ဆက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လက်တွေ့သရုပ်ပြ မဲပေး သည့် အစီအစဉ်တွင် ပါဝင်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနတို့မှ ဝန်ထမ်းများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ယနေ့ မဲပေးရာတွင် အဆင်မပြေမှုများ၊ အခက်အခဲများရှိပါက သက်ဆိုင်ရာ ဌာနများသို့ တင်ပြကြရန်နှင့် အကြံပြု လိုသည့် အချက်များရှိပါက အကြံပြု စာများ တင်ပြနိုင်ပါကြောင်း ပြောကြား ခဲ့သည်။
ယနေ့တွင် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့ သည့် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)၌ မဲပေးခွင့်ရှိသူ ၂၁၀၃ ဦး ရှိကြောင်းနှင့် နမူနာကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် အမှတ်(၁)ရပ်ကွက် မဲရုံ အမှတ်(၁)တွင် မဲပေးခွင့်ရှိသူ ၈၁၁ ဦး ရှိကြောင်း။
မဲပေးခွင့်ရှိသူ
လက်ရှိ စာရင်းများအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၅၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၇၇၈၆ ဦး၊ ပျဉ်းမနား မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၂၄၅၇ ဦး၊ လယ်ဝေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၇၆၂၀၊ ဇေယျာသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦး၊ တပ်ကုန်း မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၂၈၆၉ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦး ရှိကြောင်း သိရသည်။
သတင်းစဉ်