
နေပြည်တော် ဒီဇင်ဘာ ၆
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်(သီးသန့်) တရားရုံးတွင် တရား ရင်ဆိုင်လျက်ရှိသည့် ဦးဝင်းမြင့်သည် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၆/၂၀၂၁ ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ကို ဖောက်ဖျက်ကျူးလွန် ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကို လည်းကောင်း၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၅/၂၀၂၁ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း ကျခံစေရန်အတွက် ယနေ့တွင် ပြစ်ဒဏ်များချမှတ်ခဲ့သည်။
အလားတူ အဆိုပါတရားရုံးတွင် တရားရင်ဆိုင်လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၇/၂၀၂၁ ဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း၊ ပြစ်မှုဆိုင်ရာအမှုကြီး အမှတ် ၃၅/၂၀၂၁ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကို လည်းကောင်း ကျခံစေရန်အတွက် ယနေ့တွင် ပြစ်ဒဏ်များ ချမှတ် ခဲ့သည်။
တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန် မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာ ခံယူကြရမည်ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် တရားရုံးကချမှတ်ခဲ့သည့် ထောင်ဒဏ် ၄ နှစ်စီအနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ထောင်ဒဏ် (၂) နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁)အရကျခံရန် ကျန်ရှိသည့် ထောင်ဒဏ်(၂) နှစ်အား လက်ရှိထိန်းသိမ်းထားသည့်နေရာ၌ပင် ကျခံစေရန် အမိန့်ထုတ်ပြန် ၍ ပြစ်ဒဏ်မှ လျှော့ပေါ့လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။