
နေပြည်တော် မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြင်ပဆက်ဆံရေး ဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံ ရေးဌာန၊ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်း တို့ တက်ရောက်ကြသည်။
ဦးတည်စဉ်းစားလုပ်ဆောင်
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းမှုရှိမှ သာလျှင် ဒေသတည်ဆောက်ရေး တိုင်းပြည် တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် တိုင်းပြည်၏လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား လုပ်ဆောင် သွားရန် လိုအပ်သည့်အခြေအနေ၊ ဒေသတည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်း ဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျှင် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအထောက်အကူ ဖြစ်စေနိုင်မည့် အခြေအနေ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားသည်။
အပြန်အလှန်ဆွေးနွေး
ထို့နောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ သဘောတူညီ ကြောင်းနှင့် သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဒေသထွက်လက်ဆောင်ပစ္စည်း များ ပြန်လည်ပေးအပ်သည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြုလုပ်သွားမည်
အဆိုပါ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSPမှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေး ထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်