
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)
စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်း အုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဗိုလ်လောင်းများအား တစ်ဦး ချင်းတွေ့ဆုံကာ သင်တန်းကာလ တစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ် ရွေးချယ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း(တညင်းကုန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ တိုင်းမှူးနှင့် တာဝန်ရှိ သူများက စိုက်ပျိုးမွေးမြူရေးစခန်း အတွင်း ဥစားကြက်၊ အသားစားကြက်၊ ငါး၊ အသားတိုးဝက်၊ နို့စားနွား၊ အသားတိုး နွားနှင့် ဆိတ်များမွေးမြူထားရှိမှု အခြေ အနေ၊ ရာသီ သီးနှံနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေ၊ နွားမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် နွားချေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုလျက်ရှိသည့် အခြေအနေနှင့် ဈေးကွက်အလိုက် ရောင်းချနေမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နေ့စဉ်လူနေမှုဘဝတွင် စားရေးသည် အဓိကကျသောကြောင့် တပ်မတော်အနေ ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အပြင် ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက်လည်း ပိုလျှံသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥနှင့် နို့များကို ဒေသခံများ စားရေးအဆင် ပြေစေရန် စဉ်ဆက်မပြတ်ရောင်းချပေးရန် လိုကြောင်း၊ ရန်ကုန်မြို့၏ လူဦးရေသည် ၇ သန်းကျော်ခန့် ရှိပြီး အသား၊ ငါး၊ ဥနှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အတွင်း မွေးမြူရေးဇုန်များကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင် ရာတွင် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများလည်း ရှိသည့်အတွက် ဈေးကွက်လိုအပ်ချက်ကို သိရှိရန်လိုပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အထွက်နှုန်းကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမားရိုးကျ မွေးမြူ ရေးစနစ်များဖြင့် ကျေနပ်နေ၍မရဘဲ မွေးမြူရေးကျွမ်းကျင်သူပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ခေတ်မီနည်းစနစ်ကျန သည့် မွေးမြူရေးလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့် ဒေသတွင်း စားသုံးမှုလိုအပ်ချက်ကို Target ထား၍ ပြည့်မီအောင် ဆောင်ရွက် ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အရည် အသွေးကောင်းမွန်သည့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ကာ ဝင်ငွေ ပိုမိုရရှိစေပြီး လူနေမှုအဆင့်မြင့်မားအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားတို့၏ လူနေမှုအဆင့်အတန်း ကို မြှင့်တင်ပေးနိုင်ရန် ကုန်ထုတ်လုပ်မှု ကို နည်းပညာဖြင့်မြှင့်တင်ပြီး ကျယ်ပြန့် သည့် ဈေးကွက်နှင့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေး
အွန်လိုင်း မီဒီယာများမှလည်း တိုးတက်နေသည့် စိုက်ပျိုးမွေးမြူရေး နည်းစနစ်များကို မျက်ခြည်မပြတ် လေ့လာ၍ သုတေသနပြုဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး တပ်မတော်သားများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေး ကို ဖြည့်ဆည်းပေးနိုင်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက် များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ် ကြောင်း။
ရေရှည်တွင် အထွက်နှုန်းကောင်းမွန် ၍ အလေအလွင့်နည်းပါးပြီး ကုန်ကျစရိတ် သက်သာမှုရှိစေရန် စက်မှုလယ်ယာစနစ် သို့ အဆင့်လိုက် မဖြစ်မနေဆောင်ရွက် သွားရန်လိုကြောင်း၊ နေ့စဉ် မဖြစ်မနေ သုံးစွဲနေရသည့် အိမ်သုံးအခြေခံ သစ်သီး ဝလံများကို စိုက်ပျိုးရာတွင် ဒေသနှင့် အချိန်ကို ကိုက်ညီအောင်တွက်ချက်၍ ဆယ့်နှစ်ရာသီပတ်လုံး ထွက်ရှိအောင် ကြံဆဆောင်ရွက်ရန်လိုကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်၍ မိမိတို့၏ဒေသနှင့် နိုင်ငံ အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြု ဆောင်ရွက်နေခြင်းသည် State Building ကို ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ငါးများ မွေးမြူထားရှိမှုနှင့် ဥစားကြက်များမွေးမြူ ထားမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်