
လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့်
နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ဆောင်ရွက်နိုင်မည်
နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကို လှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက် ကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်သည်အဓိကအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အား ပြန်လည်ဖွဲ့စည်းခြင်း၊ မဲစာရင်းများအားပြန်လည်စိစစ်ခြင်း၊ တာဝန်ရှိသူ များအား ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက် ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက တက်ကြွစွာ ဖြင့် ဦးဆောင်ဆောင်ရွက်ခဲ့မှု၊ ပြည်သူများက ဝိုင်းဝန်း ကူညီဆောင်ရွက်မှုများနှင့် စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်မှု၊ အိမ်နီးချင်းနိုင်ငံများ၏ ကူညီပေးခဲ့မှုများကြောင့် ကိုဗစ် - ၁၉ တတိယလှိုင်း အား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ ကူးစက်မှုနှုန်းများစွာ လျော့နည်းလာပြီဖြစ်သဖြင့် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်တချို့ကို တာဝန်ရှိ သူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဖြေလျှော့ပေးမည်ဖြစ် ကြောင်း၊ သို့သော် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး (အိုမီခရွန်) ကူးစက်မှုအချို့ရှိခြင်းကြောင့် သတိထား ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ် -၁၉ ရောဂါကူးစက် မှုများဖြစ်ပွားခဲ့ချိန် အတွေ့အကြုံများကြောင့် ယခုအခါ ဆေးရုံများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင် နှင့် ကုသဆေးများအပြင် အခြားလိုအပ်သည်များ ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ဖြစ် ကြောင်း။
အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွား သည့် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက်မှုရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ် မှုများ ဆောင်ရွက်သည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးပြီး အားပေး ဆောင်ရွက်ပေးလျက်ရှိသဖြင့် နိုင်ငံစီးပွားရေးအတွက် များစွာ အထောက်အကူပြုကြောင်း၊ အလားတူ စက်ရုံအလုပ်ရုံများအနေဖြင့်လည်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ဆူပူအကြမ်းဖက်လုပ်ရပ်များ ကြောင့် စက်ရုံအလုပ်ရုံအချို့ ရပ်နားထားခဲ့ရသော် လည်း ယခုအခါ စက်ရုံအလုပ်ရုံအချို့မှလွဲ၍ စက်ရုံ အလုပ်ရုံအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းသွားပြီဖြစ်သဖြင့် ခရီးသွားကဏ္ဍသည်လည်း ပြန်လည်လည်ပတ်လာပြီး အဆိုပါလုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများအားလုံးနီးပါး ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်ကြောင်း၊ သို့သော် အချို့သောလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များကြောင့် ထိန်းသိမ်း ဆောင်ရွက်နေရခြင်းများရှိကြောင်း၊ လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်အောင်ဆောင်ရွက်နိုင်ခြင်း ဖြင့် နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ်
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အမြဲတမ်းဖိတ် ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိ မည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံး အချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများလုပ်ဆောင် ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည်လွှဲပြောင်း ပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့စေရန် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင် များစွာ မူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်မှ စတုတ္ထအချက်အထိ လုပ်ငန်းစဉ်များ သည် နောက်ဆုံးလုပ်ငန်းစဉ် ချောမွေ့စွာဖြင့် အောင်မြင်စေရေးအတွက် လမ်းခင်းပေးထားခြင်း ဖြစ်သဖြင့် အဆိုပါလုပ်ငန်းစဉ်လေးရပ်အား ထိခိုက် အောင် ဆောင်ရွက်မည်ဆိုပါက နောက်ဆုံးလုပ်ငန်း စဉ်အတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများ ပြောင်းလဲမည် မဟုတ်ကြောင်း။
ပိုမိုတိုးတက်အောင်ကြိုးပမ်း
ပြီးခဲ့သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလတာကာလအတွင်း ပို့ကုန်များ အထိုက် အလျောက်တင်ပို့နိုင်ခဲ့ပြီး ထိုသို့တင်ပို့ရာတွင် လယ်ယာထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်များနှင့် ပတ်သက်၍လည်း စားအုန်းဆီများ နှင့် စက်သုံးဆီများတင်သွင်းမှုကို ထိန်းသိမ်းဆောင် ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် စက်သုံးဆီများသုံးစွဲရာတွင်လည်း လုပ်ငန်းကို မထိခိုက်စေဘဲ လျှော့ချ၍ ရသည်များကို လျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုအရ ရငွေများ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ထုတ်ကုန် များယခုထက် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ထို့ကြောင့် ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန်များအား အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူပြည်တွင်း၌ လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်သည့် ထုတ်ကုန် များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ၏ GDP ကို ကုန်သွယ်မှုလုပ်ငန်း တစ်ခုတည်းဖြင့် တွက်ချက်၍မရသော်လည်း ကုန်သွယ်မှုပမာဏ များပြားလာခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်အောင် အထောက်အကူပြုနိုင်ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်များထက် အခြားကုန်ထုတ်လုပ်မှုကို ပိုမို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လို ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ကြီးဌာနများ အလိုက် အချက်အလက်များ သိမ်းဆည်းထားရှိရန် လိုအပ်မှုနှင့် ပတ်သက်၍ပြောကြားရာ၌ “ကျွန်တော် တို့ တိုင်းပြည်မှာ တစ်ချက်ဘာလဲဆိုတော့ မနေ့က စီးပွားရေးကော်မတီမှာလည်း ကျွန်တော်ပြောပါ တယ်။ Data နဲ့ပတ်သက်တဲ့ အားနည်းချက် ကျွန်တော်တို့မှာရှိတယ်။ ကျွန်တော်တို့အစိုးရတင် မဟုတ်ပါဘူး။ ဟိုအရင် အစိုးရအဆက်ဆက်လည်း ဒီလိုပါပဲ။ Data နဲ့ပတ်သက်တဲ့ အားနည်းချက်ရှိတယ်။ မှတ်တမ်းမှတ်ရာမရှိကြဘူး။ ကျွန်တော်တို့ သူများ ရဲ့ကျွန်ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေ ဖျက်ဆီးခံရတဲ့အတွက်ကြောင့်ပါ ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမိုင်းမှတ်တမ်းတွေ မရှိဘူး။ အထောက်အထားတွေ တချို့ရှာရ တော် တော် ခက်ပါတယ်။ တချို့အချက်အလက်တွေက အင်္ဂလိပ်ကနေ ရေးသားထုတ်ဝေခဲ့တဲ့ အချက်အလက် တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ ပြန်ကြည့်ရတာ ရှိပါတယ်။ ကျွန်တော်တို့ဆီက ထုတ်ပြန်တဲ့အချက် အလက်တွေမှာ တချို့ပေပေါ်မှာ ရေးတဲ့ဟာတွေ။ ပေနဲ့တင်တာကြတော့လည်း ဆေးကျမ်းတွေက ပိုများတယ်။ ကျန်တဲ့ဟာတွေ ရှိသလားဆိုတော့ မရှိဘူးတော့ မဟုတ်ဘူး ရှိတော့ရှိတယ်။ သို့သော် ဆေးကျမ်းတွေက ပိုများပါတယ်။ အကြောင်းတစ်ခုခု သိချင်လို့ ကျွန်တော်တို့လိုက်ရှာပြီဆိုရင် တော်တော် ခက်ခက်ခဲခဲရှာရတယ်။ Data တွေ။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနများအနေနဲ့ အချက် အလက်တွေကို သေချာလေးဆောင်ရွက်ပေးထား ဖို့၊ မှတ်ထားပေးဖို့ လိုပါတယ်။ ပိုဆိုးတာကတော့ ကျွန်တော်တို့က ရန်ကုန်ကနေ နေပြည်တော်ကို ရုံးတွေပြောင်းတဲ့အခါမှာ အချက်အလက်တချို့ကို မလိုပါဘူးကွာဆိုပြီး ထားပစ်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ကဖြစ်လာခဲ့တယ်။ အဲဒီတော့ဒီမှာ ကြည့်လို့ရှိရင် တချို့သောအချက်အလက်တွေ ဒီမှာ မရှိဘူး။ တချို့က ရန်ကုန်မှာ ရှိနေတယ်။ ဥပမာ အမျိုးသားစာကြည့်တိုက်ဆိုလျှင် တချို့စာရွက် စာတမ်းက ရန်ကုန်မှာရှိတယ်။ ဒီမှာမရှိဘူး။ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ တချို့ပစ္စည်း တွေရှိတယ်။ တချို့ပစ္စည်းတွေက ဒီမှာရှိတယ်။ မနေ့ တစ်နေ့ကပဲ ပြင်ဦးလွင်ကိုသွားတော့ ပြင်ဦးလွင် ဘူတာမှာရှိတဲ့ အခန်းတစ်ခန်းကို ကျွန်တော်က ငါ့ပြစမ်းပါဆိုပြီးပြောတော့ ပထမတော့ အဲဒီအခန်း ကို ပိတ်ထားတယ်။ ဖွင့်ပြစမ်းပါဆိုပြီး ဖွင့်ကြည့်တော့ အထဲမှာ ဟိုရှေးခေတ်ကဓာတ်ပုံတွေ သွားတွေ့တယ်။ မီးရထားစက်ခေါင်းပုံတွေ၊ ဘူတာပုံတွေ သွားတွေ့ တယ်။ သိပ်တန်ဖိုးရှိတယ်။
တော်တော်တန်ဖိုးရှိတဲ့ ပုံတွေ သွားတွေ့တယ်။ မှတ်တမ်းမှတ်ရာ ထားသိုမှုနဲ့ ပတ်သက်ပြီး တန်ဖိုးကို တချို့နားမလည်ဘူး။ ငါတို့ ဘယ်လိုပြောင်းလဲလာသလဲ။ ဘယ်လို ပြောင်းလဲ လာသလဲဆိုတာကို သိဖို့လိုပါတယ်။ ငါတို့ဝန်ကြီး ဌာနတွေ၊ ငါတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လို ပြောင်းလဲလာသလဲ။ ငါ့တို့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လို ပြောင်းလဲလာသလဲ။ ငါတို့ရဲ့ စီးပွားရေးပုံစံ တွေ ဘယ်လိုပြောင်းလဲလာသလဲ။ ဥပမာအားဖြင့် စိုက်ပျိုးရေးဆိုရင် စပါးနဲ့ပတ်သက်ပြီး ဘယ်လို ပြောင်းလဲသွားသလဲ။ ပဲနဲ့ပတ်သက်ပြီး ဘယ်လို ပြောင်းလဲသွားသလဲ။ ဆီနဲ့ပတ်သက်ပြီး ဘယ်လို ပြောင်းလဲသွားသလဲ။ ရော်ဘာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွားသလဲ။ ရော်ဘာ ထုတ်ကုန်ပစ္စည်း ဘယ်လိုပြောင်းလဲသွားသလဲ စသည်ဖြင့် ဒီလိုမျိုးကစပြီး ကျွန်တော်တို့တိုင်းပြည် က မှတ်တမ်းမှတ်ရာရှိဖို့လိုတယ်။ ဒီခေတ်ကပိုပြီး လွယ်ပါတယ်။ ဒီခေတ်က ကျွန်တော်တို့လက်လှမ်း မီတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်နှစ်ခု၊ သုံးခုလောက် အထိ လှမ်းပြီး Data ပြန်ကောက်လို့ရတယ်။ ဒါတွေက လုပ်ထားပြီးရင် နောင် ၁၀ နှစ်၊ ၁၅ နှစ်ကျရင် နှစ် ပေါင်း ၅၀ ဖြစ်လာမယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ် ၃၀ က Data ကို ပြန်ကောက်နိုင်လို့ရှိရင် နောင် အနှစ် ၂၀ ကျရင် အဲဒီ Data သည် နှစ် ၅၀ ကြာတဲ့ Data ဖြစ်သွားမယ်။ အဲဒီ နှစ် ၅၀ အချိန်မှာ နောက် Data ကောက်တဲ့သူတွေ ကောက်တဲ့အခါ နှစ် ၅၀ Data ကို ရတယ်ဆိုပြီး သူတို့မှာက ပိုတန်ဖိုးရှိတယ်။ ကျွန်တော်တို့ အရှေ့က အဲဒီလို Dataတွေ ထိန်းသိမ်း နိုင်မှုမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ တော်တော်ခက်ခက်ခဲခဲ လုပ်ရတာရှိတယ်။ ဒါလေး တွေကို ဝန်ကြီးဌာနများအနေနဲ့ ဒီအားနည်းချက်ကို ပြင်ပေးဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု ပြောကြား သည်။
စနစ်တကျဖြင့်တည်ဆောက်
ထို့နောက် မိမိတို့အစိုးရသည် အချိန်ကာလတို တစ်ခုအတွင်းသာ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ရေရှည် လုပ်ငန်းများထက် လတ်တလော အကောင်အထည် ဖော်ဆောင်ရွက်၍ ရသည်များကိုသာ ဦးစားပေး ဆောင် ရွက်ကြရန်လိုကြောင်း၊ အားကစားကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ကာလတိုအတွင်း ဆောင် ရွက်၍ ရသည်များကို ပထမဦးစားပေးဆောင်ရွက် လျက်ရှိပြီး ပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏ အမျိုးသားပညာရေးစီမံကိန်း (နှစ် -၃၀) အတိုင်းသာ ဆောင်ရွက်လျက်ရှိကာ ယခင်ဆောင် ရွက်ခဲ့သည့်သင်ရိုးများမှ မိမိတို့နိုင်ငံ၏ လူမှုရေးစနစ် နှင့် မကိုက်ညီသည်များကိုသာ တည်းဖြတ်ဆောင်ရွက် ခြင်းများသာရှိကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦ များ တည်ဆောက်ရာတွင်လည်း အကုန်အကျ သက်သာပြီး လက်တွေ့ဆောင်ရွက်နိုင်သည့် အဆောက်အဦများကို ပုံစံတူသာ တည်ဆောက်ကြရန် လိုကြောင်း၊ အလားတူ တက္ကသိုလ်များ၊ စာသင် ဆောင်များ၊ ခန်းမများနှင့် အားကစားခန်းမများ တည်ဆောက်ရာတွင်လည်း ရေရှည်အတွက် စဉ်းစား တွက်ချက်၍ စနစ်တကျဖြင့် တည်ဆောက်ကြရန် အတွက် တာဝန်ရှိသူများက ကြပ်မတ်ကွပ်ကဲကြရန်လို ကြောင်း မှာကြားသည်။
အတည်ပြုချက်ရယူ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက်ရယူကြသည်။
အခွန်အခများ ပြည့်ပြည့်ဝဝရရှိနိုင်ရေး ဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းပြည်၏ အခွန်အကောက်နှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွား ရေးယန္တရားများတုံ့ဆိုင်းခဲ့ရပြီး အထွေထွေဝင်ငွေ များ လျော့နည်းမှုရှိခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ အခွန်အခလျှော့ပေါ့ပေးနိုင်ရေးကိစ္စရပ်များ တင်ပြကြရာတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်၊ လျှော့ပေါ့သင့် လျှော့ပေါ့ထိုက်သည့် အခြေအနေများ ရှိမှသာ သုံးသပ်တင်ပြ ဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ပကုန်သွယ်မှုတွင် ပိုငွေပြသော်လည်း နှစ်စဉ် ဘတ်ဂျက်ရေးဆွဲရာတွင် လိုငွေပြနေကြောင်း၊ ယင်းမှာ အခွန်အကောက်များ လျာထားချက် ပြည့်မီစွာ မရရှိခြင်း၊ မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား ကွာဟချက်ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြား သုံးငွေနှင့် ပတ်သက်၍ တတ်နိုင်သမျှ ခြိုးခြံချွေတာ ကြရန်နှင့် နိုင်ငံခြားငွေပိုမိုရရှိစေရေး နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပြည်ပသို့ ပို့ကုန်များ တင်ပို့ရာတွင် ကုန်ကြမ်းတင်ပို့ ရောင်းချ ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချသွားကြရန် လိုကြောင်း၊ တိုင်းပြည်၏ သယံဇာတပစ္စည်းများအား ထိထိ ရောက်ရောက် အသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်း ရှာဖွေ ဆောင်ရွက်သွားကြရန်လိုကြောင်း။
မျှော်တွေးပြီး ဆောင်ရွက်
ကုန်သွယ်ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေနှင့် မြန်မာကျပ်ငွေတိုက်ရိုက် လဲလှယ်သုံးစွဲနိုင်ရန် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံသုံး ငွေကြေးများ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရန်အတွက် သဘော တူညီမှုများရရှိထားပြီးဖြစ်ပြီး ဆက်လက်ဆောင်ရွက် နေကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည် မျှော်တွေးပြီး ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၁၈ နှစ်နှင့်အထက် ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရန် လျာထားပြီး ကျန်းမာ ရေးဝန်ကြီးဌာန၏ တင်ပြချက်အရ ၁၈ နှစ်နှင့် အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ထိုးနှံ ပြီးစီးပြီဟု သိရကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီး သော်လည်း ကိုဗစ်စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာသွားကြရန်နှင့် တစ်နိုင်ငံလုံး၏ အမျိုးသားရေးနှင့်ဆိုင်သော အမျိုးသားအကျိုးစီးပွား ဖြစ်သည့်အတွက် တာဝန်ရှိသူများကလည်း ကြပ်ကြပ် မတ်မတ် ထိန်းသိမ်းဆောင်ရွက်သွားကြရန် လို ကြောင်း။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဝန်ကြီးဌာနပိုင် မြေနေရာများတွင် ကျူးကျော် နေထိုင်ခြင်းများ မရှိစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုအပ်သလို ကြိုတင်ထိန်းသိမ်းဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပဒေအတိုင်း ဆောင် ရွက်၍ ရသည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ မူဝါဒပိုင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ အလိုက် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ အဓိကမှာ နိုင်ငံ၏ အကျိုးစီးပွားကို ဦးတည်ဖော်ဆောင်ရန် လိုအပ်ကြောင်း။
၂၀၂၂ ခုနှစ်သည် စိန်ရတု ပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်သည် စိန်ရတု လွတ်လပ်ရေးနေ့တို့နှင့် တိုက်ဆိုင်နေကြောင်း၊ တိုင်းသူပြည်သားများအနေ ဖြင့် မိမိတို့နိုင်ငံအတွက် နိုင်ငံချစ်စိတ်၊ ဇာတိမာန် တို့ဖြင့် ဂုဏ်ယူနေစေရန် အကောင်းဆုံးလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပိုမိုအလေးပေးဆောင် ရွက်သွားကြရန်နှင့် စိန်ရတုအခမ်းအနားများ ဖြစ် မြောက်ရေးအတွက် အကောင်းဆုံးပံ့ပိုးဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်