
အားကစားသမားများအတွက် လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများပြုလုပ်နိုင်ရန် အဆင့်မီသည့် အားကစားရုံများ၊
လေ့ကျင့်ရေးကွင်းများ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်
နေပြည်တော် ဒီဇင်ဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေး ခန်းမ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသား အားကစားရုံ(၁) သုဝဏ္ဏသမိုင်းအကျဉ်း၊ အမျိုးသား အားကစားရုံ(၁)၌ ကျင်းပခဲ့သည့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအဆင့် အားကစား ပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေ၊ အမျိုးသားအားကစား ပြိုင်ပွဲရုံအား အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေအနေများအား ပါဝါပွိုင့်များ၊ video clip များဖြင့် ရှင်းလင်းတင်ပြ သည်။
စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအားကစားရုံကြီးသည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံး ဆောက်လုပ်ခဲ့သည့် အဆင့်မြင့်အားကစားရုံ တစ်ခုဖြစ်ပြီး ယနေ့အထိတိုင်လည်း အဆင့်မြင့် အားကစားရုံအဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တည်ဆောက်ပေးခဲ့ပြီး ယနေ့တိုင် ထိန်းသိမ်း ပြုပြင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံကိုလည်း ကျေးဇူး တင်ရှိပါကြောင်းနှင့် ခေတ်မီအားကစားရုံကြီးဖြစ်စေ ရေး စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းနေရမည် ဖြစ်ကြောင်း၊ အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့်ပတ်သက် ပါက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံ ကျကျ စဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ တိုးတက်ရေးသည် ချက်ချင်း ဆောင်ရွက်၍မရဘဲ အဆင့်ဆင့်ပြန်လည်ပြင်ဆင်၍ စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကာ နောင်လာ မည့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”ဟူသည်မှာ မြန်မာ့ အားကစားလုပ်ဆောင်မှုများသည် ကမ္ဘာတစ်ဝန်း ကို လွှမ်းမိုးနေရမည်ဟုမဆိုလိုဘဲ မြန်မာတို့၏ ရိုးရာအားကစားနည်းများကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ရိုးရာအားကစားနည်းများ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာ အားကစားပွဲ များတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး တို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
မြေတောင်မြှောက်ပေးရမည်
အားကစားသည် လူငယ်ကိုအခြေခံသည်ဖြစ် သဖြင့် ကျောင်းများ၊ တက္ကသိုလ်များတွင် အားကစား ပွဲများ ကျင်းပပြုလုပ်ပေးရန်နှင့် စာပေသင်ကြားမှု အချိန်ဇယားတွင် အားကစားနှင့် ကာယလှုပ်ရှားမှုကို အချိန်သတ်မှတ်ထည့်သွင်းဆောင်ရွက်ရန်နှင့် အမှန် တကယ် လုပ်ဆောင်နိုင်စေရေးအတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ် အလိုက်၊ အတန်းအလိုက် အားကစားပွဲများ၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် အားကစားပွဲများမှတစ်ဆင့် အရည်အချင်းရှိသည့် အားကစားသမားများကို စိစစ်ရွေးချယ်ဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း။
အားပေးဆောင်ရွက်ရမည်
အားကစားသမားများအတွက် လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများပြုလုပ်နိုင်ရန် အဆင့်မီသည့် အားကစား ရုံများ၊ လေ့ကျင့်ရေးကွင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားကစားသမားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတို့အတွက်လည်း စဉ်းစားဆောင်ရွက် ရမည်ဖြစ်ပြီး အားကစားသမားများ စိစစ်ရွေးချယ်ရာ ၌ သက်ဆိုင်ရာ အားကစားတစ်ခုချင်းအလိုက် ပင်ကိုယ်အရည်အသွေးကောင်းမွန်မှုအပြင် ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ထွားမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တို့ကိုလည်း ထည့်သွင်းစိစစ်ရွေးချယ်ကြရန်လို ကြောင်း၊ အားကစားကွင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေး လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့် အထိ မိုးလုံလေလုံအားကစားကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ ပွဲကြည့်စင် တို့ မဖြစ်မနေရှိရမည်ဖြစ်ပြီး အားကစားလုပ်ဆောင်မှု များကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊နိုင်ငံတော်မှ ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ အနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုရှိရန်၊ စိတ်ပါဝင်စားစွာ ဖြင့် တန်ဖိုးထားဂုဏ်ယူစွာ ယှဉ်ပြိုင်ကစားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့လက်ရွေးစင်အားကစား သမားများ၏ ဘဝ အာမခံချက်ရှိစေရေးအတွက် လည်း လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ထိုက်သင့်သည့် ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ အားကစားနှင့် သက်ဆိုင်သည့် လုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိတ်ခေါ်ဆောင်ရွက် သွားရန်လိုကြောင်း။
ဘက်ပေါင်းစုံမှ ကြိုးပမ်း
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက် နိုင်ရေး public sport area များ၊ အထောက်အကူ ပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိပြီး အားကစားမှူးများနှင့်ညှိနှိုင်း၍ နေရာ ဒေသအလိုက် အားကစားပွဲများကို လုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသအသီးသီးရှိ နိုင်ငံတော်အဆင့် ကစားပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများကိုလည်း လိုအပ်သည့် ကူညီထောက်ပံ့မှု များ ဖြည့်ဆည်းပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်(Mind Set)ကို ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့် ဆယ်စု နှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွား ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားရုံအတွင်း ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် သုဝဏ္ဏအားကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။
ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရန် လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏဘောလုံး အားကစားကွင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏဘောလုံး အားကစားကွင်း သမိုင်းအကျဉ်းနှင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု၊ လေ့ကျင့်ရေးကွင်းများ ထပ်မံ တည်ဆောက်ထားရှိမှု၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲ များ လက်ခံကျင်းပခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘောလုံးအားကစားသည် ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ်အများအပြားအားပေး သည့် အားကစားတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူ တွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယခုသုဝဏ္ဏဘောလုံး အားကစားကွင်း တွင် ဘောလုံးအားကစားတစ်ခုတည်းအတွက်သာမက ပြေးခုန်ပစ်နှင့် အခြားအားကစားနည်းများကိုပါ လေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သဖြင့် အကျိုးရှိစွာဖြင့် လေ့ကျင့်ဆောင်ရွက် ကြစေလိုကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘောလုံးအားကစားကွင်းအတွင်းရှိ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်