ကျောင်းသား ကျောင်းသူများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ပညာပြည့်ဝစွာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို နည်းလမ်းရှာ၍ ဖြည့်ဆည်း
နေပြည်တော် မေ ၃၁
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက် မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပေါ် လျက်ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ထိခိုက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ အကြမ်းဖက်မှုများကြောင့် တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ယခုအခါ အေးချမ်း သည့်အနေအထားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း။
ကိုဗစ် -၁၉ ရောဂါထိန်းချုပ်နိုင်မှု
နိုင်ငံတစ်ခုသည် ရပ်တန့်နေ၍မရဘဲ ဆောင်ရွက် ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက်နေရန် လိုကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ကို ခက်ခဲစွာဖြင့် ကျော်ဖြတ်ခဲ့ရကြောင်း၊ သို့သော်ပြည်သူ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ တာဝန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာစီမံခန့်ခွဲသည့် အဖွဲ့အစည်း အသီးသီးအပင်ပန်းခံဆောင်ရွက်ခဲ့မှု များကြောင့် လက်ရှိအချိန်တွင် ထိန်းသိမ်းနိုင်သည့် အနေအထားကို ရောက်ရှိလာခြင်းပင်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မှုအနေဖြင့် ယခုလ ၃၀ ရက် အထိ မိမိတို့နိုင်ငံတွင် ၈ သန်းကျော်ကိုစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူအနေဖြင့် ၆၁၃၃၂၆ ဦး တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူအနေဖြင့် ၁၉၄၃၄ ဦးရှိခဲ့ကြောင်း၊ ယခုအခါ ပိုးတွေ့ရာခိုင်နှုန်း ၀ ဒသမ ၁၆ ရာခိုင်နှုန်းသာရှိ ကြောင်း၊ မေ ၃၀ ရက်တွင် ကမ္ဘာတစ်ဝန်းကူးစက်မှု လူဦးရေ ၂၅၅၄၆၂ ဦးတွေ့ရှိရပြီး ပိုးတွေ့သူ စုစုပေါင်း ၅၃၁ သန်းကျော်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မိမိတို့ထက် ပိုမိုခံစားရကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်၌ အခက်အခဲဖြစ်ပေါ် နေချိန်တွင် ပြည်တွင်းမှ အဓိကပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ပြည်သူလူထုများ၊ မိတ်ဆွေ ကောင်းပီသစွာဖြင့် အကူအညီပေးခဲ့သည့် တရုတ် နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှား နိုင်ငံ၊ မလေးရှား နိုင်ငံနှင့် အခြားအကူအညီပေးခဲ့သည့် နိုင်ငံများကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေချိန်တွင် ဆူပူအကြမ်းဖက်မှုအခက်အခဲ၊ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
ပညာရေးကဏ္ဍ မြှင့်တင်မှု
ကျောင်းသား ကျောင်းသူများ ပညာသင်ကြား နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုများကြောင့် ပြန်လည် ပိတ်ထားခဲ့ရမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ အချိန်တွင် ကျန်းမာရေးဝန်ထမ်းများ၏ CDM ပြုလုပ် မှုများ၊ အကြမ်းဖက် PDF များက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ သော်လည်း ၂၀၂၂ ခုနှစ် မတ်လနောက်ဆုံးပတ် အတွင်း အတန်းတင်စာမေးပွဲများကို ကျင်းပပေးနိုင်ခဲ့ ကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး ၄ သန်း ၉ သိန်းကျော် အပ်နှံပြီးဖြစ်၍ ဆက်လက်တိုးတက် လာမည့်အခြေအနေ တွေ့ရှိရကြောင်း၊ အဆင့်မြင့် ပညာနှင့် ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များ ကိုလည်း ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများစွာ ပညာသင်ကြား လျက်ရှိသည်ကို တွေ့ရှိရကာ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် စိတ်ဓာတ်ပြင်းပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းသား ကျောင်းသူများ ငြိမ်းချမ်းစွာ ပညာ သင်ကြားနိုင်ရေးနှင့် ပညာပြည့်ဝစွာ သင်ကြားနိုင်ရေး အတွက် လိုအပ်ချက်များကို အစိုးရအနေဖြင့် နည်းလမ်းရှာ၍ ဖြည့်ဆည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးကောင်းမွန်ရန်
လိုအပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရန်လိုအပ်မှု
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုလည်း ပုံမှန် လည်ပတ်အောင် ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံတကာတွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုများ ကြောင့် စီးပွားရေးထိခိုက်မှုများရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ပြည်ပပို့ကုန်နှင့် ပတ်သက်၍ မျှော်မှန်းထားသလောက် တင်ပို့နိုင်ခဲ့ခြင်း မရှိ ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျှင် ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများသည် လည်း ဈေးကွက်ဝင်ပြီး အရည်အသွေးကောင်းမွန်မှုရှိရန်လိုကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် တိုးတက်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရ တစ်ရပ်အနေဖြင့် ရငွေရရှိမှသာလျှင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ
ဖြစ်ပွားချိန်တွင် ရငွေများနည်းပါးမှုဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်တိုးတက်မှုများ ရှိခဲ့ ကြောင်း၊ သို့သော် အပြည့်အဝရရှိခြင်း မရှိသေး ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အချို့စက်ပစ္စည်းများသည် သက်တမ်းကြာမြင့် ခြင်း၊ နည်းပညာအရ နောက်ကျခြင်းများရှိသဖြင့် စက်စွမ်းအား ပြည့်လည်ပတ်နိုင်မှု မရှိခြင်း၊ သွင်းအားစုများ ပြည့်ဝစွာမရရှိခြင်းတို့ကြောင့် အရည် အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရရှိသည့် ငွေအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ငွေများကို အတတ်နိုင်ဆုံးချွေတာသုံးစွဲရန်နှင့် မဖြစ် မနေ သုံးစွဲရမည်ဆိုပါက စည်းမျဉ်း၊ စည်းကမ်း ဥပဒေ နှင့်အညီ စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှု လိုအပ်ချက်အရ အချို့သော ပြည်ပ သွင်းကုန်တင်သွင်းခြင်းများကို ကန့်သတ်ခဲ့ရ ကြောင်း၊ သို့သော် စက်သုံးဆီ၊ စားဆီတို့နှင့်ပတ်သက် ၍ ကမ္ဘာ့ဈေးကွက်အခြေအနေအရ ဈေးနှုန်းမြင့်တက် ခြင်းများရှိခဲ့သော်လည်း လုံးဝပြတ်လပ်ခြင်းများ မရှိ အောင် စီမံခဲ့ကြောင်း။
အဆောက်အဦဆောက်လုပ်ရန်အတွက် အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သံမဏိနှင့် ဘိလပ်မြေများ ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်း များရှိကြောင်း၊ အဆိုပါ ကုန်ကြမ်းပစ္စည်းများကို အသုံးချ၍ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံနှင့် ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများကို အသေးစားစက်မှုဇုန်များ ဖော်ဆောင် ၍ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှု
နှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရန် လိုအပ်မှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ် စွမ်းအားတိုးတက်ရေးတို့နှင့် ပတ်သက်၍ “ပြီးခဲ့တဲ့ တစ်လလောက်က ကျွန်တော် ဝန်ကြီးချုပ်များကို ပြောပါတယ်။ ကိုယ့်ရဲ့ရေမြေသဘာဝကို အသုံးချပြီး တော့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်အောင် ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် နိုင်ငံတော်အတွက် များစွာ အထောက်အကူရမယ်ဆိုတာလေး ပြောလို ပါတယ်။ အဲဒီတော့ စောစောကပြောတဲ့ ရေခံမြေခံနဲ့ ပတ်သက်တာပေါ့။ ရေတွေ၊ မြေတွေ ကျွန်တော်တို့မှာ ရှိတယ်။ စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ မြေတွေရှိတယ်။ မွေးမြူရေးလုပ်ကိုင်နိုင်တဲ့မြေတွေရှိတယ်။ အဲဒီတော့ မကြာခင်ကပဲ ကျွန်တော် နေပြည်တော်ကောင်စီ နယ်မြေဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး သီးခြားအစည်း အဝေးလေး လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် ပြောပါတယ်။ ကျွန်တော်တို့က မြေကို အပြည့်အဝ အသုံးချဖို့၊ ဥပမာ စိုက်ဧက ၃၃ သန်းရှိတယ်။ သီးထပ် သီးညှပ်ပေါင်းလိုက်ရင် ဧက ၄၈ သန်းရှိတယ်။ အဲဒီတော့ သန်းပေါင်း ၁၅ သန်းလောက်က တစ်သီးပဲ စိုက်တဲ့အနေအထားရှိတယ်။ ကျန်တာက သီးထပ်သီးညှပ် စိုက်တယ်။ အဲဒီ ၁၅ သန်းလောက် က ကျွန်တော်တို့က နှစ်သီးစိုက်လို့ရအောင် ကြိုးစား ရှိရင် စိုက်ပျိုးရေးကရတဲ့ ထုတ်ကုန်ပစ္စည်းတွေ နှစ်ဆလောက် တက်လာနိုင်တာရှိတယ်။ မဖြစ်နိုင် ဘူးလို့ တွက်ပေမယ့် တကယ်လုပ်ရင်ဖြစ်ပါတယ်။ အဲ့ဒီမှာလိုတဲ့ ခုနကပြောတဲ့ မြေရယ်၊ မျိုးရယ်၊ရေရယ် ဒီဟာကိုပဲ ကျွန်တော်တို့က ဖန်တီးပေးရမှာပဲ။ အဲဒီက အခြေခံတဲ့၊ ထွက်လာတဲ့ဟာတွေကို မွေးမြူရေး လုပ်ငန်းတွေမှာ အများကြီးသုံးလို့ရမယ်။ တိရစ္ဆာန် အစားအစာတွေ အများကြီးဖြစ်လာမယ်။ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းရှိမယ်။ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း အောင်မြင်လာပြီဆိုလို့ရှိရင်၊ ဒီစိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေ အများကြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လုပ်လို့ရတယ်။ အဲ့ဒီအပေါ်မှာ တစ်ခါ စက်မှုလုပ်ငန်းသွားမယ် ဆိုရင်တော့ လျှပ်စစ်က လိုတာပေါ့။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ မိမိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစီအစဉ်နဲ့ National Grid က မဟုတ်ဘဲ ကိုယ့်ဘာသာကို လျှပ်စစ်ရအောင် ကြိုးစား ဆောင်ရွက်မယ်ဆိုလို့ရှိရင် အဲဒီလျှပ်စစ် ထွက်နိုင်တဲ့ နေရာတွေမှာ စောစောကပြောတဲ့ ကုန်ထုတ်လုပ်မှု ကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ကျွန်တော်တို့ သွားလို့ရတယ်။ မွေးမြူရေးထုတ်ကုန်၊ စိုက်ပျိုးရေး ထွက်ကုန်တွေအပေါ် အခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို သွားမယ်ဆိုလို့ရှိရင် ဒေသတွင်းမှာ ပြည်နယ်နဲ့ တိုင်း အလိုက် စက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေ ပေါလာမယ်။ ဒါက ဘာလဲဆိုတော့ ဖြစ်နိုင်တဲ့ နည်းလမ်းကို ကျွန်တော်က ပြောတာပါ။ မဖြစ်နိုင်တာ ကျွန်တော် မပြောပါဘူး။ ပြည်နယ်နဲ့တိုင်းများ ကလည်း ကိုယ့်ဒေသအလိုက် စီးပွားရေး ဇုန်လေးတွေ ကို။ ဟိုဘက် အဝေးကလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်တဲ့ဟာမျိုးတွေထက်၊ ကိုယ့်ဒေသမှာ ထွက်တဲ့ ထုတ်ကုန်ပစ္စည်းကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှု သွားတာက ပိုပြီးတော့ ကောင်းပါတယ်။ ကျွန်တော် အဲဒါ ပုသိမ်မှာ တစ်ခါပြောခဲ့ပါတယ်။ ပုသိမ်စက်မှုဇုန် သွားကြည့်ရင်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ နိုင်ငံခြား က ခေါ်မယ်၊ ပြုမယ်ဆိုတာ။ ဟုတ်ပြီ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ သို့သော်လည်းပဲ ခင်ဗျားတို့ ဒီမှာ ဆန်စက်တွေ ရှိတယ်။ ပဲတွေ စိုက်နေတယ်။ အဲဒီ တော့ အဲ့ဒီကနေ ထွက်တဲ့၊ အခြေခံတဲ့ တန်ဖိုးမြင့်ကုန် တွေ ထုတ်နိုင်ဖို့ကြိုးစား။ ဟင်းသီးဟင်းရွက်တွေ စိုက်၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်၊ အဲဒီကနေပြီး တော့ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းတွေ လုပ်မယ်ဆို လို့ရှိရင် အများကြီး အထောက်အကူရလိမ့်မယ်။ ဒါတွေက ပြည်နယ်နဲ့ တိုင်းအလိုက် အကောင် အထည်ဖော်ဖို့ လိုပါတယ်။”
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လိုအပ်မှု
အားကစားကဏ္ဍနှင့် ပတ်သက်၍ (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မိမိတို့နိုင်ငံအနေဖြင့် အဆင့် ၇ ရရှိခဲ့ကြောင်း၊ အားကစားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများကိုလည်း မိမိကိုယ်တိုင်တွေ့ဆုံအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများအနေ ဖြင့် အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ယခင်သုံးနှစ် ပြိုင်ပွဲမှတ်တမ်းများကို ကြည့်မည်ဆိုပါက ယခုအကြိမ်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲရလဒ်သည် ယခင်အကြိမ်များထက် ပိုမို ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ (၂၉) ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၉ နည်း၊ အားကစားသမား ၃၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေ ၇ ခု၊ ငွေ ၁၀ ခု၊ ကြေး ၂၀ ခု စုစုပေါင်း ၃၇ ခုရရှိခဲ့ကြောင်း၊ အကြိမ် (၃၀) မြောက်တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု စုစုပေါင်း ၇၃ ခု ရရှိခဲ့ကြောင်း၊ (၃၁)ကြိမ်မြောက်တွင် အားကစားနည်း ၂၀၊ အားကစားသမား ၂၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခင်နှစ်ထက် အားကစားနည်းနှင့် လူဦးရေ နည်းပါး ခဲ့ကြောင်း၊သို့သော် ရွှေ ၉ ခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု စုစုပေါင်း ၆၂ ခု ရရှိခဲ့ကြောင်း၊ တိုးတက်မှုရှိလာသည် ဟု ပြော၍ ရနိုင်မည်ဖြစ်ကြောင်း၊ အားကစား သည် နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့မှု ကောင်းမွန်သည့်နိုင်ငံ၊ အားပေးမှုစဉ်ဆက်မပြတ် သည့်နိုင်ငံ၊ လုံခြုံရေးနှင့် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှုရှိသည့် နိုင်ငံများသည် မိမိတို့ထက် သာလွန်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအချက်မှာ မိမိတို့နိုင်ငံ၏အခြေအနေကို မီးမောင်းထိုးပြနေခြင်း ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးကြွယ်ဝရေး အတွက်ကို ယခုထက် ပိုမိုဆောင်ရွက်ရန်၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန်၊ လုံခြုံမှုနှင့် ပဋိပက္ခများ မရှိရန် စသည့်အချက်များရှိရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ်များဖြစ်ပေါ်လာပါက ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတစ်ခု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင် ရေးအတွက် အားကစားကို အားပေးရန်လိုကြောင်း၊ လေ့ကျင့်မှုကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပြီး လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ၊ အားကစားကွင်းနှင့် အားကစားရုံများကို ကောင်းမွန် စွာဖြင့် ဖြည့်တင်းပေးရန်လိုသကဲ့သို့ အာဟာရ ပြည့်ဝအောင် ကျွေးမွေးရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း စည်းကမ်း စနစ်တကျနေထိုင်ပြီး စားသောက် နေထိုင်မှု စနစ်တကျရှိရန်လိုကြောင်း၊ အားကစား သမားများအနေဖြင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာများနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုများ အားနည်းသည်ကို တွေ့ရှိရ ကြောင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် စားသောက်မှု အပိုင်းကို ပြင်ဆင်ရန် လိုအပ်သည်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အားကစားပွဲများ ဆောင်ရွက်ရာတွင်လည်း တိုင်းပြည်အတွက်အကျိုးရှိစေရေး စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်ရန်လိုကြောင်း၊ အားကစားပြုလုပ် ခြင်းသည် ပြည်သူတစ်ဦးချင်း ကျန်းမာကြံ့ခိုင်ရေး မှသည် နိုင်ငံတကာအားကစားများအထိ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ အားကစားများ ဆောင်ရွက် ရာတွင် အဖြစ်သဘောဆောင်ရွက်ခြင်းမျိုး မပြုလုပ် ဘဲ အောက်ခြေမှအစ ကောင်းမွန်အောင် ကြိုတင် ပြင်ဆင်၍ ဆောင်ရွက်ရန်လိုကြောင်း၊ အားကစား သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝ အာမခံချက်များရှိစေရေးအတွက်လည်း ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီ အချိန်တွင်လည်း စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သဖြင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ရှိ ရေအားလျှပ်စစ်စက်ရုံများပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေ၌ နိုင်ငံခြားသားပညာရှင်များ ငှားရမ်းဆောင်ရွက်လျက်ရှိရာမှ နောင်တွင် မိမိတို့ နိုင်ငံမှ အင်ဂျင်နီယာပညာရှင်များဖြင့် အစားထိုး ဆောင်ရွက်သွားနိုင်ရေးစီစဉ် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး အတွက် အင်ဂျင်နီယာနည်းပညာရှင်များ လိုအပ် ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၊ နည်းပညာကောလိပ်များ၊ နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဗဟိုဝန်ထမ်းတက္ကသိုလ်)များတွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်း မှာ နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းများတွင် အခြေခံစစ်ပညာကို ထည့်သွင်း သင်ကြားပေးနေရခြင်းမှာလည်း နိုင်ငံ့ဝန်ထမ်းများ စည်းကမ်းတကျနေထိုင်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် သင်ကြားပေးနေခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက် ၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG + 9 ပညာရေး စနစ် ကို မသင်မနေရအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင်လည်း အဆိုပါပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ KG + 9 သင်ယူ ပြီးစီးပါက KG + 10 + 11 + 12 မှတစ်ဆင့် အဆင့်မြင့် ပညာရေးသို့ လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ စက်မှုလက်မှု အထက်တန်း ကျောင်းအပါအဝင် အသက်မွေးပညာသင်ကျောင်း များသို့ လည်းကောင်း ဆက်လက်တက်ရောက် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆိုပါ အသက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကျောင်း များမှတစ်ဆင့် ထူးချွန် ကျောင်းသား ကျောင်းသူ များကို သက်ဆိုင်ရာ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန များ ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးသွား ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာရေး နေ့သင်တန်း တက်ရောက်ခြင်းဖြင့် ကျယ်ပြန့်သည့် လူမှုဆက်ဆံရေးအသိုက်အဝန်း တည်ဆောက်နိုင်ပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ပိုမိုအားကောင်းသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေနှင့် စီးပွားရေးပညာရပ်သည် နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် တက္ကသိုလ်များတွင် အဆိုပါ ပညာရပ်များနှင့် သက်ဆိုင်သည့်ဘွဲ့၊ ဒီပလိုမာများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန် သူများအနေဖြင့် အဆင့်မြင့်အတန်းများ ဆက်လက် တက်ရောက်သွားနိုင်မည်ဖြစ်ကြောင်း။
ပညာရေးကဏ္ဍတွင် နိုင်ငံရေးရောထွေးမှု မရှိစေရန် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက် များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးတွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို သင်ကြားနိုင်သော်လည်း ပညာရေးနှင့် နိုင်ငံရေး ရောထွေး၍ မရပါကြောင်း၊ နိုင်ငံရေး ဆောင်ရွက်လို ပါက နိုင်ငံရေးနယ်ပယ်သို့ သွားရောက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်သည့် အခြေခံပညာကျောင်းများ တွင် တိုင်းရင်းသားဘာသာစာပေများကို သင်ကြား နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြစ်သည့် အတွက် မူဝါဒအပိုင်းတွင် တစ်မျိုးတည်းဖြစ်ရန် လိုအပ်ကြောင်း၊ မတူညီသည်များကို ပေါင်းစပ်ညှိနှိုင်း ရန် လိုအပ်ကြောင်း၊ မြန်မာစာ၊ မြန်မာစကားသည် ပြည်ထောင်စု၏ တရားဝင်ရုံးသုံး၊ ကျောင်းသုံးစာပေ ဖြစ်သဖြင့် နိုင်ငံသားအားလုံးအနေဖြင့် သင်ကြား တတ်မြောက်ထားရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးယန္တရားတွင် ခရိုင်ဖွဲ့စည်းမှုကို အဓိကထားစီမံဆောင်ရွက်ရသည့်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ အသစ်ထပ်မံဖွဲ့စည်းထားသည့်ခရိုင်များအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသအဖွဲ့များတွင် အရေးကြီးသည့် ဌာန ဆိုင်ရာရုံးများ အမြန်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် သွားရန်လိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ အနေဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပညာရေးကဏ္ဍနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ပိုမို အလေးထား ဦးစားပေးဆွေးနွေး ဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



